ဘက်ထရီ မိုင် ၈၀ ပိတ်ထားပြီး ဒေါ်လာ ၄,၅၀၀ တောင်းသဖြင့် Tesla နှင့် ကားပိုင်ရှင် အငြင်းပွား


ဘက်ထရီ မိုင် ၈၀ ပိတ်ထားပြီး ဒေါ်လာ ၄,၅၀၀ တောင်းသဖြင့် Tesla နှင့် ကားပိုင်ရှင် အငြင်းပွား

 

Tesla က ဘက်ထရီရဲ့ ခရီးတာကို မိုင်၈၀ လျော့ကျနေအောင် ကုမ္ပဏီ ဆော့ဖ်ဝဲဖြင့် ပိတ်ထားပြီး ဖွင့်ပေးဖို့ ကန်ဒေါ်လာ ၄,၅၀၀ ကို ကားပိုင်ရှင်ထံမှ အတင်းအကျပ်တောင်းခံတဲ့အတွက် လူမှုကွန်ရက်မှာ ပွဲဆူသွားစေခဲ့ပါတယ်။ Tesla က ဆော့ဖ်ဝဲလ်ဖြင့် အကန့်များကို ပိတ်ထားလို့ရတဲ့ ဘက်ထရီထုပ်များဖြင့် Model S ကားများကို ရောင်းချလေ့ရှိပါတယ်။ ဥပမာအားဖြင့် Seth ဆိုတဲ့သူရဲ့ ပထမဆုံး Tesla ကားက Model S 40 ဖြစ်ပါတယ်။ ကားမှာ တပ်ဆင်ပေးထားတဲ့ ဘက်ထရီက 60 kWh ဘက်ထရီ ဖြစ်ပါတယ်။

 

ဒါပေမဲ့ ဆော့ဖ်ဝဲဖြင့် အကန့်တချို့ကို ပိတ်ထားတာကြောင့် ဘက်ထရီက 40 kWh ပဲ အလုပ်လုပ်နိုင်ပါတယ်။ 20 kWh ကို ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။ 20 kWh လျော့နည်းနေတဲ့အတွက် ကားသွားနိုင်တဲ့ ခရီးတာက ဘက်ထရီ အားအပြည့်သွင်းပြီးချိန်မှာ 20 kWh အတွက်ခရီးတာ လျော့နည်းနေပါတယ်။  Model S တွေမှာ 40 kWh ဘက်ထရီနှင့် 60 kWh ဘက်ထရီ ဆိုပြီး ၂မျိုး မသုံးပါဘူး။ 60 kWh ဘက်ထရီ တစ်မျိုးပဲ တပ်ထားပြီး ဆော့ဖ်ဝဲဖြင့် 20 kWh ကို ပိတ်ထားလိုက်ခြင်းဖြင့် ၂ မျိုး ဖြစ်နေအောင် လုပ်ထားတာ ဖြစ်ပါတယ်။

 

တကယ်လို့ ကားပိုင်ရှင်က ခရီးတာ ပိုများတာကို လိုချင်တယ်ဆိုရင် Tesla က အခကြေး ကောက်ခံပြီး ဆော့ဖ်ဝဲဖြင့် ပိတ်ထားတာကို ဖွင့်ပေးလိုက်ပါတယ်။ ဘက်ထရီက 40 kWh ကနေ 60 kWh ဖြစ်သွားပါတယ်။ တစ်နည်းပြောရရင် Model S 40 ကနေ Model S 60 အဖြစ် အဆင့်မြင့်သွားမှာ ဖြစ်ပါတယ်။ ဘက်ထရီတွေက အရည်အသွေး ပိုကောင်းလာနေတာကြောင့် 60 kWh ဘက်ထရီ မထုတ်လုပ်တော့ဘူး။ အနည်းဆုံးအနေဖြင့် 90 kWh ဘက်ထရီတွေပဲ ထုတ်လုပ်တော့တယ်ဆိုရင် ကားအဟောင်းမှာ ဘက်ထရီအသစ် လဲလှယ်တပ်ဆင်ပေးတဲ့အခါ 90 kWh ဘက်ထရီကို တပ်ပေးပြီး  60 kWh ဘက်ထရီ ဖြစ်သွားအောင် ဆော့ဖ်ဝဲဖြင့် ပိတ်ထားလိုက်ပါတယ်။

၎င်းနည်းဗျူဟာဖြင့် Tesla ကားပိုင်ရှင်တစ်ဦးထံမှ ဘက်ထရီခရီးတာ တိုးပေးဖို့ အခကြေး အတင်းအကျပ်တောင်းခံခဲ့ရာမှာ ပြဿနာ တက်ခဲ့တာ ဖြစ်ပါတယ်။ ပြဿနာတက်မယ့် Tesla ကားပိုင်ရှင်က Tesla Service Center မှာ ကားထဲမှ ကွန်ပျူတာကို အင်တာနက်ချိတ်ဖို့ အဆင့်မြင့်တင်ပါတယ်။ Tesla ကားဟောင်းတွေမှာ အင်တာနက်က 3G ကွန်ရက်အတွက် ဖြစ်နေတယ်။ 3G ကွန်ရက်က မရှိတော့ဘူး။ 4G ခေတ် ဖြစ်နေလို့ ကွန်ပျူတာကို 4G ကွန်ရက်သို့ အဆင့်မြှင့်ပါတယ်။

 

‌များမကြာမီမှာ Tesla က သူ့ကို ဆက်သွယ်ပါတယ်။ သူ့ကားမှာ အမှားအယွင်းတစ်ခု ရှိနေလို့  ကားကို အင်တာနက်မှတစ်ဆင့် လှမ်းပြင်ပေးမယ့်အကြောင်း အသိပေးပါတယ်။  Tesla က သူ့ကား ဘက်ထရီ လှမ်းပိတ်ပြီး Model S 60 ဖြစ်အောင်လုပ်လိုက်တယ်။ တစ်နည်းပြောရရင် 90 kWh ကနေ 60 kW  ဖြစ်သွားပါတယ်။ သွားနိုင်တဲ့ခရီးတာ မိုင် ၈၀ ခန့် လျော့နည်းသွားပါတယ်။

 

သူက Tesla ကို အကြောင်းစုံရှင်းပြပြီး 90 ပြန်လုပ်ပေးဖို့ ပြောပါတယ်။ သူက Tesla ကို ဝယ်စဉ်က Model S 90 အဖြစ်ဖြင့် ဝယ်ခဲ့တာ ဖြစ်ကြောင်း ပြောပေမဲ့ Tesla က 90 အဆင့်ပြန်မြှင့်လိုပါက $4,500 အရင် ပေးသွင်း လိုက်ပါလို့ ပြောကြားပါတယ်။  Tesla ပိုင်ရှင်က Tesla ဟက်ကာ Jason Hughes ကို ဆက်သွယ်ပြီး ဘက်ထရီမှာ lock ချထားတာ ဖွင့်ပေးဖို့ အကူအညီတောင်းပါတယ်။

 

Tesla ဟက်ကာတစ်ဦးဖြစ်သူ Jason Hughes က  တစ်ချိန်တုန်းက Model S 60 ဖြစ်ခဲ့ပြီး Model S 90 ဖြစ်အောင် အဆင့်မြှင့်ထားတဲ့ Tesla တစ်ပတ်ရစ်ကား ဝယ်ထားသူတစ်ဦးကို ကူညီပေးခဲ့ရာမှ Tesla က ဘက်ထရီကို ဆော့ဖ်ဝဲဖြင့် ပိတ်ထားခြင်းသာဖြစ်ကြောင်း သိသွားခဲ့ပါတယ်။ ပိတ်ထားတာကို ဘယ်လို ဖွင့်ရသလဲဆိုတာလည်း သိသွားခဲ့ပါတယ်။ 

 

Jason Hughes က တခြားသူတွေလည်း အခုလို $4,500 တောင်းခံရတဲ့ အဖြစ်မျိုး မကြုံကြရအောင် ကိစ္စရပ်ကို လူမှုကွန်ရက် ပလက်ဖောင်း Twitter မှာ တင်ပြလိုက်ပါတယ်။ ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။ ထိုသို့ ပျံ့နှံ့သွားပြီးချိန်ကျမှ Tesla က ပြဿနာတက်နေတဲ့ ကားပိုင်ရှင်ထံ ဆက်သွယ်လာပြီး အဆင်ပြေအောင် လုပ်ပေးမယ့်အကြောင်း ကြောကြားပါတယ်။ ပြဿနာပြေလည်သွားခဲ့ပါတယ်။

 

Source Electrek

#MyanmarAutomobileGuide

Telegram Channel  https://t.me/Guid4U

Read 28318 times