Suzuki Motor က သယ်ပို့စရိတ် သက်သာရန် ရထား ၂ဆတိုး သုံးစွဲဖို့ စီစဉ်


Suzuki Motor က သယ်ပို့စရိတ် သက်သာရန် ရထား ၂ဆတိုး သုံးစွဲဖို့ စီစဉ်

 

Suzuki Motor က အိန္ဒိယမှာ တည်ရှိတဲ့ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံနှစ်ရုံအတွင်း မီးရထား ဘူတာရုံများ တည်ဆောက်နေပါတယ်။ သယ်ယူပို့ဆောင်ခ သက်သာစေဖို့ ကားသယ် ထရပ်ကားများအစား ရထားကို အသုံးပြုမှာ ဖြစ်ပါတယ်။ "ရထားပို့ဆောင်ရေး တိုးမြှင့်တာဟာ  ထိရောက်တဲ့ လုပ်နည်းကိုင်ဟန် တစ်ခု ဖြစ်ပါတယ်" လို့ ဂျပန်ကားထုတ်လုပ်မှုလုပ်ငန်း Suzuki Motor ရဲ့ ဥက္ကဋ္ဌ Toshihiro Suzuki က Nikkei မီဒီယာနှင့် အင်တာဗျူးမှာ ပြောကြားပါတယ်။

 

အိန္ဒိယနိုင်ငံမှာ တည်ရှိတဲ့ Suzuki ရဲ့ စက်ရုံ ၂ ရုံအနက် ဂူဂျာရပ်မှ စက်ရုံမှာ ရထားပို့ဆောင်ရေးကို လာမယ့်ဘဏ္ဍာရေးနှစ်မှာ စတင်သုံးစွဲမှာ ဖြစ်ပြီး မာနီစာမှ စက်ရုံမှာ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စတင်သုံးစွဲမှာ ဖြစ်ပါတယ်။ ထရပ်ကားများဖြင့် အိန္ဒိယနိုင်ငံတစ်ဝန်း အဓိကမြို့ကြီးများသို့ ကားများ ပို့ဆောင်ပေးတာမှာ  ကီလိုမီတာ ၁,၀၀၀ မှ ၂,၀၀၀ အထိ သွားလာကြပါတယ်။ ရှည်လျားဝေးကွာတဲ့  ခရီးလမ်းများကုိ မောင်းနှင်ရတာလောင်စာဆီနှင့် ဖြတ်သန်းခများ စျေးပိုကြီးလာပါတယ်။


နောက်ထပ် ပြဿနာတစ်ခုက  အိန္ဒိယနိုင်ငံတွင် ကားသယ်တဲ့ ထရပ်ကားများ သွားလာဖို့ နေရာအနှံ့မှာ  အဝေးပြေးလမ်းများ မရှိပါဘူး။ တချို့ လမ်းများမှာ လမ်းသား အ‌ခြေအနေများ ဆိုးဝါးပါတယ်။ အိန္ဒိယမှာ အိမ်စီးကားများရဲ့ ၆၀% ဝန်းကျင်ဟာ Suzuki ရဲ့ ကားတွေ ဖြစ်ပါတယ်။ ကားအသစ် ရောင်းအားရဲ့ ထက်ဝက်ဝန်းကျင်ဟာ Suzuki ရဲ့ ကားတွေ ဖြစ်ပါတယ်။ ကားအသစ် ၂ စီးရောင်းရရင် တစ်စီးက Suzuki ရဲ့ ကား ဖြစ်ပါတယ်။


 လေးဘီး မော်တော်ယာဉ်များအပြင် နှစ်ဘီးမော်တော်ယာဉ်များဖြစ်တဲ့ Suzuki ရဲ့ မော်တော်ဆိုင်ကယ်များ၊ စကူတာများလည်း ရှိနေပါသေးတယ်။  Suzuki ရရှိတဲ့ ကမ္ဘာ့ဈေးကွက်ဝင်ငွေရဲ့ ၃၃% ကို အိန္ဒိယဈေးကွက်ထံမှ ရရှိပါတယ်။  Suzuki က ရထားဖြင့် ကားများ တင်ပို့ခြင်းကို ၂၀၁၄ မှာ စတင်ခဲ့ပါတယ်။  ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ရထားဖြင့် ကားစီးရေ ၁.၁ သန်း တင်ပို့ခဲ့ပါတယ်။ ၎င်းနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ကားများရဲ့ ၁၅% ကို ရထားသုံးစွဲခဲ့တာ ဖြစ်ပါတယ်။

 

"ကျွန်တော်တို့ ၃၀% ဖြစ်ဖို့ ရည်မှန်းထားပါတယ်" လို့ Suzuki Motor ရဲ့ ဥက္ကဋ္ဌ Toshihiro Suzuki က ပြောကြားပါတယ်။ ရထားပို့ဆောင်ရေး သုံးစွဲမှုကို ၅ နှစ်အတွင်း ၂ ဆ တိုး သုံးစွဲမှာ ဖြစ်ပါတယ်။လက်ရှိမှာ ဘူတာရုံသို့ ကားများကို သယ်ယူသွားပြီး ရထားပေါ်သို့ တင်ပေးရတာဖြစ်တဲ့အတွက် ထိရောက်မှု မရှိလို့ ယခုအခါ စက်ရုံဝင်းထဲအထိ ၂၀ ကီလိုမီတာ ရထားလမ်းကို ဖောက်လုပ်နေပါတယ်။ 


Indian Railways က အိန္ဒိယမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း Society of Indian Automobile Manufacturers နှင့် တိုင်ပင်ညှိနှိုင်းပြီး ကားသယ်တဲ့ ရထားတွဲများ စီစဉ်ပေးထားပါတယ်။ Indian Railways က ရထားနှင့် ရထားလမ်းကို တာဝန်ယူပါတယ်။ ပို့ဆောင်ရေးကုမ္ပဏီများက ရထားကို ငှားရမ်းပြီး အိမ်စီးကားများ သယ်ယူခြင်း၊ ရထားပေါ်တင်ခြင်း၊ ရထားပေါ်မှ ချခြင်းတို့ကို တာဝန်ယူပါတယ်။


Source Asia Nikkei 
#MyanmarAutomobileGuide 

To join Telegram Channel  https://t.me/Guid4U

Read 2064 times