Suzuki Myanmar Motor မှ ၂၀၁၉ မိုဒယ် New Ertiga ကို လာမည့် ဧပြီလအတွင်း စတင်ရောင်းချမည်


Suzuki Myanmar Motor မှ ၂၀၁၉ မိုဒယ် New Ertiga ကို လာမည့် ဧပြီလအတွင်း စတင်ရောင်းချမည် ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းတွင် CKD, SKD စနစ်ဖြင့် Suzuki ကားများ တပ်ဆင်ထုတ်လုပ်နေသည့် Suzuki Myanmar Motor သည် ယခင်ထုတ်လုပ်ခဲ့သည့် MPV အမျိုးအစား Ertiga ကိုထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပြီးနောက် New Ertiga ကို စတင်တပ်ဆင်ထုတ်လုပ်နေပြီး လာမည့်ဧပြီလတွင် ဈေးကွက်အတွင်း မိတ်ဆက်ရောင်းချမည်ဖြစ်သည်။

“၂၀၁၉ မိုဒယ် New Ertiga ကိုလာမယ့် ဧပြီလအတွင်း ဈေးကွက်စတင်မိတ်ဆက်ပေးဖို့ရှိပါတယ်။ ဒီကားက ပြီးခဲ့တဲ့ Yangon International Motor Show မှာ concept အနေဖြင့် ပြသခဲ့တဲ့ New Ertiga နဲ့ဒီဇိုင်းတော်တော်များများဆင်ပါတယ်။

ဈေးနှုန်းမသတ်မှတ်ရသေးပေမဲ့ အကြမ်းဖျင်းအနေနဲ့ ကျပ်သိန်းသုံးရာတော့မကျော်ပါဘူး” ဟု Suzuki Myanmar Motor မှတာဝန်ရှိသူတစ်ဦးကပြောသည်။ အင်ဂျင်ပါဝါ ၁၅၀၀ စီစီ၊ ခုနှစ်ယောက်စီး၊ MPV အမျိုးအစား New Ertigaကိုပြီးခဲ့သည့် ဇန်နဝါရီလက ပြုလုပ်ခဲ့သည် Yangon International Motor Show တွင် Concept ကားအနေဖြင့် ပြသခဲ့ရာ လူအများစိတ်ဝင်စားမှု ခံခဲ့ရပြီး မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်မည့် New Ertiga သည်လည်း ထိုကားနှင့် ပုံစံအနည်းငယ်သာကွဲပြားမည်ဖြစ်သည်။

New Ertiga ကိုအိန္ဒိယနိုင်ငံရှိ Maruti Suzuki အပါအဝင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နှင့် ထိုင်းနိုင်ငံတို့တွင် တပ်ဆင်ထုတ်လုပ်နေပြီး မြန်မာနိုင်ငံတွင် New Ertiga ကိုစတင်ရောင်းချမည်ဆိုပါက ယခင် Ertiga ပုံဟောင်းထက် ဈေးအများကြီးမကွာဟဘဲ ကျပ်သိန်းသုံးရာဝန်းကျင်ဖြင့် ရောင်းချပေးဖွယ်ရှိကြောင်း သိရသည်။

Read 823 times