Tesla ရှန်ဟိုင်းကားစက်ရုံ အလုံးအရင်းဖြင့် Model Y  များ ပြည်ပတင်ပို့ 


Tesla ရှန်ဟိုင်းကားစက်ရုံ အလုံးအရင်းဖြင့် Model Y  များ ပြည်ပတင်ပို့ 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ တည်ရှိတဲ့ အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ ကားစက်ရုံ  Tesla Gigafactory Shanghai က ပင်လယ်ရပ်ခြား ဈေးကွက်များသို့ အလုံးအရင်းဖြင့် လျှပ်စစ်ကားများ တင်ပို့လျက်ရှိပါတယ်။

၎င်း စက်ရုံမှ ထုတ်လုပ်တဲ့ Tesla Model Y ကားစီးရေ ၇,၀၀၀ ဝန်းကျင်ကို Tesla ရဲ့ ကားများ ပြည်ပတင်ပို့တဲ့ ဆိပ်ကမ်းမှာ မြင်တွေ့ကြရပါတယ်။ ကားတွေကို ကားသင်္ဘောပေါ် မောင်းပြီး တင်ပေးလိုက်ပြီးချိန်မှာ ဆိပ်ကမ်းကို နောက်ထပ်ကားတွေ ထပ်ရောက်လာပါတယ်။

Tesla Gigafactory Shanghai က ကားထုတ်လုပ်မှုကို အရှိန်တင်ပြီး ထုတ်လုပ်နေပါတယ်။ စက်ရုံကို နည်းပညာအသစ်များဖြင့် အဆင့်မြှင့်တင်ထားပါတယ်။ 

စက်ရုံမှာ Model 3 နှင့်  Model Y တို့ကို ထုတ်လုပ်ပါတယ်။ ဇူလိုင်လ ပထမ လဝက်မှာ Model Y ထုတ်လုပ်ရေးလိုင်းကို ထုတ်လုပ်မှု ရပ်နားထားပြီး အဆင့်မြှင့်တင်ခဲ့ပါတယ်။

Model 3 ထုတ်လုပ်ရေးလိုင်းကို ဇူလိုင် ၁၈ မှာ ထုတ်လုပ်မှု ရက် ၂၀ ရပ်နားထားပြီး အဆင့်မြှင့်တင်ပါတယ်။

အဆင့်မြှင့်တင်မှုများ ပြီးစီးတဲ့အခါ Tesla Gigafactory Shanghai မှာ သီတင်းပတ် တစ်ပတ်လျှင် Model Y စီးရေ ၁၄,၀၀၀ နှင့် Model 3 စီးရေ ၇,၇၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

တွက်ချက်ကြည့်ရင် Tesla Gigafactory Shanghai မှာ တစ်ရက် စီးရေ ၃,၀၀၀ ခန့် ထုတ်လုပ်မှာဖြစ်ပြီး တစ်နှစ် စီးရေ ၁ သန်းခန့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Tesla Gigafactory Shanghai က သက်တမ်း ၂ နှစ်အတွင်းမှာ ပြည်ပတင်ပို့မှုအတွက် အချက်အချာကျတဲ့ စက်ရုံ ဖြစ်လာပါတယ်။

၂၀၂၁ မှာ Tesla ထုတ်လုပ်တဲ့ စီးရေ စုစုပေါင်းရဲ့ ၅၀% ကျော်ကို Tesla Giga Shanghai က ထုန်လုပ်ပေးခဲ့ပါတယ်။

တရုတ်ပြည်ဖြစ် Tesla ကားများကို ဩစတေးလျနှင့် ဥရောပ အပါအဝင် ကမ္ဘာတစ်လွှားရှိ ဈေးကွက်များရှိ ကြိုတင်မှာကြားထားသူများထံ ပေးပို့လျက် ရှိပါတယ်။

Wu Wa/YouTube က Tesla Gigafactory Shanghai ကုိ မျက်ခြည်မပြတ် ကြည့်ရှူနေသူ ဖြစ်ပြီး အခါအားလျော်စွာ ဒရုံးဖြင့် ဗီဒီယို မှတ်တမ်းတင်ပါတယ်။

မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုများကို တည်းဖြတ်ပြီး YouTube မှာ တင်ပြပါတယ်။ 

Tesla ကားတွေ သင်္ဘောတင်တဲ့ ဆိပ်ခံ Nangang Pier မှာ Tesla ကားများ အစီအရီ ရပ်ထားပြီး သင်္ဘောတင်ဖို့ အသင့်ပြင်ဆင်ထားတာ သူတွေ့တယ်။

အကုန်လုံး Model Y တွေချည်းပဲလို့ Wu Wa က Twitter မှာ ပြောကြားပါတယ်။ Model 3 လိုင်းက ထုတ်လုပ်မှု ရပ်ထားပြီး အဆင့်မြှင့်တင်နေတဲ့အတွက် SUV အငယ်စား Model Y များကိုသာ ထုတ်လုပ်နေတဲ့ကာလ ဖြစ်ပါတယ်။

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Source Myanmar Automobile Guide, Wu Wa/YouTube

MAG

Read 5276 times