Suzuki Myanmar Motor မှ ဇန်နဝါရီလကုန်တွင် စက်ရုံအသစ်၌ ကားများ တိုးမြှင့်ထုတ်လုပ်သွားမည်


Suzuki Myanmar Motor မှ ဇန်နဝါရီလအတွင်း စက်ရုံအသစ်တွင် ကားများ ပြန်လည်ထုတ်လုပ်မည်ဖြစ်ပြီး စျေးကွက်လိုအပ်ချက်ပေါ်မူတည်၍ လစဉ်အစီးရေရှစ်ရာမှ တစ်ထောင်ကြား တိုးမြှင့်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရပါသည်။ 

ပြည်တွင်း၌ CKD၊ SKD စနစ်ဖြင့် Mini Truck၊ MPV နှင့် Sedan ကားအမျိုးအစားများကို ထုတ်လုပ်နေသော Suzuki Myanmar Motor သည် စက်ရုံအပြောင်းအရွှေ့ကြောင့် ဒီဇင်ဘာလအတွင်း ကားထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ဇန်နဝါရီလ တတိယပတ်မှစ၍ သီလဝါ အထူးစီးပွားရေးစက်မှုဇုန်ရှိ ပြန်လည်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရပါသည်။

စက်ရုံအသစ်တွင် စျေးကွက်လိုအပ်ချက်ပေါ်မူတည်ကာ ကားအစီးရေ တစ်ထောင်အထိ ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်းလည်း သိရပါသည်။

ဇန်နဝါရီလအတွင်းတွင် ကားများ ပြန်လည်ထုတ်လုပ်မည်ဖြစ်ပြီး အရောင်းကိုယ်စားလှယ်များကိုလည်း ခွဲတမ်းအလိုက် ရောင်းချပေးသွားမည်ဖြစ်ပါသည်။

ယခုအချိန်တွင် ကားထုတ်လုပ်မှုကို ခေတ္တရပ်နားထားသော်လည်း Pre Order များကို လက်ခံထားကြောင်း Suzuki Myanmar Motor မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

Suzuki Myanmar Motor မှ တပ်ဆင်ထုတ်လုပ်ထားသော Suzuki Ertiga နှင့် Suzuki Ciaz တို့သည် ရန်ကုန်လိုင်စင်ရရှိခြင်းကြောင့် ဝယ်လိုအားမြင့်တက်နေပြီး အရောင်းကိုယ်စားလှယ်များတွင် ပစ္စည်းပြတ်သည်အထိ ဝယ်ယူမှုများနေကြောင်း သိရပါသည်။

Suzuki Myanmar Motor သည် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံသစ်ကို အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါသည်။

 

Read 1787 times