ယာဉ်လိုင်စင်သက်တမ်းတိုးရန် ယာဉ်ကြံ့ခိုင်မှုစစ်ဆေးရေးလုပ်ငန်းအတွက် ပုဂ္ဂလိကကုမ္ပဏီများကိုတင်ဒါခေါ်ယူ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်လိုင်စင်သက်တမ်းတိုးရန် ယာဉ်ကြံ့ခိုင်မှုစစ်ဆေးရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကကုမ္ပဏီများကို နိုဝင်ဘာ ၃၀ရက် နောက်ဆုံးထားတင်ဒါခေါ်ယူထားကြောင်းကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယင်းလုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်မှုညွှန်ကြားမှုဦးစီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများပူးပေါင်းလုပ်ကိုင် မည်ဖြစ်ပြီး တင်ဒါလျှောက်ထားသော ကုမ္ပဏီများအနက် သင့်တော်သောကုမ္ပဏီတစ်ခုအားရွေးချယ် မည်ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီမှာယာဉ်လိုင်စင်သက်တမ်းတိုးခွင့်လက်မှတ်ထုတ်ပေးရန် ကုန်းလမ်းကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ထားသော လုပ်ဆောင်ချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်ကြံ့ခိုင်မှုစစ်ဆေးနေချိန် ချွတ်ယွင်းချက်တစ်စုံတစ်ရာရှိပါက မော်တော်ယာဉ်ကို ပြန်လည်ပြုပြင်စေပြီး ပြင်ဆင်ချိန် ၁၅ရက်မှ တစ်လအထိ သတ်မှတ်ပေးထားကြောင်း၊ လက်ရှိယာဉ်ကြံ့ခိုင်မှုစစ်ဆေးရာတွင် စက်မှုအင်ဂျင်နီယာများကသာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုလာပါကလည်း ကျွမ်းကျင်သောစက်မှုအင်ဂျင်နီယာများကို ခန့်ထားရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

တင်ဒါခေါ်ယူမှုတွင် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် နည်းပညာပိုင်း၊ အတတ်ပညာပိုင်းနှင့် လုပ်ငန်းလည်ပတ်မှုအပိုင်းတို့ကို နားလည်ရမည်ဖြစ်ပြီး ကနဦးတင်ဒါခေါ်ယူခဲ့စဉ်က ပုဂ္ဂလိကကုမ္ပဏီများနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားဦးစီးဌာနတို့ပူးတွဲဆောင်ရွက်ရမည်ဆိုသောအချက် မပါ၀င်သော်လည်း အခက်အခဲများဖြစ်ပေါ်လာနိုင်သည့်အတွက် စက်တင်ဘာ၄ရက်တွင် ထုတ်ပြန်ချက်ကို ပြောင်းလဲပြင်ဆင်ခဲ့ကြောင်း သိရသည်။

Read 693 times