ကျပ်သိန်း ၁ဝဝ ကျော်ဖြင့် ရွေးချယ်သင့်သည့် Suzuki Alto


အင်ဂျင်ပါဝါ ၆၆ဝ စီစီ လူစီးကားဈေးကွက်မှာ Suziki Alto ၊ Daihatsu Move ၊ Nissan Pino ၊ Mazda Carol တို့ ရှိပါတယ်။ ဒီကားတွေထဲမှာ Suziki Alto နဲ့ Daihatsu Mira ၊ Daihatsu Move တို့က တခြား Kei ကားတွေထက် လူကြိုက်များပြီး ဈေးကွက်မှာအရောင်းအဝယ်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ Kei လို့ ခေါ်တဲ့ မီနီကားလေးတွေနဲ့ မီနီကားတွေကို ဒုတိယအများဆုံး ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Suzuki Motor က Alto ကို ၁၉၇၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ Alto ကို ဈေးအသက်သာဆုံးနဲ့ လောင်စာဆီသုံးစွဲမှု အနည်းဆုံးဖြစ်အောင် ထုတ်လုပ်ထားတဲ့အတွက် ဂျပန်နိုင်ငံမှာ ရောင်းအားကောင်းခဲ့သလို အာရှနိုင်ငံအများစုကလည်း လက်ခံနိုင်တဲ့ ကားအမျိုးအစားဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား

လွန်ခဲ့တဲ့ ငါးနှစ်ကျော်က အများဆုံးတင်သွင်းခဲ့တဲ့ Suzuki Alto ထဲမှာ ၂ဝဝ၉ မိုဒယ်ကားတွေများပြီး ဒီမိုဒယ်က ခြောက်ဆယ်မြောက် မျိုးဆက် ဖြစ်သလို အင်ဂျင်ပါဝါ ၆၅၈ စီစီ နဲ့ Water lnline 3 Cylinder အမျိုးအစားဖြစ်ပါတယ်။ Manual ဂီယာမှာ ငါးချက်နဲ့ Auto ဂီယာမှာ လေးချက် ထုတ်လုပ်ထားပါတယ်။ ဆီတိုင်ကီကတော့ လီတာသုံးဆယ် ဆံ့ပြီး ဆီစားနှုန်းအနေနဲ့ တစ်လီတာကို ကီလိုနှစ်ဆယ်အထိ မောင်းနှင်းနိုင်ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Suzuki Alto က ယာဉ်မောင်းအပါအဝင် ငါးဦးအထိ စီးနင်းနိုင်ပြီး ရှေ့ခန်းမှာ လေအိတ် နှစ်လုံး ပါရှိပါတယ်။ အင်ဂျင်ပါဝါ နည်းပေမဲ့ Aircon ကောင်းမွန်ပြီး လုံလောက်တဲ့ အအေးဓာတ် ပေးစွမ်းနိုင်ပါတယ်။ ၂ဝ၁ဝ မိုဒယ် နဲ့ နောက်ပိုင်းမှာ ရုပ်ပြောင်းသွားသလို ဂရိတ်အပေါ် မူတည်ပြီး Power Window နှစ်ချပ်ကနေ လေးချပ် ပါဝင်ပါတယ်။ G-Grade က Power Window လေးချပ်ဖြစ်ပြီး မှန်ကာလာ ပါပါတယ်။ E-Grade နဲ့ F-Grade တို့ကတော့ Power Window နှစ်ချပ်ဖြစ်ပြီး မှန်ကာလာ မပါတာ များပါတယ်။ ကားအရွယ်အစား သေးငယ်ပေမဲ့ မတော်တဆ ဖြစ်ခဲ့ရင် ကားထဲကလူတွေကို ထိခိုက်မှုနည်းစေတဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။ Airbag နှစ်လုံးပါရှိတဲ့ အတွက်လည်း ယာဉ်မောင်းသူကို အပြည့်အဝ ကာကွယ်ပေးထားပါတယ်။

ဈေးနှုန်း

Suzuki Alto ၂ဝဝ၉ မိုဒယ်ကားတွေက ရန်ကုန်လိုင်စင် ၊ နံပါတ်ထွက်ပြီးသားဆိုရင် ကျပ်သိန်းတစ်ရာ ဝန်းကျင်ရှိပြီး ရုပ်ပြောင်းသွားတဲ့ ၂ဝ၁ဝ မိုဒယ် နဲ့ နောက်ပိုင်းကားတွေက ရန်ကုန်လိုင်စင် ၊ အက္ခရာအပေါ်မူတည်လို့ ကျပ် ၁၁၅ သိန်း နဲ့ ၁၂၅ သိန်းကြားမှာ ရှိပါတယ်။

Read 1029 times