ထိုင်း ကားတင်ပို့မှု မြင့်တက်၊ ပြည်တွင်း ရောင်းအား ဆက်လက်ကျဆင်း


ထိုင်း ကားတင်ပို့မှု မြင့်တက်၊ ပြည်တွင်း ရောင်းအား ဆက်လက်ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 ထိုင်းနိုင်ငံမှ မော်တော်ယာဥ် တင်ပို့မှုမှာယမန်နှစ်ထက်၁၂.၂% တိုးလာခဲ့ပြီး ပြည်တွင်းရောင်းအား ဆက်လက် ကျဆင်းခဲ့သည်။

ပြည်တွင်းရောင်းအား ကျဆင်းခဲ့သည်မှာ ထိုင်းမိသားစုများတွင် အိမ်ထောင်စု ကြွေးမြီ ပမာဏ မြင့်မားနေခြင်းကြောင့် ဖြစ်သည်။

 

ပြည်ပတင်ပို့မှု

တင်ပို့မှု တိုးသည်မှာ ပစ်ကပ်ဝယ်လိုအား တိုးလာခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း‌ေဒသတွင် ပစ်ကပ်ဝယ်လိုအား တိုးနေသည်။
ဩစတေးလျ၊ ဥရောပ၊ မြောက်အမေရိက၊ အလယ်ပိုင်းနှင့် တောင်အမေရိကအပါအဝင် အခြားစျေးကွက်များသည် အောက်တိုဘာလတွင် ရောင်းအား အခြေအနေ ကောင်းနေဆဲ ဖြစ်သည်ဟု  ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries(FTI) ၏ မော်တော်ယာဉ် စက်မှုလုပ်ငန်းကလပ်  Automotive Industry Club မှ ပြောကြားသည်။
ပြည်တွင်းမှာ ပစ်ကပ် ရောင်းအား ကျဆင်းသော်လည်း ပြည်ပတင်ပို့ရာတွင် လုပ်ငန်းသုံး ပစ်ကပ် pickup truck နှင့် အိမ်စီးပစ်ကပ်  PPV (pickup passenger vehicles) ၂ မျိုးစလုံး ပိုများခဲ့ပါသည်။ 
 
"ကုန်သွယ်ဖက်နိုင်ငံတွေရဲ့ စီးပွားရေးတွေ တိုးတက်‌ေကာင်းမွန်လာပြီး နိုင်ငံရပ်ခြားမှာ ဝယ်ယူသုံးစွဲနိုင်မှုစွမ်းအားက အားနည်းနေတာ ဒါမှမဟုတ် အိမ်ထောင်စုကြွေးမြီ မြင့်မားနေတာကြောင့် အကန့်အသတ် ဖြစ်နေရတာ မရှိပါဘူး။ အဲဒါကြောင့် မော်တော်ကားတင်ပို့မှု တိုးတက်မယ့် အလားအလာကို ကျွန်တော်တို့ မြင်တွေ့ရပါတယ်" ဟု FTI ဒုဥက္ကဋ္ဌနှင့် မော်တော်ကားကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။

ပြည်တွင်းရောင်းအား

ထိုင်းနိုင်ငံမှ ဘဏ်များသည် ကြွေးပြန်မဆပ်နိုင်မည့် ချေးငွေများအတွက် ကြွေးဆုံးစိုးရိမ်သောကြောင့်  မော်တော်ယဉ် ဘဏ်ချေးငွေအတွက် တင်းကျပ်သော စံနှုန်းများကို ချမှတ်ထားကြသဖြင့် ချေးငွေရဖို့ ခဲယဉ်းနေစေသည်။ အိမ်ထောင်စုကြွေးမြီကလည်း မြင့်မားနေသည်။ ထို့ကြောင့် ကားဝယ်နိုင်သည့်သူ လျော့နည်းနေပြီး ကားရောင်းအား ကျဆင်းနေသည်။
အောက်တိုဘာလတွင် ထိုင်းပြည်တွင်းမှာကား ၅၈,၉၆၃ စီး ရောင်းချခဲ့သည်။
ထိုင်းပြည်တွင်း ကားရောင်းအားသည် ယမန်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက  စက်တင်ဘာလတွင် ၁၆.၂၇%၊ အောက်တိုဘာလတွင် ၈.၇၅% ကျဆင်းသည်။

ရောင်းအားအတွက် အဓိကကျသည့် ပစ်ကပ်ကားများ အောက်တိုဘာလတွင် ယခင်နှစ်ကထက် ၃၇.၉% လျော့ကျသည်။

“နိုဝင်ဘာ ၂၉ မှ ဒီဇင်ဘာ ၁၁ ရက်အထိ ကျင်းပဖို့စီစဉ်ထားတဲ့ အကြိမ် ၄၀ မြောက် Bangkok International Motor Show က ပြည်တွင်း ကားရောင်းအားကို မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု Mr Surapong မှ ပြောကြားသည်။

 

ကားနှင့် မော်တော်ဆိုင်ကယ်များ ဇန်နဝါရီမှ အောက်တိုဘာလအထိ ပြည်တွင်း ရောင်းအား

Source Federation of Thai Industries

ထုတ်လုပ်မှုနှင့် တင်ပို့မှု

ထိုင်းပြည်တွင်း ကားထုတ်လုပ်မှုသည်လည်း အောက်တိုဘာလတွင် ကျဆင်းခဲ့သည်။ ၁၅၈,၇၄၃ စီး ထုတ်လုပ်ခဲ့ပြီး ယမန်နှစ်ထက် ၇.၀၂% လျော့နည်းသည်ဟု FTI က အချက်အလက် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံသည် Toyota နှင့် Honda အပါအဝင် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်ရေး ကုမ္ပဏီအချို့အတွက် ဒေသတွင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် တင်ပို့ရေး အခြေစိုက်စခန်းတစ်ခုဖြစ်သည်။

ထိုင်းမော်တော်ယာဥ်လုပ်ငန်းအတွက် ပြည်ပသို့ ကားများ တင်ပို့ခြင်းသည် အဓိကကျသည်။


ဇန်နဝါရီမှအောက်တိုဘာလအထိ အတွင်း အင်ဂျင် ကားများ၊ ဟိုက်ဘရစ်များ အပါအဝင် မော်တော်ကား တင်ပို့မှုသည် ယမန်နှစ်ထက်  ၁၅.၈% တိုးလာပြီး ၉၂၇,၆၂၅ စီး ထုတ်လုပ်ခဲ့သည်။

တင်ပို့မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် အစီးရေ ၁.၁ သန်း ရှိမည်ဟု ကလပ်က လျာထားသည်။  စုစုပေါင်း တန်ဖိုး ဘတ် ၁.၁ ထရီလီယံ ရှိမည်ဟု ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အစီးရေ ၁.၂ သန်း တင်ပို့ခဲ့သည်။


ကလပ်သည် ပြည်တွင်း ကားရောင်းအား ကျဆင်းနေသဖြင့် တစ်နှစ်တာ ကားထုတ်လုပ်မှုကို ယခင်က အစီးရေ ၁.၉ သန်း လျာထားခဲ့ပြီး အစီးရေ ၁.၈၅ သန်းဟု လျှော့ချလျာထားလိုက်သည်။


အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းကားထုတ်လုပ်မှုသည် ယမန်နှစ်ကထက် ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၁၅၈,၇၃၄ ထုတ်လုပ်ခဲ့သည်။
ပြည်ပတင်ပို့ရန် ထုတ်လုပ်မှုသည် ယမန်နှစ်ကထက် ၃.၅% လျော့ကျပြီး ပြည်တွင်း ရောင်းချရန် ထုတ်လုပ်မှုသည် ၁၁.၆% လျော့ကျသည်။ 
ပြည်တွင်းမှာ ပစ်ကပ် ရောင်းအားကျဆင်းသဖြင့် ပစ်ကပ် ထုတ်လုပ်မှုများ လျှော့ချထားကြသည်။

ယခုနှစ် ပထမ ၁၀ လတွင် အစီးရေ ၁.၅၄ သန်း ထုတ်လုပ်ခဲ့သည်။ ယမန်နှစ်ကထက် ၀.၆% ပိုများပါသည်။

 

စွမ်းအင်သစ်ကားများ

၂၀၂၃ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကနဦး မှတ်ပုံတင်ခဲ့သည့် စွမ်းအင်သစ် ကားစာရင်း
• Battery electric vehicle (BEV) ဘက်ထရီသုံး လျှပ်စစ်ကားစစ်စစ် ၇၇,၇၃၇ စီး
• Hybrid electric vehicle (HEV) ဟိုက်ဘရစ် အီးဗီ ၆,၆၁၃ စီး
• Plug-in hybrid electric vehicle (PHEV) ပလပ်ထိုး အားသွင်း ဟိုက်ဘရစ် အီးဗီ ၁၀,၃၈၃ စီး


၂၀၂၃ အောက်တိုဘာလတွင် ကနဦး မှတ်ပုံတင်ခဲ့သည့် စွမ်းအင်သစ် ကားစာရင်း

• Battery electric vehicle (BEV) ဘက်ထရီသုံး လျှပ်စစ်ကားစစ်စစ် ၉,၈၀၈ စီး
• Hybrid electric vehicle (HEV) ဟိုက်ဘရစ် အီးဗီ ၆,၆၁၃ စီး
• Plug-in hybrid electric vehicle (PHEV) ပလပ်ထိုး အားသွင်း ဟိုက်ဘရစ် အီးဗီ ၈၄၉ စီး

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 6723 times