အပ်ကားရှားပါးမှုကြောင့်တက္ကစီစလစ်ဈေးကျပ်သိန်းတစ်ရာဝန်းကျင်အထိမြင့်တက်သွား


ရောင်းကားနည်းပါးခြင်းနှင့် အပ်ကားရှားပါးမှုတို့ကြောင့်တက္ကစီစလစ်ဈေးကျပ်သိန်းတစ်ရာဝန်းကျင် အထိမြင့်တက်သွားကြောင်းကားဈေးကွက်အတွင်းမှသိရသည်။

ယခင်စလစ်ဈေးကွက်တွင် တက္ကစီစလစ်ထက်သက်တမ်းနှစ်နှစ်ဆယ်စလစ်မှာဈေးပိုများခဲ့သေ်ာလည်း YBS ဘတ်စ်များအပ်နှံ၍ လူစီးစလစ်ထုတ်ယူမှုကြောင့်နှစ်နှစ်ဆယ်စလစ်ဈေးမှာ ကျပ်သိန်းကိုးဆယ်ဝန်းကျင်အထိကျဆင်းသွားခဲ့သည်။

တက္ကစီစလစ်များမှာ အပ်ကားရှားပါးမှုကြောင့်တဖြည်းဖြည်းဈေးမြင့်တက်လာပြီး နှစ်နှစ်ဆယ်စလစ်ထက်ပေါက်ဈေးပိုများသွားကာ ကျပ်သိန်းတစ်ရာဝန်းကျင်အထိ ပေါက်ဈေးရှိသွားကြောင်း သိရသည်။

တက္ကစီအပ်ကားများရှားပါးသည့်အတွက် တက္ကစီစလစ်က ၉၇ သိန်းမှ သိန်းတစ်ရာအထိမြင့်တက်သွားပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတက္ကစီအက္ခရာမဟုတ်ဘဲ နံပါတ်အနက်မှ နံပါတ်အနီပြောင်းလဲထားသော ကားများကိုအငှားယာဉ်မှလူစီးယာဉ်ပြန်ပြောင်းခိုင်းရန်စီစဉ်နေကြောင်းသတင်းများထွက်ပေါ်နေသည့် အတွက်လည်းရောင်းကားများပို၍ရှားပါးသွားခဲ့သည်။

မြန်မာမီနီနံပါတ်အနီကားများကို အပ်နှံခွင့်ပြုရာတွင်လည်းအစီးရေအနည်းငယ်သာကျန်ရှိနေကြောင်းသိရသည်။

ကညနမှယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုစာရင်းများအရ ၂၀၁၇ ခုနှစ်၊ မေလကုန်အထိမြန်မာမီနီ ၁၆၁၇ စီးအပ်နှံခဲ့ပြီဖြစ်ရာ ယခုနှစ်ဇန်နဝါရီလမှမေလကုန်အထိမြန်မာမီနီအပါအဝင်တက္ကစီ ၂၈၆၄ စီးအပ်နှံခဲ့ကြောင်း၊ လူစီးယာဉ်များအပ်နှံမှုတွင် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်မှ ၂၀၁၇ ခုနှစ်၊ မေလကုန်အထိ ၁၂၅,၉၇၂ စီးအပ်နှံပြီးဖြစ်ကြောင်းသိရသည်။

Read 944 times