Tesla ရှန်ဟိုင်းကားစက်ရုံ အလုံပိတ်စနစ်ဖြင့် ပြန်လည် လည်ပတ်


Tesla ရှန်ဟိုင်းကားစက်ရုံ အလုံပိတ်စနစ်ဖြင့် ပြန်လည် လည်ပတ်


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ Tesla  လျှပ်စစ်ကားများ ထုတ်လုပ်သည့် Tesla Shanghai Gigafactory စက်ရုံကို မတ်လ ၂၈ ရက်မှ စ၍ လော့ဒေါင်းချထားသဖြင့် ၂၂ ရက် ပိတ်ထားခဲ့ရပြီး ယခုအခါ လုပ်ငန်း ပြန်လည်စတင် လည်ပတ်ပါတယ်။

 ပျမ်းမျှအားဖြင့် တစ်ရက်လျှင် စီးရေ ၂,၁၀၀ ဝန်းကျင် ထုတ်လြပ်တဲ့အတွက် ၂၂ ရက်စာ စီးရေ ၄၆,၂၀၀ ထုတ်လုပ်ခြင်း မပြုခဲ့ရချေ။ ယခု ပြန်လည်စတင် လည်ပတ်တဲ့အခါ စွမ်းအားပြည့် ထုတ်လုပ်ခြင်း မပြုသေးဘဲ မေလ ၁ ရက်အထိ အလုံပိတ်စနစ် closed-loop system ဖြင့် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

  Tesla နှင့် ရှန်ဟိုင်းအာဏာပိုင်တို့ ညှိနှိုင်းသဘောတူညီချက်များအရ ယခုလို စက်ရုံ အလုပ်ပြန်စခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ရှန်ဟိုင်း လော့ဒေါင်းမှာ အကျုံးဝင်နေတဲ့ ပစ္စည်းပေးသွင်းတဲ့ လုပ်ငန်းခုရေ ၁၀၀ ဝန်းကျင်တို့လည်း အလုပ်ပြန်စခွင့်ကို ရရှိကြပါတယ်။
 
စက်ရုံကို တစ်ဆိုင်း ၁၂ နာရီဖြင့် ၂ ဆိုင်း လည်ပတ်မှာဖြစ်ပြီး လုပ်သားများ တစ်ပတ်လျှင် တစ်ရက်သာ နားရက် ရရှိမှာ ဖြစ်ပါတယ်။ 
ပုံမှန်အားဖြင့် အလုပ် ၄ ရက်ဆင်း ၂ ရက်နား၊ တစ်ရက်အလုပ်ချိန် ၈ နာရီ ဖြစ်ပါတယ်။ 


အလုံပိတ်အစီအစဉ်မှာ ပါဝင်လုပ်ကိုင်ဖို့ သဘောတူတဲ့ လုပ်သားများ အိမ်ပြန်ခွင့်မရှိဘဲ စက်ရုံမှာ မေလ ၁ ရက် အလုပ်သမားနေ့အထိ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ အိပ်ဖို့ အိပ်ရာအိတ်တစ်ခုစီ ရရှိမှာဖြစ်ပြီး စက်ရုံထဲ သတ်မှတ်ထားတဲ့ နေရာမှာ အိပ်စက်ကြရပါမယ်။ အလုပ်စစချင်း ၃ ရက်ဆက်တိုက် နှာခေါင်းတို့ဖတ်ယူပြီး nucleic acid test ဆောင်ရွက်ခြင်းကို နေ့စဉ် အစစ်ခံရပါမယ်။ တစ်ရက်လျှင် လက်နှစ်ဖက်ကို အနည်းဆုံး ၄ ကြိမ် လက်ဆေးရပါမယ်။ နေ့ဆိုင်း ၁၂ နာရီ အလုပ်ချိန် ဆင်းသူများအနေဖြင့် မနက်ပိုင်း ၂ ကြိမ် မွန်းလွဲပိုင်း ၂ကြိမ် အနည်းဆုံးအနေဖြင့် လက်ဆေးကြရပါမယ်။ ညဆိုင်းအနေဖြင့် ညဦးပိုင်း ၂ ကြိမ် ၊ သန်းခေါင်ကျော် မနက်ပိုင်းမှာ ၂ ကြိမ် အနည်းဆုံးအနေဖြင့် လက်ဆေး ရပါမယ်။

အလုပ်ချိန်ပြင်ပ အပန်းဖြေစရာ နေရာစီစဉ်ပေး ထားပါတယ်။ တစ်နေ့ အစာ ၃ နပ်ကို စက်ရုံက စရိတ်ခံပြီး ကျွေးမွေးပါတယ်။ ဆုကြေး ပျမ်းမျှတစ်ရက်ကို ယွမ် ၄၀၀ ( အမေရိကန်ဒေါ်လာ ၆၂.၆) ရရှိပါမယ်။ ရာထူးတာဝန်အပေါ် မူတည်ပြီး အလျော့အတိုး ရှိပါတယ်။
အလုံပိတ်စနစ် အစီအစဉ်မှာ လုပ်သားဦးရေ ၈,၀၀၀ ကျော် ပါဝင်မယ်လို့ ဆိုပါတယ်။ 

၂၀၁၈ မှာ Tesla Shanghai Gigafactory ကို စတင်လည်ပတ်ခဲ့ပြီး ယမန်နှစ်က Tesla ကားထုတ်လုပ်မှု စီးရေစုစုပေါင်းရဲ့ ထက်ဝက်ဝနးကျင်ကို Tesla Shanghai Gigafactory ကထုတ်လုပ် ပေးခဲ့ပါတယ်။

Read 5760 times