မင်္ဂလာ‌ဆောင်အခမ်းအနားအတွက် တက္ကဆီသုံးတဲ့ သတို့သမီး


မင်္ဂလာ‌ဆောင်အခမ်းအနားအတွက် တက္ကဆီသုံးတဲ့ သတို့သမီး



စင်ကာပူနိုင်ငံမှာ မေလ ၁၅ ရက် တနင်္ဂနွေနေ့ မနက်ဖက်မှာ မင်္ဂလာဆောင် အခမ်းအနားသို့ သတို့သမီးက တက္ကဆီကားဖြင့် ရောက်လာတယ်။
သတို့သမီး ဝတ်စုံဆင်မြန်းထားတဲ့ သတို့သမီးကတက္ကဆီယာဉ်မောင်းနှင့် အတူတွဲပြီး ComfortDelGro တက္ကဆီကုမ္ပဏီရဲ့ တက္ကဆီကားရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်ပါတယ်။ အစွမ်းကုန် ပြုံးထားရင်း ဓာတ်ပုံ အရိုက်ခံတဲ့ အသက် ၂၇ နှစ် ရှိသူ သတို့သမီးအမည်က Ms Wee Jie Xin ဖြစ်ပါတယ်။
အဖြူရောင် သတို့သမီးဝတ်စုံ ဆင်မြန်းပြီး လကါထဲမှာ နှင်းဆီပန်းစည်းကိုင်ထားတဲ့ Ms Wee Jie Xin နှင့် အတူတွဲပြီး ဓာတ်ပုံရိုက်ခံတဲ့ တက္ကဆီ ဒရိုင်ဘာက သူမရဲ့ ဖခင်ဖြစ်ပါတယ်။ အသက် ၆၅ နှစ် ရှိပြီဖြစ်တဲ့ ဖခင်အမည်က Wee Phoy Thong ဖြစ်ပါတယ်။
လူ့အရင်းအမြစ်များ အရာရှိ Ms Wee က သတို့သမီး စီးဖို့ကားကို တက္ကဆီကား သုံးဖို့ စိတ်ကူးက အရင်ကတည်းက အမြဲစိတ်ကူးထားတာဖြစ်ကြောင်း ပြောပြပါတယ်။
"ကျမအဖေက ကျမ မွေးကတည်းက တက္ကဆီဒရိုင်ဘာပါ။ ကျမတို့ မောင်နှမ ၃ ယောက်ကို သူမောင်းတဲ့ တက္ကဆီနဲ့ ကျောင်းလိုက်ပို့နေကျ ဖြစ်ပါတယ်" လို့ Ms Wee က ရှင်းပြပါတယ်။

"ကျမချစ်သူကို ကျမရဲ့ အစီအစဉ်ကို ပြောပြခဲ့တယ်။ သူက သဘောတူတဲ့အပြင် ထောက်ခံအားပေးပါတယ်။ စိတ်ကူးကို သူက သဘောကျတယ်။ မင်္ဂလာဆောင်ကိစ္စ သွားတာလာတာတွေမှာလည်း အဲဒီတက္ကဆီကို သုံးပါတယ်" လို့ Ms Wee က ပြောပြပါတယ်။
ထည်ဝါတဲ့ကားကို သတို့သမီးစီးဖို့မငှားဘဲ ဖခင်ရဲ့ တက္ကဆီကိုပဲ Ms Wee က သုံးစွဲခဲ့ပါတယ်။


Mr Wee နှင့် သူ့သမီးတို့က သူတို့မိသားစုဘဝမှာ တက္ကဆီက မပါမဖြစ် ပါနေကြောင်း ပြောကြားပါတယ်။ တစ်ခါ Ms Wee အိမ်မှာ ရင်ကြပ်ပြင်းထန်လို့ ဆေးရုံကို အရေးပေါ် ပို့ရတဲ့အခါ ဖခင်က သူမောင်းနေတဲ့ တက္ကဆီနဲ့ လိုက်ပို့ပါတယ်။
သေရေးရှင်ရေးကိစ္စမျိုးမှာသာမက နေ့စဉ်ပြုမေကျ ကိစ္စမျိုးတွေမှာလည်း တက္ကဆီကို သုံးပါတယ်။ Ms Wee ငယ်စဉ်က တက္ကဆီနဲ့ ကျောင်းပို့ပါတယ်။ "တခါမှာတော့ ကျမက ကားပေါ်က မဆင်းခင် အဖေ့ပါးကို နမ်းလိုက်ပြီးမှ ဆင်းလိုက်တယ်။ အဖေက ကျေနပ်တဲ့အပြုံး ပြုံးနေတာ တွေ့ရတယ်။ အဖေက တက္ကဆီ ဒရိုင်ဘာ ဖြစ်နေလို့ သမီးက မသိမ်ငယ်ဘူး။ အနမ်းပေးလို့ ကျေနပ်နေတဲ့အပြုံး။ အဲဒီအပြုံး အဖေ့မျက်နှာမှာ မြင်ချင်လို့ ကားပေါ်က ဆင်းခါနီးတိုင်း အဖေ့ပါးကို တစ်ချက်နမ်းပြီးမှ ဆင်းတယ်" လို့ Ms Wee က ပြောပြပါတယ်။

ယခု မင်္ဂလာပွဲဟာ Mr Wee အနားယူတော့မယ့်အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ "ကျမအဖေက ပြောတယ်၊ သူ အချိန်ပြည့် မမောင်းတော့ဘူး။ သိပ်မကြာခင်မှာ အချိန်ပိုင်းပဲ မောင်းတော့မယ်တဲ့။ သူလုပ်နေတဲ့အလုပ်ကို ကျမ ဂုဏ်ယူတယ်" လို့ Ms Wee က ပြောပြပါတယ်။


Mr Wee ကလည်း မင်္ဂလာပွဲ လိုက်ပို့ရတာကို အလေးအနက် ထားပါတယ်။ မောင်းဖော်မောင်းဖက် တက္ကဆီဒရိုင်ဘာ ၂ ဦးကို အကူအညီတောင်းခံခဲ့ပါတယ်။ သတို့သမီး ယာဉ်တန်း ဖြစ်နေစေဖို့ သူတို့ရဲ့ တက္ကဆီနဲ့ ခြံရံပြီး အတူလိုက်ပါစေခဲ့ပါတယ်။
"တစ်စီးတည်းဆို မသိသာဘူး ဖြစ်နေတော့ ၂ စီးကို ခြံရံခိုင်းတယ်။ ခရီးစဉ်က ၂ နာရီလောက်ကြာတယ်" လို့ Mr Wee က ပြောကြားပါတယ်။

Read 981 times