ထိုင်းကားပြည်ပတင်ပို့မှု ၂.၈% ကျဆင်း
ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ၂လတာမှာ ထိုင်းနိုင်ငံက ကားစီးရေ ၁၄၉,၃၈၄ စီး တင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၂.၈% လျော့နည်းခဲ့တယ်လို့ ထိုင်းစက်မှုအသင်းချုပ် Federation of Thai Industries (FTI) ကအချက်အလက် ထုတ်ပြန်ပါတယ်။
အဓိကအကြောင်းရင်းက မော်တော်ယာဉ်သုံး ချစ်ပ်အမျိုးမျိုး အလုံအလောက် မရရှိတဲ့ပြဿနာ ဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ စစ်ပွဲကြောင့် နီကယ်၊ ပလာဒီယံနှင့်တကွ သတ္တုကုန်ကြမ်းများ တင်ပို့မှုကို ရုရှားက ရပ်ဆိုင်းထားပြီး ရုရှားပို့ကုန်များကို ဒဏ်ခတ်ပိတ်ဆို့မှုလည်း ရှိနေတာကြောင့် မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်မှုမှာ အခက်အခဲ ရှိနေပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှု ပြင်းထန်ချိန်ကစလို့ ချစ်ပ် အလုံအလောက် မရရှိတဲ့ ပြဿနာ ပေါ်ပေါက်ခဲ့ပြီး ၂၀၂၄ အထိ ဆက်ရှိနေဦးမယ်လို့ FTI တွဲဘက် ဉက္ကဋ္ဌ Surapong Paisitpattanapong က ပြောကြားပါတယ်။
ထိုင်းနိုင်ငံမှ ကားများ ပြည်ပတင်ပို့မှု ပထမ သုံးလပတ်မှာ လျော့ကျလိမ့်မယ်။ ပထမနှစ်ဝက် ကုန်ဆုံးချိန်အထိ လျော့ကျဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြောင်း Surapong က ပြောကြားပါတယ်။
ဒါပေမဲ့ ၂၀၂၂ မှာ ကားစီးရေ တစ်သန်း ပြည်ပတင်ပို့ဖို့ ရည်မှန်းချက်ကို ဆက်ဘက်ထားရှိမယ်လို့ ၎င်းက ပြောကြားပါတယ်။
ထိုင်းနိုင်ငံ ကားထုတ်လုပ်မှုက ယခင်က တစ်လလျှင် စီးရေ ၁၇၀,၀၀၀ ဝန်းကျင် ရှိခဲ့ပြီး ယခုအခါ စီးရေ ၁၅၀,၀၀၀ ဝန်းကျင်သို့ လျော့ကျနေကြောင်း ၎င်းက ပြောကြားပါတယ်။