ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုသာ Register ပြုလုပ်၍ Test Kit စစ်ဆေးခြင်း ခွင့်ပြုမည်


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေး၊ လျင်မြန်ချောမွေ့စေရေးနှင့်

ကုန်စည်စီးဆင်းမှုမှတဆင့် COVID-19 ရောဂါ မပြန့်ပွားစေရေးတို့အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးသို့ ကုန်စည်များ ဝင်ရောက်ရာတွင်လည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကုန်စည်များ ပို့ဆောင်ရာတွင်လည်းကောင်း၊

ရန်ကုန်တိုင်းဒေသကြီး၏ ဝင်/ထွက်ပေါက် (Toll Gate) များတွင် ကုန်တင်ယာဉ် ယာဉ်မောင်များနှင့်ယာဉ်နောက်လိုက်များကို COVID-19 ရောဂါပိုးကူးစက်နေခြင်းရှိ/ မရှိစစ်ဆေးရန် Test Center များ ဖွင့်လှစ်၍ စစ်ဆေးပေးနေသည့်အပြင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်လည်း Test Center ဖွင့်လှစ် စစ်ဆေးပေးလျက်ရှိပါသည်။

Test Center များ၌ စစ်ဆေးရာတွင် လွယ်ကူမြန်ဆန်မှုရှိစေရန်နှင့် လိုအပ်သော သတင်းအချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန်ရည်ရွယ်၍ ကုန်သည်စက်မှုအသင်းချုပ်မှ နည်းပညာအသုံးပြုသည့် စနစ်တစ်ခု တည်ဆောက်၍ ပံ့ပိုးကူညီလျက်ရှိပါသည်။ ထို့အပြင် မှတ်ပုံတင်စာရင်းပေးသွင်းရာတွင် ပိုမိုလွယ်ကူလျင်မြန်စွာအသုံးပြနိုင်ရန်အတွက် Call Center ထားရှိပြီး စာရင်းပေးသွင်းနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။

သို့ရာတွင် ကုန်တင်ယာဉ်မောင်းနှင်သူများ၊ ယာဉ်နောက်လိုက်များ မဟုတ်သည့်သူများမှ Call Center မှတဆင့် မှတ်ပုံတင်၍ Test Center များတွင် လာရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် တိုင်းဒေသကြီး၏ ပြင်ပသို့ သွားရောက်ခြင်းကို ယခုအချိန်ထိ ခွင့်ပြုထားခြင်းမရှိပါ။

သို့ဖြစ်ပါ၍ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် မဟုတ်သူများအနေဖြင့် Test Center များဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် Call Center မှတဆင့် Register မပြုလုပ်ကြရန်နှင့် ယင်းသို့ Registration ပြုလုပ်၍ လာရောက်စစ်ဆေးပါကလည်း ခွင့်ပြုမည်မဟုတ်ကြောင်း သိရှိရပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Read 710 times