Tesla ကားရွေ့နေစဉ် ဗီဒီယိုဂိမ်း ပိတ်ထားရန် ပြဌာန်း


Tesla ကားရွေ့နေစဉ် ဗီဒီယိုဂိမ်း ပိတ်ထားရန် ပြဌာန်း

ဗီဒီယိုဂိမ်း‌‌တွေက ယာဉ်မောင်းများအတွက်  စိတ်အနှောင့်အယှက်ဖြစ်စေလို့ အန္တရာယ်ရှိတယ်လို့  တိုင်ကြားမှုများကြောင့် ကားရွေ့လျားနေစဉ် Tesla မော်တော်ကားများရှိ ဂိမ်းပရိုဂရမ်များကို အလိုအလျောက်ပိတ်ထားဖို့ အမေရိကန်မှ အမျိုးသား အမြန်လမ်း ယာဉ်အန္တရာယ်ကင်းရှင်းရေး ဌာန National Highway Traffic Safety Administration (NHTSA)က ပြဌာန်းလိုက်ပါတယ်။


 ကားရွေ့လျားနေချိန် ကွန်ဆိုးလ်စခရင်ပေါ်တွင် ယာဉ်မောင်းသူများ ဗီဒီယိုဂိမ်းကစားခြင်းမှ တားဆီးပိတ်ပင်ရန် မော်တော်ယာဉ်ဆော့ဖ်ဝဲကို update လုပ်မည်ဖြစ်ကြောင်း လျှပ်စစ်ကားထုတ်လုပ်တဲ့ Tesla က အသိပေးကြေညာပါတယ်။  Tesla Model 3, S, X နဲ့ Y တို့မှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။


ကားပေါ် စီးနင်း လိုက်ပါလာသူ ကစားဖို့အတွက် ဆော့ဖ်ဝဲမှာ 'Passenger Play' အင်္ဂါရပ်ကို ထည့်ပေးထားတာ ဖြစ်ပေမဲ့ ယာဉ်မောင်းကလည်း ကစားလို့ ရနေပါတယ်။ ဘေးလူက စခရင်မှာ ကစားရင်လည်း ယာဉ်မောင်း အာရုံပျံ့လွင့်စေပါတယ်လို့ NHTSA က ဆိုပါတယ်။

ဂိမ်းအင်္ဂါရပ်ကို Tesla ကား အများအပြားတို့မှာ ၂၀၂၀ ဒီဇင်ဘာလကတည်းက ထည့်သွင်းပေးထားတာဖြစ်ပြီး ယခင်က ကားကို ရပ်ထားစဉ် park mode မှာမှ ဂိမ်းကို ဖွင့်လို့ ရပါတယ်။ ယခုအခါ ယာဉ်ရွေ့လျားနေစဉ်မှာလည်း ဂိမ်းကို ဖွင့်ဆော့လို့ ရနေတာကြောင့် NHTSA က တားမြစ်လိုက်တာ ဖြစ်ပါတယ်။ 

Read 501 times