Tesla ကားများကို တရုတ်ပြည်ရှိ မြို့အချို့တွင် သွားလာခွင့်ပိတ်ပင်


Tesla ကားများကို တရုတ်ပြည်ရှိ မြို့အချို့တွင် သွားလာခွင့်ပိတ်ပင်

Tesla  ကားများကို တရုတ်ကမ်းရိုးတန်းရှိ ဘေဒိုင်းဟို( Beidaihe) ခရိုင်အတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ထားမှာ ဖြစ်ပါတယ်။

အဆိုပါကမ်းခြေခရိုင်ဟာ နွေရာသီတွင် ပါတီခေါင်းဆောင်များ နှစ်စဉ် လျို့ဝှက်အစည်းအဝေး ကျင်းပရာ နေရာ ဖြစ်ပါတယ်။ Tesla  ကားများ ဘေဒိုင်းဟို ခရိုင်အတွင်းသို့ ဝင်ရောက်ခြင်းကို လာမယ့် ဇူလိုင် ၁ ရက်မှစ၍ ၂ လတိုင်တိုင် တားမြစ်ထားမှာ ဖြစ်ကြောင်း ဒေသခံ ယာဉ်ထိန်းရဲတပ်ဖွဲ့က ရိုက်တာသတင်းဌာနကို တနင်္လာနေ့(ဇွန် ၂၀ ရက်)မှာ အတည်ပြု ပြောကြားပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ် ဇွန်လဆန်းတုန်းက ချန်ဒူးမြို့ရဲ့ မြို့လယ်ပိုင်း လမ်းအချို့မှာ Tesla ကားတွေကို ဝင်ခွင့်မပြုဘဲ တားမြစ်ခဲ့ပါတယ်။  တရုတ် သမ္မတ ရှီကျင့်ဖျင်က မြို့ကို အလည်အပတ် ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ဘေဒိုင်းဟို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ယခုလို Tesla  ကားများကို ဘာကြောင့် တားမြစ်ရသလဲ ဆိုတာ မရှင်းပြပေမဲ့ အမျိုးသားရေးအတွက် စိုးရိမ်စရာလို့ ဆိုပါတယ်။ များမကြာခင် တားမြစ်မိန့်ကို ထုတ်ပြန်ကြေညာမယ်လို့လည်း သူက ပြောပါတယ်။ သူ့အမည်ကို သတင်းမှာ မဖော်ပြဖို့ကိုလည်း တားမြစ်ပါတယ်။

ပေကျင်းမြို့တော်ရဲ့ အရှေ့ဘက်မှာ တည်ရှိတဲ့ဘေဒိုင်းဟိုခရိုင်ရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမှာ အစဉ်အလာအားဖြင့် တရုတ်နိုင်ငံရဲ့  အကြီးတန်းခေါင်းဆောင်များက နွေရာသီတံခါးပိတ် အစည်းအဝေးကို ကျင်းပလေ့ ရှိပါတယ်။ အစည်းအဝေး ကျင်းပတဲ့ရက်များကို တရားဝင် ကြေညာခြင်း မပြုပါဘူး။

ချန်ဒူးမြို့မှာ Tesla ကားတွေ တားမြစ်တာကို တရားဝင် ကြေညာခြင်း မပြုပါဘူး။ မြို့ရဲ့ အချို့ ဧရိယာတွေမှာ ယာဉ်ထိန်းရဲတွေက Tesla ကား‌ေတွကို တားမြစ်ပြီး ကွေ့ခိုင်းတဲ့ ဗီဒီယိုတွေ ဆိုရှယ်မီဒီယာမှာ  တင်ကြလို့ သိကြရတာ ဖြစ်ပါတယ်။

ယခင်နှစ်က တရုတ်စစ်တပ်က Tesla ကားတွေ တပ်နယ်မြေထဲ ဝင်ရောက်ခြင်းကို တားမြစ်ခဲ့ပါတယ်။ ကား‌မှာ ကင်မရာတွေ တပ်ဆင်ထားတဲ့အတွက် လုံခြုံရေးထိခိုက်မှာ စိုးရိမ်ရလို့ တားမြစ်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုစဉ်က Tesla ရဲ့ စီအီးအို အဲလွန် မတ်စ်က Tesla ကားတွေက တရုတ်ပြည်အပါအဝင် ဘယ်နိုင်ငံမှာမှ စပိုင်မလုပ်ပါဘူးလို့ ရှင်းပြခဲ့ပါတယ်။ စပိုင်လုပ်ခဲ့ရင် ကုမ္ပဏီ ပိတ်သိမ်းခံရလိမ့်မယ်လို့ သူက ပြောပါတယ်။ 

လအတန်ကြာပြီးချိန်မှာ တရုတ်နိုင်ငံမှာ ရောင်းချတဲ့ကားများထံမှ ဒေတာများ အားလုံးကို တရုတ်နိုင်ငံအတွင်းမှာသာ သိမ်းဆည်းထားကြောင်း Tesla က ပြောကြားခဲ့ပါတယ်။

ကားထုတ်လုပ်ရေး လုပ်ငန်းများက ကားပတ်ပတ်လည် ပတ်ဝန်းကျင်ကို ကားက သိနေနိုင်အောင် ကင်မရာတွေ၊ စင်စာတွေ၊ ရေဒါတွေ၊ လိုင်ဒါတွေ တပ်ဆင်ပေးထားကြပါတယ်။ ကားပတ်ပတ်လည်ကို ပုံရိပ်ဖော်ပါတယ်။ အဲဒီဒေတာတွေ ပုံရိပ်တွေကို ဘယ်လို အသုံးပြုသလဲ၊ ဘယ်ကို ပေးပို့သလဲ၊ မပေါက်ကြားအောင် ဘယ်လို ထိန်းချုပ်သလဲ ဆိုတာတွေကို ကားကုမ္ပဏီတွေက အသိပေးပြောကြားခြင်း မပြုကြတာဟာ အားနည်းချက်ဖြစ်နေပါတယ်။ 

#MyanmarAutomobileGuide 

 

MAG

Read 15266 times