ထိုင်းလျှပ်စစ်ကားသုံး ဘက်ထရီထုတ်လုပ်မှုကဏ္ဍ အရှိန်တက်


ထိုင်းလျှပ်စစ်ကားသုံး ဘက်ထရီထုတ်လုပ်မှုကဏ္ဍ အရှိန်တက်

အီးဗီနှင့် မော်တော်ယာဉ် အစိတ်အပိုင်းများအတွက် ဒေသတွင်း ထုတ်လုပ်မှုဗဟိုချက်ဖြစ်လာစေရန် အစိုးရရဲ့  တွန်းအားပေးမှုကြောင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းမှအစ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လုပ်ငန်းအသစ်များအထိ ထိုင်းနိုင်ငံ လျှပ်စစ်ကားသုံး ဘက်ထရီဈေးကွက်သို့ ဝင်ရောက်လုပ်ကိုင်ကြပါတယ်။

GPSC

ထိုင်းမှ နိုင်ငံပိုင်လုပ်ငန်း ရေနံနှင့် ဓာတ်ငွေ့ ကုမ္ပဏီစုကြီး PTT Group ရဲ့ လက်တံတစ်ခုဖြစ်တဲ့ Global Power Synergy (GPSC) က ဘတ် ၂.၇ ဘီလျံ (ကန်ဒေါ်လာ ၇၃.၆ သန်း) အသုံးပြုပြီး အီးဗီဘက်ထရီ ထုတ်လုပ်မှုကို ထိုင်းနိုင်ငံရဲ့ အရှေ့စီးပွားရေးစင်္ကြံမှာ စက်ရုံထူထောင်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ 

GPSC ကုမ္ပဏီရဲ့  ရင်းနှီးမြှုပ်နှံမှုမှာ စက်ရုံ တည်ဆောက်ခြင်း၊ ဝယ်လက်လိုအပ်ချက်များ ဖြည့်ဆည်းရန် သုတေသန လုပ်ကိုင်ခြင်း၊ မှာကြားသည့် သတ်မှတ်ချက်များနှင့် အညီ ဘက်ထရီများ ထုတ်လုပ်ပေးခြင်းတို့ကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီများအပြင် ဆိုလာပါဝါ လျှပ်စစ်ဓာတ်အားစခန်းများမှာ စွမ်းအင်သိုလှောင်ရေးအတွက် ဘက်ထရီများလည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

GPSC  က PTT  လက်အောက်ခံလုပ်ငန်း Arun Plus နှင့် နားလည်းမှုစာချွန်လွှာကို ဖေဖော်ဝါရီလမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကုမ္ပဏီနှစ်ခု လက်တွဲပြီး အီးဗီ ဘက်ထရီများ ထုတ်လုပ်မှာ ဖြစ်ပြီး ၂၀၃၀ ခုနှစ်မှာဘက်ထရီအမျိုးမျိုး စုစုပေါင်း ၅ မှ ၁၀  GWh (gigawatt-hour)ပမာဏအထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ၎င်းပမာဏက အီးဗီအငယ်စား စီးရေ ၂၀၀,၀၀ အတွက် ဘက်ထရီတွေ ပေးအပ်ဖို့ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ 

PTT Group က ယခုနှစ် နှစ်ကုန်ချိန် မတိုင်ခင်မှာ အီးဗီ အားသွင်းရုံ  ၃၀၀ ကို ၎င်းရဲ့ စက်သုံးဆီ အရောင်းဆိုင်များမှာ ထားရှိဖို့ လုပ်ဆောင်နေပါတယ်။ 

EA

Energy Absolute (EA) က စွမ်းအင်လုပ်ငန်းသစ် ဖြစ်ပါတယ်။ EA က ဘတ် ၂ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး ဘက်ထရီတွေ တစ်နှစ်လျှင် စုစုပေါင်း ပမာဏ ၂  GWh အထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ EA ထုတ်လုပ်တဲ့ ဘက်ထရီတွေကို လျှပ်စစ်ဘတ်စ်ကား၊ လျှပ်စစ် ထရပ်ကား၊ ဖယ်ရီသင်္ဘောငယ်များမှာ အသုံးပြုမှာ ဖြစ်ပါတယ်။ EA ကလက်အောက်ခံလုပ်ငန်းတစ်ခုမှတစ်ဆင့်   ရှယ်ယာ ၇၀% ပိုင်ဆိုင်ထားတဲ့ Amita Taiwan ကလည်း  ဘက်ထရီတွေ ထုတ်လုပ်မှာ ဖြစ်ပြီး တစ်နှစ်လျှင် စုစုပေါင်း ၄၀၀ MWh (megawatt-hour) ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ 

BCPG

ပြန်လည်ပြည့်ဖြိုးမြဲ ဓာတ်အားပေးစက်ရုံ အော်ပရေတာ BCPG က  နှစ်စဉ် ၁,၀၀၀  MWh  ပမာဏအထိ ဘက်ထရီများ ထုတ်လုပ်မှာ ဖြစ်ပြီး  ဗေနေဒီယံ ရီဒေါက်စ် ဖလိုး  vanadium redox flow ဘက်ထရီ အမျိုးအစားကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ စီမံကိန်းအတွက် ဘတ် ၇၇၂ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။

Banpu 

အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ကျောက်မီးသွေးတွင်းလုပ်ငန်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ ဓာတ်အားပေးအပ်တဲ့လုပ်ငန်း Banpu  က မကြာသေးခင်က အီးဗီဘက်ထရီအတွက် ရင်းနှီးမြှုပ်နှံမှုများ မပြုရသေးခင်မှာ စင်ကာပူအခြေစိုက်  Durapower Holdings မှာ အစုရှယ်ယာ ၄၇.၆၈% ဝယ်ယူခဲ့ပါတယ်။ ၎င်းကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တရုတ်နိုင်ငံ စုကျိုမှာ လစ်သီယံအိုင်းယွန်း ဘက်ထရီစက်ရုံ ထူထောင်လုပ်ကို်ကြမှာ ဖြစ်ပါတယ်။ တစ်နှစ်လျှင် ဘက်ထရီ စုစုပေါင်း ၁,၀၀၀ MWh  ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

မက်လုံး

အီးဗီဝယ်စီးသူက အီးဗီတစ်စီးဝယ်တိုင်း ဘတ် ၁၅၀,၀၀ အထိ အစိုးရထောက်ပံ့ကြေး အလိုအလျောက် ရရှိမှာ ဖြစ်ပါတယ်။ 

အီးဗီကဏ္ဍမှာ အစိုးရက အထောက်အပံ့ မက်လုံး အမျိုးမျိုး ပေးထားတာမှာ အထူးသဖြင့် အီးဗီ ဝယ်စီးတဲ့သူတွေကို ပေးအပ်တဲ့ မက်လုံးအစီအစဉ်ကြောင့် အီးဗီ ရေပန်းစားလာချိန်မှာ အီးဗီး ဘက်ထရီ ထုတ်လုပ်ရေးကဏ္ဍမှာ ထိုင်းလုပ်ငန်းများ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြတာ ဖြစ်ပါတယ်။ 

အီးဗီရွှေနှစ်

ထိုင်းအစိုးရ ချမှတ်ထားတဲ့ ရည်မှန်းချက်မှာ ၂၀၃၀ မှာ လျှပ်စစ်မော်တော်ယာဉ် ရောင်းအားက ကားအသစ် အရောင်းပမာဏ စုစုပေါင်းရဲ့  အနည်းဆုံး ၃၀%  ရှိဖို့ ဖြစ်ပါတယ်။ 

ထိုင်းအစိုးရက အီးဗီအပေါ် စည်းကြပ်တဲ့ သွင်းကုန်ခွန်ကိုလည်း ယခင် ၈% အစား ဇွန်လ ၉ ရက်မှ စ၍ ၂% သို့ လျှော့ချ သတ်မှတ်ပေးခဲ့ပါတယ်။ တင်သွင်းတဲ့ အီးဗီကုမ္ပဏီက ပြည်တွင်းမှာ အီးဗီ ထုတ်လုပ်ဖို့ ကတိကဝတ်ပြုထားဖို့တော့ လိုပါတယ်။ 

ထောက်ပံ့ကြေးများ၊ အခွန်လျှော့ပေါ့ပေးခြင်းများတို့ကြောင့် ပြည်တွင်း အီးဗီရောင်းအား ယခုနှစ်မှာ စီးရေ ၁၀,၀၀၀ ကျော်မယ်လို့ ထိုင်းစက်မှု အသင်းချုပ်  Federation of Thai Industries - FTI က ခန့်မှန်းထားကြပါတယ်။ ယမန်နှစ် ၂၀၂၁ ခုနှစ်မှာ စီးရေ ၁,၉၅၄ မျှသာ ရောင်းချခဲ့ရပါတယ်။ 

"ဒီနှစ်မှာ EV တွေရဲ့ ဝယ်လိုအား သိသိသာသာ မြင့်တက်လာတာကို တွေ့နေရပြီး ဘက်ထရီ စျေးကွက်ထဲကို ကစားသမားတွေ အများအပြား ခုန်ဝင်အောင် တွန်းအားပေးနေတဲ့အတွက် ဒီနှစ်က အီးဗီရွှေနှစ်ပါ" လို့  Kasikokrn Research Center မှ လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားပါတယ်။ 

ထိုင်းနိုင်ငံမှာ လစ်သီယံအိုင်ယွန်း lithium-ion ဘက်ထရီ အမျိုးအစား ထုတ်လုပ်ဖို့ စိတ်အားထက်သန်မှု မရှိဘဲ ဇင့်အိုင်ယွန်း  zinc-ion ဘက်ထရီအမျိုးအစားကို ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။ အဓိက အကြောင်းရင်းက ဇင့်အိုင်ယွန်းဘက်ထရီတွေက ကုန်ကျစရိတ် သက်သာတဲ့အတွက် အီးဗီဝယ်စီးတဲ့သူတွေ ဈေးသက်သက်သာသာဖြင့် ဝယ်စီးနိုင်ကြမှာ ဖြစ်ပါတယ်။ 

ယမန်နှစ်မှာ ထိုင်းအစိုးရက အရှေ့စီးပွားရေးစင်္ကြံမှာ ဘတ် ၁၉၂ သန်း ရင်းနှီးမြှုပ်နှံပြီး ဇင့်အိုင်းယွန်း ဘက်ထရီစက်ရုံ တစ်ရုံ ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

အမျိုးသား သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးရေး ဌာနက ဇင့်အိုင်ယွန်းဘက်ထရီတွေက လစ်သီယံအိုင်းယွန်း ဘက်ထရီတွေထက် ပိုမိုဘေးကင်းတဲ့အပြင် ဂေဟမိတ်ဖက်ကျတယ်လို့ ဆိုပါတယ်။ 

ခိုင်မာသောဝယ်လိုအားနှင့် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများကြောင့်  ထိုင်းနိုင်ငံ အီးဗီ  ဘက်ထရီထုတ်လုပ်မှုစွမ်းရည်ကို ၂၀၂၂ နှစ်ကုန်တွင် အလုံးရေ ၄၃၀,၀၀ ထုတ်လုပ်တဲ့အထိ ရောက်ရှိသွားအောင်  တွန်းပို့နိုင်မှာဖြစ်ပြီး ကမ္ဘာ့ အီးဗီထုတ်လုပ်မှုပမာဏ စုစုပေါင်းရဲ့ ၃% ခန့်အထိ ရှိလာမှာ ဖြစ်ပါတယ်။ 

#MyanmarAutomobileGuide

 Telegram Channel

https://t.me/Guid4U

Source: asia.nikkei

Read 2516 times