Tesla က ကားသင်္ဘော ၁၂ စီးဖြင့် ကားများ ပို့ဆောင်လျက်ရှိ


Tesla ရဲ့ ကားအသစ်တွေ သယ်ဆောင်ထားတဲ့ သင်္ဘော ၂ စီးက အမေရိကန် ကယ်လီဖိုးနီးယားမှ အာရှသို့ သွားနေပြီး နောက်ထပ် ကားသင်္ဘော ၁၀ စီးက တရုတ်နိုင်ငံ ရှန်ဟိုင်းမှ ဥရောပသို့ သွားနေပါတယ်။

ယခု စတုတ္ထ သုံးလပတ်မှာ Tesla က စီးရေစံချိန်တင် ပေးပို့လျက်ရှိပါတယ်။

ရှန်ဟိုင်းမြို့မှ Tesla ရဲ့ စက်ရုံ Giga Shanghai ဝင်းထဲမှာ ထုတ်လုပ်ပြီးသား ကားအသစ်တွေ အစီအရီရပ်ထားတာ အောက်တိုဘာလ ၂၈ ရက်မှာ ဒရုံးဖြင့် ကောင်းကင်မှ ရိုက်ထားတဲ့ မှတ်တမ်းများအရ စီးရေ ၂,၁၅၀ ရှိပါတယ်။

အမေရိကန် Fremont စက်ရုံမှာလည်း ကားသယ်တဲ့ ထရပ်ကား အဝင်အထွက် ပျားပန်းခတ်မျှ အလုပ်များနေတာကို ဒရုံးမှတ်တမ်းဗီဒီယိုမှာ ဖော်ပြနေပါတယ်။ ကားအများစုက  Model S နဲ့ Model X တွေ ဖြစ်ပါတယ်။

 Giga Shanghai မှာ နေ့စဉ် Model Y crossover စီးရေ ၁,၆၀၀ ကျော်နဲ့ Model 3 sedan စီးရေ ၂,၀၀၀ ကျော် ထုတ်လုပ်လျက် ရှိပါတယ်။ တရုတ်ပြည်တွင်း ဈေးကွက်အတွက်ထက် ပြည်ပတင်ပို့မယ့်ကားတွေကို ဦးစားပေး ထုတ်လုပ်နေပါတယ်။

 

 

ပြည်ပ တင်ပို့အတွက် ကားတွေကို မောင်းပြီးတင် မောင်းပြီးချတဲ့ ကားသင်္ဘော (ro-ro (roll on-roll off)) ၁၂ စီးဖြင့် ဥရောပနှင့် အာရှသို့ ပို့ဆောင်လျက် ရှိပါတယ်။

ထူးတာက ရှန်ဟိုင်းနဲ့ အလှမ်းမဝေးတဲ့ တိုင်ဝမ်သို့ တင်ပို့မယ့်ကားတွေကို ရှန်ဟိုင်းမှာ ထုတ်လုပ်ခြင်းမပြုနိုင်တဲ့အတွက် ဝေးလံတဲ့ အမေရိကန်မှာ ထုတ်လုပ်ပြီး အနောက်ဘက်ကမ်းခြေ စန်ဖရန်စစ္စကို ဆိပ်ကမ်းမှ တစ်ဆင့် ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းပြီး တိုင်ဝမ်ကျွန်းသို့ ပို့ဆောင်တာ တွေ့ကြရပါတယ်။ ကားသင်္ဘော ၂ စီး တိုင်ဝမ်သို့ ဦးတည်ခုတ်မောင်းနေပါတယ်။
ကျန်တဲ့ ၁၀ စီးက ရှန်ဟိုင်းမှ ဉရောပရှိ ဆိပ်ကမ်းများသို့ ပို့ဆောင်ပေးနေပါတယ်။ ယူကေ၊ ဘယ်လဂျီယံ၊ စလိုဗီနီးယား အစရှိတဲ့ နိုင်ငံ‌တွေထံ ပို့ဆောင်ပါတယ်။

 


ပျမ်းမျှအားဖြင့် ကားတင်သင်္ဘောတစ်စီးလျှင်  Tesla ကားစီးရေ ၃,၀၀၀ တင်ဆောင်နိုင်ပါတယ်။ ၁၂ စီးစာ ကားစီးရေ ၃၆, ၀၀၀ ကို ဝယ်ယူသူတွေထံ ပို့ဆောင်လျက် ရှိတယ်လို့ တွက်ချက်နိုင်ပါတယ်။ 

 


 Tesla EV တွေ ထုတ်လုပ်ပေးပို့ခဲ့တာ ယခုနှစ် ပထမသုံးလပတ်မှာ စီးရေ ၁၈၄,၄၀၀
 ဒုတိယသုံးလပတ်မှာ စီးရေ ၂၀၁,၂၅၀
 တတိယသုံးလပတ်မှာ စီးရေ ၂၄၁,၃၀၀ ရှိခဲ့တာကြောင့် စီးရေ ပိုပိုများခဲ့တာ တွေ့ရပါတယ်။
 ၂၀၂၁ ခုနှစ် သုံးလပတ် ၃ ခု စုစုပေါင်း စီးရေ ၆၂၇,၃၅၀ ထုတ်လုပ်ပေးပို့ခဲ့ပါတယ်။

 

 

 

 

 

Read 19966 times