Tesla က ကမ္ဘာ့အကြီးဆုံး ပုံဖိသွန်းစက်များဖြင့် Cybertruck ထုတ်လုပ်မည်
Tesla မှာ Giga Press လို့ အမည်ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး ပုံဖိသွန်းစက်များကို ရရှိထားပြီး Cybertruck ကိုယ်ထည်အတွက် ၎င်းစက်ကို အသုံးပြုမှာ ဖြစ်ပါတယ်။
ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း Tesla က မော်တော်ယာဉ် ကိုယ်ထည်ပိုင်း ထုတ်လုပ်မှုကို များစွာရိုးရှင်းလွယ်ကူစေရန်အတွက်
အရွယ်စား ပိုကြီးမားတဲ့အစိတ်အပိုင်းများကုိ ပုံဖိသွန်းနိုင်စေဖို့ ပုံဖိသွန်းခြင်းနှင့် သတ္တုစပ်နည်းပညာပိုင်းမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
ကုမ္ပဏီက ကမ္ဘာ့အကြီးမားဆုံး ဖိပုံသွန်းစက် အချို့ကို ရရှိထားပြီ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ သန်းချီတန်တဲ့ ဖိပုံသွန်းစက်ကြီးများကို ကမ္ဘာ့ထိပ်တန်း ဖိပုံသွန်းစက် ထုတ်လုပ်ရေးလုပ်ငန်း Idra က ထုတ်လုပ်ပေးခဲ့ပါတယ်။
Tesla ရဲ့ အဦးဆုံး Giga Press ကို အမေရိကန်နိုင်ငံမှာ တည်ရှိတဲ့ Gigafactory Fremont စက်ရုံမှာ တပ်ဆင်ထားပါတယ်။ ၂၀၂၀ မှာ စတင်သုံးစွဲပါတယ်။ စက်ကြီးရဲ့ဖိညှပ်တဲ့ အားက 55,000 ~ 61,000 kilonewtons (5,600 ~ 6,200 tf) ရှိပါတယ်။
Tesla ရဲ့ Model Y ကားကိုယ်ထည်နောက်ပိုင်းမှာ တပ်ဆင်ရတဲ့ အစိတ်အပိုင်း ၇၀ ခုကို တစ်ခုတည်းအဖြစ် တစ်ဆက်တည်းဖြစ်နေအောင် ဖိပုံသွန်းစက်ကြီးက ထုတ်လုပ်ပေးပါတယ်။ အစိတ်အပိုင်း ၇၀ ခု ထုတ်လုပ်ရခြင်း၊ ၎င်းအစိတ်အပိုင်းများကို နေရာတကျ တွဲဖက်တပ်ဆင်ရခြင်းများ ပြုလုပ်နေဖို့ မလိုတော့ဘဲ တစ်ခုတည်းအဖြစ် ထုတ်လုပ်ပေးပါတယ်။
Gigafactory Texas စက်ရုံအတွက်လည်း ဖိပုံသွန်းစက်ကြီးများ မှာယူပြီး စက်ရုံမှာ တပ်ဆင်ထားပါတယ်။ စက်ရုံအသစ်ဖြစ်တဲ့ Gigafactory Texas မှာ ယခုအခါ Model Y ကားများကို စတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ကားနောက်ခြမ်းအတွက် ကိုယ်ထည်တစ်ပိုင်း၊ ရှေ့ခြမ်းအတွက် ကိုယ်ထည်တစ်ပိုင်း ထုတ်လုပ်ပါတယ်။
Tesla ရဲ့ မော်ဒယ်အသစ်ဖြစ်တဲ့ Cybertruck ကိုယ်ထည်အတွက် Giga Press စက်ကြီးများကို ထုတ်လုပ်ထားပြီးပြီ ဖြစ်ပြီး စမ်းသပ်မှုများ ဆောင်ရွက်လျက် ရှိပါတယ်။ Cybertruck ကိုယ်ထည်ကို အလွန်တရာ မာကြောတဲ့ စတိန်းလက်စ်စတီးသားဖြစ်တဲ့ Ultra-Hard 30X Cold-Rolled stainless-steel ကို သုံးစွဲမှာ ဖြစ်လို့ ဖိပုံသွန်းစက် အပြင်းစား လိုအပ်ပြီး ကားကိုယ်ထည်တစ်ခုစာ ဖိပုံသွန်းနိုင်အောင် ကြီးမားဖို့လည်း လိုအပ်ပါတယ်။
Cybertruck ကို ၂၀၂၃ မှာ စတင်ထုတ်လုပ်မယ်လို့ အသိပေးကြေညာထားပါတယ်။
MyanmarAutomobileGuide