ကားအောက်ပိုင်း Suspension အစိတ်အပိုင်း ချို့ယွင်းချက်များကို ရှာဖွေစစ်ဆေးခြင်း


ကားအောက်ပိုင်း Suspension အစိတ်အပိုင်းများသည် ကားရွေလျားသွားလာနေစဉ် လမ်းဆောင့်ဒဏ်များကြောင့် ပွန်းစားပျက်စီးမှုများရှိသည်။

ပွန်းစားပျက်စီးမှုအခြေအနေများဆိုးရွားလာလျှင် အောက်ပိုင်းချောင်ပြီး အန္တရာယ်ပင် ဖြစ်လာနိုင်ပါသည်။

အောက်ပိုင်းစားပြီး ချောင်လွန်းလျှင် နောက်ဆက်တွဲ ထိခိုက်မှုများဖြစ်သော စတီယာရင် ထိန်းချုပ်၍ မကောင်းခြင်း၊ ကားစီး၍မကောင်းခြင်း၊ တာယာပွန်းစားမှု မမှန်ကန်ခြင်း၊ ဘရိတ်ဖမ်း၍ မကောင်းခြင်း၊ ကားမောင်နေစဉ် တစ်ဘက်သို့ ဆွဲချသွားခြင်းနှင့် ဘီးအလိုင်းမင့်များ မှန်ကန်မှု မရှိတော့ခြင်းများ ဖြစ်ပေါ်လာမည် ဖြစ်သည်။

ယာဉ်ပိုင်ရှင်အများစုသည် ကားတစ်စီး၏ ဖွဲစည်းအလုပ်လုပ်ပုံကို နားမလည်ကြ၍ ကားအောက်ပိုင်း ထိန်းသိမ်းခြင်းကို နောက်ကျမှ အချိန်လွန်မှ လာရောက် လုပ်ကိုင်ကြသည်။

ကားအောက်ပိုင်းစစ်ဆေးခြင်းကို ဂရုစိုက်သင့်ကြောင်း မေ့လျော့နေလေ့ရှိသည်။

အောက်ပိုင်းချောင်နေသော်လည်း ကားမောင်း၍ ရနေသေး၍ မှေးမောင်းနေလေ့ရှိပါသည်။

ကားအောက်ပိုင်းအစိတ်အပိုင်းများတွင် တိုက်ရော့၊ ဘောလ်ဂျွိုင်းများချောင်နေလျှင် ဂရုစိုက်သင့်ပါသည်။

စတီယာရင်၊ တိုက်ရော့ ပြုတ်ထွက်၍ ကြီးမားသော ယာဉ်တိုက်မှုကြုံရမှ နောင်တရခြင်းမျိုးမဖြစ်သင့်ပါ။

ဘောလ်ဂျွိုင်းပြုတ်ထွက်၍ လမ်းပေါ်တွင် ကားယားကြီးဖြစ်နေသော ကံဆိုးမိုးမှောင်အခြေအနေမှ ရှောင်ရှားနိုင်ပါသည်။

ကားအောက်ပိုင်းအစိတ်အပိုင်းများတွင် စပရိန်လေးထုပ်နှင့် တောရှင်းဘားများ၊ ရာဘာပွတ်များ၊ ဘောလ်ဂျွိုင်းများ၊ ရှော့ဘားများ၊ စတီယာရင်အဆက်များ၊ Strut များ၊ ချုပ်တန်းများ၊ ဘက်တာဖလိုင်းများ၊ ဒူးဆစ်များ၊ ဘောလ်များ ပါဝင်သည်။

အောက်ပိုင်းချွတ်ယွင်းချက်များကို သိရှိနိုင်သော ရှေ့ပြေးလက္ခဏာများမှာ ကားစီးရသည်မှာ ညင်သာမှုမရှိဘဲ ကြမ်းတမ်းခုန်ပေါက်နေခြင်း( ရှော့ဘားနှင့် Strut များ မကောင်းပါက လမ်းအဆောင့်ဒဏ်များကို တိုက်ရိုက်ခံစားရသည်။)၊ ကားလမ်းအချိုးအကွေ့များတွင် တစ်ဖက်သို့ဆွဲသွားခြင်း၊ ကားကွေ့၍မကောင်းခြင်း၊ ကားဘရိတ်နင်း၍ ရပ်တန့််လျှင် အောက်ပိုင်းမှ အသံများမြည်နေခြင်း၊ လမ်းကြမ်းများတွင် မောင်းပါက အသံထွက်ခြင်း၊ စတီယာရင်တိုက်ရော့ခါခြင်း၊ ဘောလ်ဂျွိုင်းခါခြင်း၊ တုန်ခါခြင်းများသည် စတီယာရင်ကွင်းမှ တစ်ဆင့် ယာဉ်မောင်းလက်ကိုင်သောနေရာတွင် သိသာစွာ ခံစားရခြင်း၊ တာယာပန်းသားများ ခုတ်စားနေခြင်း၊ တာယာပွန်းစားမှု မညီမညာဖြစ်နေခြင်း၊ ကားအောက်ပိုင်းရှော့ဘားနှင့် Strut များတွင် ဆီများယိုစိမ့်နေခြင်း များဖြစ်ပါသည်။

ရှေပြေးလက္ခဏာာများထဲမှ တစ်စုံတစ်ခုဖြစ်နေလျှင် အောက်ပိုင်း Suspension မကောင်းသည်မှာ သေချာပါသည်။

အောက်ပိုင်းတွင် အစိတ်အပိုင်းများစွာရှိသည်။

မည်သည့်အစိတ်အပိုင်းများ ချွတ်ယွင်းအားနည်းနေသည်ကို အသေးစိတ်ထပ်မံစစ်ဆေးရပါသည်။

၁။ တာယာများကို စစ်ဆေးခြင်း

တာယာပန်းသားများ မူမမှန် ပွန်းစားခြင်းသည် အောက်ပိုင်းမကောင်းခြင်း၏ လက္ခဏာပြဖြစ်သည်။

အထူးသဖြင့် ရှေ့ဘီးတာယာပန်းသားများ တစ်ခြမ်းစားခြင်း၊ တာယာပုခုံးပန်းသားများ ခုတ်စားနေခြင်းများသည် အလိုင်းမင့်မှားနေသော ပြဿနာဖြစ်သည်။

တိုက်ရှော့တန်း ထိပ်ဖျားမှ ဂေါ်လီသီး (Ball Joint) များ စားခြင်း၊ Strut အထိုင်ဘောလ်ဂျွိုင်းစားခြင်း၊ ကမ်ဘာအောက်နေခြင်း၊ Control Arm များမှ ဘွတ်ချ်များစား၍ ချောင်နေခြင်း စသော ချွတ်ယွင်းချက်များသည် ကားရှေ့ဘီးတာယာများ၏ အလိုင်းမင့်မှားစေသော အကြောင်းတရားများဖြစ်ပါသည်။

ထိုအားနည်းချက်များကို အစားထိုးပြုပြင်မှသာ အလိုင်းမင့်မှန်ပြီး တာယာပွန်းစားမှု သက်သာမည်။

၂။ စတီယာရင်စစ်ဆေးပါ။

ကားပေါ်တွင် Full Load တင်၍ စတီယာရင်အလွတ်ကစားခြင်း၊ တိုက်ရော့အဖျားဂေါ်လီသီးများ ကစားခြင်းများကို စစ်ဆေးနိုင်သလို Rack & Pinion Steering Gear အမျိုးအစားသည် စစ်ဆေးရခက်ခဲသည်။

ကျွမ်းကျင်သော ကားဝပ်ရှော့ပ် တွင်ပြသ၍စစ်ဆေးသင့်သည်။

Reciproca-ting Ball Steering အမျိုးအစားတွင် Idler Arm နှင့် Pitman Arm များ အလွတ်က စားမှုရှိ/ မရှိ စစ်ဆေးကြည့်ပါ။

စီယာရင်စနစ်တွင်သုံးသော တိုက်ရော့အဖျား ဂေါ်လီသီးနှင့် ဘောလ်ဂျွိုင်းများကို ပြန်ပြင်၍ မသုံးပါနှင့်။

အသစ်ဖြင့်သာ အစားထိုးလဲလှယ် တပ်ဆင်ပါ။

ပါဝါစတီယာရင်စနစ်တွင် ပါဝါပန့်၊ ဆီပိုက်လိုင်းနှင့် ပါဝါဂန်းများ ဆီယိုစိမ့်မှုရှိ/မရှိ စစ်ဆေးပါ။

ပါဝါစတီယာရင် စစ်ဆေးလျှင် ကားစက်နှိုးထားပါ။

ကားပေါ်တွင် Full Load တင်၍ စစ်ဆေးရပါမည်။

လူစီးကားငယ်များ၊ လူအပြည့်ထိုင်၍ စတီယာရင်ကို စစ်ဆေးပါ။

ပါဝါပန့်တွင်သုံးသော ပါဝါဆီသည် ကြာလာလျှင် အရောင်ရင့်ပြီး ညစ်ပတ်လာမည်။

ပါဝါဆီည့ံလျှင် ပါဝါပန့် ပျက်စီးမှု မြန်မည်။

ပါဝါဆီမကောင်းပါက ဆီသစ်လဲပေး၍ ကျွမ်းကျင်သော ပါဝါပန့် ပြင်ဆိုင်တွင် ပြသပါ။

၃။ Hub Ball Bearing များစစ်ဆေးခြင်း

ရှေ့ဘီး Hub ဘောလ်များစားပြီး အလွတ်ကစားမှု များနေလျှင် တာယာအလိုင်းမင့် မမှန်နိုင်ပါ။

ရှေ့တာယာဘီးများကွေ့၍မကောင်းဘဲ တစ်ဖက်သို့ ဆွဲနေတတ်သည်။

Hub ဘောလ်များ၊ အမဲဆီအခြေအနေများကို စစ်ဆေးသင့်ပါသည်။

ခရီးမိုင် (၃၀၀၀၀)ကျော် မောင်းနှင်ပြီးတိုင်း Hub ဘောလ်များစစ်ဆေး၍ အမဲဆီအသစ်လဲပေးပါ။

၄။ Ball Joints များစစ်ဆေးခြင်း

Ball Joints များသည် ကားအောက်ပိုင်းပစ္စည်းများတွင် အဓိကကျသော အစိတ်အပိုင်း ဖြစ်ပါသည်။

လမ်းအဆောင့်ဒဏ်များကို တိုက်ရိုက်ခံစားပြီး ကားအလေးချိန်ကိုလည်း ထမ်းဆောင်ထားရမည်။

လှုပ်ရှားမှုများသဖြင့် ကြာလာလျှင် Ball Joints ဂေါ်လီသီးများ၊ အခံခွက်များ ချောင်လာမည်။

Ball Joints များချောင်လွန်းလျှင် ဂေါ်လီသီးပြုတ်ထွက်သွားတတ်သည်။

လူခန္ဓာကိုယ်အရိုးတည်ဆောက်ပုံတွင်လည်း  Ball Joints များရှိသည်။

ပြင်းထန်သောထိခိုက်ဒဏ်ရာရလျှင် သဘာဝအရိုးနေရာတွင် စတီးအရိုး အစားထိုး၍ ခွဲစိတ်ကုသရသည်။

ကားအောက်ပိုင်း Suspension စနစ်တွင် Ball Joints များကို လိုအပ်သလိုအသုံးပြုထားသည်။

ကားအမျိုးအစားအလိုက် အောက်ပိုင်းဖွဲ့စည်းပုံဒီဇိုင်း အမျိုးမျိုးကွဲပြားပါသည်။

Toyota နှင့် Nissan မတူသကဲ့သို Honda နှင့် Mazda သည်လည်း မတူနိုင်ပါ။

သူ့ကိုယ်ဒီဇိုင်းနှင့် သူရှိကြသည်။

Ball Joint Spare Part ကိုလည်း သူ့အမျိုးအစားနှင့်သူ အစားထိုးလဲလှယ်ရပါသည်။

အချို့ Ball Joint များသည် အမဲဆီထိုးရန် အပေါက်ပါပြီးအချို့မှာ လုံးဝမပါရှိဘဲ တစ်ခါသုံးဖြစ်သည်။

ယနေ့တိုင် ကားအောက်ပိုင်းပြင်ပေးသော ဝပ်ရှော့ပ်များသည် Ball Joint အဟောင်းကို ပြန်လည်ပြုပြင်၍ သုံးနေကြပါသည်။

စားနေသောဂေါ်လီသီးကို သံဂဟေပြန်ဆော်၍ သံသားတင်သည်။

အေးသွားလျှင် တွင်ခုံတွင် စက်ခုတ်စား (Mach-inning) ပြီး ပြန်လည်၍ တပ်ဆင်ပေးသည်။

မူလအော်ရီဂျင်နယ် ပစ္စည်းဘောလ်လောက် မကောင်းနိုင်ချေ။

 Safety လည်းမဖြစ်ပါ။

အကောင်းဆုံးမှာ အော်ရီဂျင်နယ်ဘောလ်ဂျွိုင်းကို အစားထိုးလဲပေးခြင်းသာ ဖြစ်ပါသည်။

၅။ ချုပ်တန်းနှင့် ရာဘာဘွတ်ရှင်းများ

ကားအောက်ပိုင်း Suspension တွင် (Control Arm) ချုပ်တန်းများ၊ ဘေးတိုက် အထိန်းတန်း (Lateral Links) များ၊ Sway Bars တန်းများဖြင့် ကားတစ်စီးလုံးကို တည်ငြိမ်စွာ လှုပ်ရှားနိုင်ရန် ထိန်းချုပ်ထားသည်။

ချုပ်တန်းများအားလုံး ဆက်သွယ်ရာ တွင် ရာဘာဘွတ်ချ်များခံပြီး Bolt & Nuts များဖြင့် ဖမ်းတွယ်ထားသည်။

ရာဘာဘွတ်ချ်များသည် ကြာလာလျှင် ကွဲအက်ပွန်းစားပြီး ချောင်လာတတ်သည်။

ရာဘာဘွတ်ချ်များချောင်နေလျှင်အလွတ်ကစားမှုများ၍ ကားကိုယ်ထည်လူးလိမ့်တတ်သည်။

ပွန်းစားသွားသော ရာဘာဘွတ်ချ်များကို အစားထိုးလဲလှယ်ပေးရသည်။

ဘွတ်ချ်များချောင်/ မချောင်စစ်ဆေးနိုင်သည်။

ကားကြီးတာယာသားများကို ပြန်လှီးထည့်သော ရာဘာဘွတ်ချ်များမှာ အော်ရီဂျင်နယ်ဘွတ်ချ်လောက်မကောင်း၍ ကြာကြာမခံနိုင်ပါ။

မူလအော်ရီဂျင်နယ် ဘွတ်ချ်များကိုသာ အစားထိုုးလဲလှယ်သင့်ပါသည်။

၆။ ရှော့ဘားနှင့် Struts များ စစ်ဆေးခြင်း

ကားကိုယ်ထည်တစ်ခုလုံး၏ ပေါ်အောက်လှုပ်ရှားမှုများနှင့် လမ်းအဆောင့်ဒဏ်များကို လျော့ပါးသက်သာစေသော အရာမှာ ရှော့ဘားများဖြစ်သည်။

ရှော့ဘားမကောင်းလျှင် ကားစီး၍ မကောင်းပါ။

လမ်းကြမ်းများတွင် ပို၍သိသာပါသည်။

ကားရွေ့လျားနေသရွေ ရှော့ဘားအမြဲအလုပ်လုပ်ရသဖြင့် ကြာလျှင်ပျက်စီးတတ်သည်။

ရှော့ဘားကောင်း/ မကောင်းကို အလွယ်တကူစစ်ဆေးနိုင်သည်။

ဆလွန်းကား၊ လူစီးကားငယ်များတွင် ရှေ့ဘီးအထိုင် ရှော့ဘားများကို  “Bounce Test” လုပ်၍ စစ်ဆေးနိုင်သည်။

ကားခေါင်း စက်ဖုံးကို လက်နှစ်ဖက်ထောက်၍ အားစိုက်ပြီးဖိချပါ။

ကားခေါင်းပိုင်းကို အပေါ်အောက်ကစားခိုင်းပါ။

ရှော့ဘားမကောင်းလျှင် အကြိမ်ပေါင်းများစွာခုန်နေမည်။

ရှော့ဘားထိန်းပါက (၂)ချက် (၃)ချက်အတွင် ပြန်ငြိမ်သွားမည်။

အသံမြည်နေသော၊ ဆီယိုနေသော ရှော့ဘားများသည် မကောင်းသည်ကများပါသည်။

ရှေ့ဘီးအထိုင် Mac Pherson Strut အမျိုးအစားသုံးသော Suspension တွင် ရှော့ဘားသည် Strut Body ထဲတွင် မြှုပ်ထားသည်။

အထူးကျွမ်းကျင်သော ဝပ်ရှော့ပ်တွင်သာ ပြသ၍ ရှော့ဘားလဲလှယ်သင့်သည်။

ကားအောက်ပိုင်း Suspension အစိတ်အပိုင်းများသည် ရွေလျားနေသော ကားတစ်စီးအတွက် အရေးကြီးသော  Safety ဖြစ်ပါသည်။

အောက်ပိုင်းမကောင်းပါက အန္တရာယ်ဖြစ်နိုင်ပါသည်။

အချိန်မှန်မှန်စစ်ဆေးထိန်းသိမ်းပြုပြင်လျှင် လုံခြံုစိတ်ချရသော ကားတစ်စီးဖြစ်နေပါသည်။

 

Read 3130 times