အအေးခံရည်အပူချိန်ကိုထောက်လှမ်းပေးသောစင်ဆာ


ကွန်ပျူတာထိန်းချုပ်မှုနှင့်လည်ပတ်အလုပ်လုပ်သည့်ခေတ်ပေါ်ကားအင်ဂျင်များအတွင်းပိုင်းအပူချိန်အခြေအနေ ဘယ်လောက်ရှိနေသလဲဆိုသည်ကိုစောင့်ကြည့်ထောက်လှမ်းပေးနေသည့်အာရုံခံကိရိယာကို ECT ဆင်ဆာဟုခေါ်ပါသည်။

Engine Coolant Temperature ကို ECT ဟုအတိုကောက်သတ်မှတ်ပါသည်။

အင်ဂျင်အအေးခံစနစ်မှာလည်ပတ်နေသည့်အအေးခံရည်၏အပူချိန်ဘယ်လောက်ရှိနေသလဲဆိုသည်ကိုကွန်ပျူ တာခေါ် PCM (Powertrain Control Module) ကသိရှိနေရန်အရေးကြီးပါသည်။

ခေတ်ပေါ်ဓာတ်ဆီအင်ဂျင်တစ်လုံး၏လည်ပတ်လှုပ်ရှားမှုအားလုံးကို PCM ကွန်ပျူတာကပဲထိန်းချုပ်ပါသည်။

အင်ဂျင်ဘလောက် ထဲမှာ အတွင်းပိုင်း အပူတွေကို စုပ်ယူနိုင်ဖို့ ရေလိုင်းတွေရှိပါသည်။

အင်ဂျင်ဟတ် (Head) နှင့်ဆလင်ဒါစလစ်ပတ်လည်မှာအင်ဂျင်မီးလောင်ပေါက်ကွဲရာမှနေ ထွက်လာသည့်အပူများကို Coolant အအေးခံရည်ကစုပ်ယူပြီးသယ်ဆောင်သွားပါသည်။

ရေတိုင်ကီထဲရောက်မှပြင်ပလေအေးများနှင့်ထိတွေ့ ပြီး Coolantအအေးခံရည်ထဲမှာအောင်းနေသည့်အပူများကိုစွန့်ထုတ်ပေးပါသည်။

Coolant အအေးခံရည်များအေးနေသလား၊ ပူနေသလား၊ ပုံမှန်လည်ပတ်နေသည့်အပူချိန်မှာပဲရှိသလား၊ အပူလွန်ကဲပြီး ရေဆူနေသလားစသည့်အပူချိန်အခြေအနေများကိုအာရုံခံပြီးကွန်ပျူတာကိုသတင်းပို့ပေးနေတာ ECT Sensor ဖြစ်ပါသည်။

ECT ဆင်ဆာကရသည့်အပူချိန် data များသည်ကွန်ပျူတာ PCM အတွက်အလွန်အရေးကြီးပါသည်။

အင်ဂျင် Management System တစ်ခုလုံး၏မဟာဗျူဟာကျသည့်ထိန်းချုပ်များမှာတခြားအာရုံခံဆင်ဆာ များထက်ပိုပြီး အရေးပါနေသောကြောင့် ECT Sensor ကို Master Sensor ဟုခေါ်ကြပါသည်။

ECT (Engine Coolant Temperature) ဆင်ဆာကအင်ဂျင်အအေးခံရည်၏အပူချိန်အခြေအနေကို မှန်ကန် တိကျစွာအာရုံခံပြီးကွန်ပျူတာ PCM ကို သတင်းပို့နိုင်မှသာအင်ဂျင်လည်ပတ်မှုမှန်ကန်ပြီးအင်ဂျင်စွမ်းဆောင် ရည်အမြင့်ဆုံးရရှိနိုင်ပါသည်။

အင်ဂျင်စက်စပြီးလည်သည့်အချိန်တွင်အင်ဂျင်အေးနေပါသည်။

အင်ဂျင်အေးနေသည့်အချိန်နှင့်အင်ဂျင်ပူနွေးလာပြီးပုံမှန် Operating အပူချိန်ကိုရောက်သည့်အချိန်မှာအင်ဂျင် လည်ပတ်မှုအခြေအနေများမတူညီနိုင်ပါဘူး။

အင်ဂျင်အေးနေသည့်အခြေအနေမှာလောင်စာဆီရောစပ်သည့်အချိုးက Rich Fuel Mixture ဖြစ်ရန်လိုပါသည်။

ဒါမှအင်ဂျင် Idle Speed မှန်မည်။

အင်ဂျင်တုန်ခါမှုဖြစ်သည်ကိုတားဆီးနိုင်မည်ဖြစ်ပြီးအင်ဂျင်လည်းမြန်မြန်ပူလာမည်ဖြစ်သည်။

အင်ဂျင်တဖြည်းဖြည်းပူလာပြီး ပုံမှန်လည်ပတ်နိုင်သည့်အပူချိန်တစ်ခုရောက်သွားရင်လည်း အင်ဂျင်ပူနေပြီဖြစ်ကြောင်းကွန်ပျူတာ PCM ကသိရန်လိုအပ်ပါသည်။

သို့မှသာလောင်စာဆီရောစပ်မှုအချိုးကိုပြန်ပြီးချပေးမည်ဖြစ်သည်။

ECT Sensor ကမှားယွင်းနေပြီးအပူချိန်အာရုံခံတာကိုမှန်ကန်အောင်သတင်းမပို့နိုင်ခဲ့ရင် PCM ကွန်ပျူတာက အင်ဂျင်အေးနေသေးတယ်ဟုသာမှတ်ယူပြီးဆီရောစပ်မှုအချိုးကများနေမည်ဖြစ်ပြီးဆီစားများမည်ဖြစ်သည်။

အီမစ်ရှင်းတွေများများထွက်ပြီးလေထုညစ်ညမ်းစေမည့်အိတ်ဇော ဓာတ်ငွေ့များထွက်မည်ဖြစ်သည်။

ပိုဆိုးသည်မှာရေတိုင်ကီအအေးခံသည့်ပန်ကာလည်းသင့်သည့်အချိန်တွင်မလည်သေးဘဲနောက်ကျပြီး လည်သောကြောင့်အင်ဂျင်အပူချိန်မြင့်တက်လွန်းတာများပြီး ရေဆူနိုင်ပါသည်။

အင်ဂျင်အအေးခံစနစ်မှာရေတိုင်ကီကိုအအေးခံတဲ့ပန်ကာကလျှပ်စစ်ပန်ကာဖြစ်ပါသည်။

ဒီပန်ကာကအမြဲတမ်းပုံသေမလည်ပါဘူး။

လိုအပ်မှလည်ပါသည်။

မလိုသေးရင်နားထား ပါသည်။

ရပ်လိုက်၊ လည်လိုက်၊ ပြန် နားလိုက်၊ ပြန်လည်လိုက်ပုံစံမျိုးဖြစ်ပါသည်။

အင်ဂျင်စပြီးလည်တဲ့အချိန်မှာအေးနေပါသေးသည်။

ပူနွေးလာပြီးပုံမှန်လည်ပတ်သည့် Operating အပူချိန်ရောက်မှပန်ကာကိုလည်စေပါသည်။

ရေတိုင်ကီထဲမှာအအေးခံရည်မပူမချင်းပန်ကာမလည်သေးပါဘူး။

ပူလာမှပန်ကာကိုလည်စေပါသည်။

ရေတိုင်ကီအေးသွားပါကပန်ကာပြန်ရပ်သွားပါသည်။

ထို့သို့လျှပ်စစ်ပန်ကာကိုကစားနိုင်အောင်ထိန်းချုပ်ပေးနေတာက PCM ကွန်ပျူတာပါ။

PCM ကလည်း ECT ဆင်ဆာကသတင်းပို့သည့် Data ကိုအခြေခံပါသည်။

ထို့ကြောင့်အင်ဂျင်အအေးခံစနစ်ပုံမှန်လည်ပတ်နေနိုင်ဖို့ ECT ဆင်ဆာကအရေးကြီးသည့်နေရာမှာရှိ နေပါသည်။

ဒီဆင်ဆာကောင်းကောင်းအလုပ်မလုပ်သည်နှင့်ပန်ကာလေဆွဲအားလုပ်ဆောင်ချက်များမမှန်ကန်နိုင်တော့ဘဲ အင်ဂျင်အပူချိန်မြင့်တက်လာနိုင်ပါသည်။

အင်ဂျင် Overheat ဖြစ်ပါကအင်ဂျင်၏လုပ်ဆောင်ချက်များမမှန်တော့ပါဘူး။

အင်ဂျင်အပူလွန်ကဲမှုဖြစ်ပြီးအင်ဂျင်ပျက်စီးသွားစေနိုင်ပါသည်။

အရမ်းပူလာရင်အင်ဂျင်ကျပ်ပြီးထိုးရပ်သွားမည်ဖြစ်ပြီးဂတ်စ်ကတ်ပြတ်ထွက်မည်။

အင်ဂျင်ဟတ်လန့်ပြီးကွဲတတ်သည်။

အင်ဂျင်အပူလွန်ကဲရာမှနောက်ဆုံးမီးထပြီးလောင်သွားနိုင်သည်။

ထို့ကြောင့်တချို့ကားများမှာ Cooling Fan အတွက်သီးခြား Coolant Sensor ကိုတပ်ဆင်ထားသည်။ လျှပ်စစ်ပန်ကာအဖွင့် ^အပိတ်ပုံမှန်လုပ်နိုင်ဖို့သီးသန့် Sensor နဲ့ သီးသန့် Fan Circuit ထားပေးသည်။ Coolant Sensor ဆိုသည်မှာကွန်ပျူတာထိန်းချုပ်မှုနှင့်လည်ပတ်နေသည့်အင်ဂျင်များအတွက် အရေးကြီးတယ်။ Fuel Injector က ရောစပ်ပေးတဲ့လောင်စာဆီအချိုး အစား၊ မီးတိုင်မင် (Firing Timing) မီးပေးစောတာ၊ နောက်ကျတာ၊ အင်ဂျင် Slowလည်ပတ်မှုမှန်ကန်ပြီး တည် ငြိမ်နေဖို့ Emission ထုတ််လွှတ်မှု အနည်းဆုံးဖြစ်ရန် ဆီစားသက်သာပြီး အင်ဂျင်စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ရန်အဓိကကျသည့်ဆင်ဆာမှာ ECT Sensor ဖြစ်ပါသည်။

အပူချိန်တိုင်းတာပေးသည့်အာရုံခံဆင်ဆာအများစုက Thermistors အမျိုးအစားဖြစ်ပါသည်။

ယင်းအမျိုးအစားကအပူချိန်ကိုလိုက်ပြီး လျှပ်စစ်ခုခံအား (Resistance)ပြောင်းလဲတတ်သည်။

Negative Temperature Coefficient (NTC) အမျိုးအစား Sensor များ၏လုပ်ဆောင်ချက်ကအပူချိန် မြင့်တက်လာရင်ခုခံအား (Resistance) ပမာဏလျော့ကျသွားသည်။

အင်ဂျင်အေးနေသည့်အချိန်မှာ NTC Sensor များ၏သဘာဝကလျှပ်စစ်ခုခံမှုအများဆုံးဖြစ်သည်။

အင်ဂျင်စက်နှိုးပြီးတဖြည်းဖြည်းပူလာသည်နှင့်ခုခံအားများလည်းလျော့ကျလာသည်။

Coolant Sensor ကို PCM ကွန်ပျူတာကလာသည့်ဝါယာနှစ်စနှင့်ဆက်သွယ်ထားသည်။

ဗို့အားပမာဏ 5 Volts ရှိပြီးအပူချိန်ပြောင်းလဲသလို ခုခံအားလိုက်ပါပြောင်းလဲပေးနိုင်တဲ့ NTC Sensor အမျိုးအစားကကွန်ပျူတာ PCM ကိုပြန်သွားသည့်ဝါယာမှာဗို့အားပမာဏအမျိုးမျိုးကိုပြောင်းလဲ ဖြစ်ပေါ်စေပါသည်။

အင်ဂျင်အပူချိန်တက်လာပါကအအေးခံရည်ပူလာသောကြောင့် NTC ဆင်ဆာ၏ခုခံအားများကျဆင်းသွားမည်။ PCM ကို Return ပြန်လာသည့်ဝါယာစမှာဗို့အားများမြင့်တက်လာပြီးအေးသွားပါကဗို့အားပြန်ကျသွားမည်။

NTC ဆင်ဆာက အပူချိန်ပြောင်းလဲမှုကိုခုခံအားပြောင်းလဲစေခြင်းနဲ့တုံ့ ပြန်သည်။

ထို့သို့ NTC ဆင်ဆာမှ Return ပြန်လာသည့်ဗို့အားအနည်းအများပေါ်မူတည်ပြီးအင်ဂျင်အပူချိန် ပြောင်းလဲမှုအခြေအနေကို နှိုင်းယှဉ်မှတ်သားခြင်းဖြစ်ပါသည်။

ECT ဆင်ဆာကထောက်လှမ်းသတင်းပို့သည့်ဗို့အားအတက်အကျ Signal ကို PCM ကလက်ခံပြီး အင်ဂျင်လည်ပတ်မှုကိုအကောင်းဆုံးဖြစ်စေရန်တွက်ချက်ညွှန်ကြားပါသည်။

PCM ကွန်ပျူတာရဲ့ညွှန်ကြားထိန်းကျောင်းမှုသည် ECT ဆင်ဆာ၏သတင်းပေးပို့မှု Data များအပေါ်မှာ အဓိကကျပါသည်။

ယာဉ်မောင်းသူကအင်ဂျင်၏အပူချိန်အခြေအနေကိုဒတ်ချ်ဘုတ်မှာဖော်ပြထားသည့် Temperature Gauge မှာ ကြည့်နိုင်ပါသည်။

ECT Sensor ယူနစ်ကိုတချို့ ကားတွေမှာအင်ဂျင် Head ထဲမှာတစ်လုံး၊ ရေတိုင်ကီမှာတစ်လုံးတပ် ဆင်လေ့ရှိပါသည်။

ကွန်ပျူတာထိန်းချုပ်သည့်ခေတ်ပေါ် EFI အင်ဂျင်များမှာ ECT Sensor က အဓိကကျသည့်အာရုံခံဆင်ဆာ ဖြစ်နေသောကြောင့် Coolant Sensor မူမမှန်ရင်၊ ပျက်စီးချွတ်ယွင်းလာရင်အင်ဂျင်လည်ပတ်မှုအင်ဂျင် လုပ်ဆောင်ချက်များမမှန်တော့ဘဲဆုံးရှုံးမှုများလာပါသည်။

ဆင်ဆာမကောင်းသည့်ရှေ့ပြေးလက္ခဏာများမှာအင်ဂျင်ဆီစားများလာမည်။

Emission ထုတ်လွှတ်တာများပြီး Emission Test စမ်းသပ်ကြည့်ပါကကျရှုံးတာတွေ့ရပါလိမ့်မည်။

Cooling Fan လည်ပတ်မှုမမှန်သောကြောင့်အင်ဂျင် Overheat ဖြစ်ပြီးရေတိုင်ကီရေဆူမည်။

Coolant Sensor များမှာအများဆုံးဖြစ်တတ်သည့်ပြဿနာများကဝါယာရိန်းအမှားဖြစ်တာ၊ ၀ါယာ ချွတ်ယွင်းခြင်းဖြစ်ပါသည်။

၀ါယာလွတ်နေတာမျိုး၊ Connector အဆက်များချေးတက်ပြီး တဖြည်းဖြည်းယိုယွင်းပျက်စီးတာမျိုးဖြစ်တတ်ပါ သည်။

 Coolant Sensor ကို OBD II Scan Tool ထိုးပြီးအပြစ်ရှာကြည့်ရင်တွေ့ရမည့်Codes နံပါတ်များမှာ

P 0115၊ P 0116၊P 0117 ၊P 0118၊P 0119 နှင့် Coolant Sensor ကိုဗို့အားတိုင်းပြီးစစ်ဆေးကြည့်နိုင်ပါသေး သည်။

ဗို့အားတိုင်းဒီဂျစ်တယ်မီတာတစ်လုံးတော့လိုပါသည်။

အင်ဂျင်အေးနေသည့်အချိန်မှာဗို့မီတာနှင့်တိုင်းကြည့်ရင် 3 Volt လောက်ပဲပြမည်။

ကားစက်လည်ပြီးအင်ဂျင်တဖြည်းဖြည်းပူလာပါကဗို့အားကျဆင်းလာပြီး 1.2 V ကနေ 0.3 V အထိငါးမိနစ် အတွင်းပြလျှင်အင်ဂျင်ရဲ့အပူချိန်ဟာပုံမှန်စက်လည်ပတ်နေတဲ့အပူချိန်ပြခြင်းဖြစ်ပါသည်။

တကယ်လို့ 5 Volt နီးပါးဆိုရင်တော့ Coolant Sensor ဟာ Open ဖြစ်နေသည်။

Earth လွတ်နေတယ်ဆို တဲ့ သဘောသက်ရောက်ပါသည်။

တကယ်လို့ ဗို့အားကလုံးဝမပြဘူးဆို ရင်တော့ ဆင်ဆာထဲမှာ Short ဆားကစ်ဖြစ်နေပါသည်။

ဆင်ဆာမမှန်ရင်အသစ်တစ်လုံးအစားထိုးလဲပေးရန်လိုပါသည်။

Coolant ဆင်ဆာလဲ ပြီးလျှင် အင်ဂျင်အအေးခံစနစ်မှာ အအေးခံရည် ထပ်ဖြည့်ပေးဖို့လိုပါ တယ်။ သုံးနှစ်၊ လေးနှစ်လောက် ကြာအောင်သုံးထားသည့် Coolant ဆို ရင်လည်း အသစ်လဲပေးဖို့လိုပါတယ်။

ခေတ်ဟောင်းကားအင်ဂျင်မှာ Coolant Sensor ဟာ အရေးမကြီးသော်လည်းခေတ်ပေါ်ကွန်ပျူတာစနစ် ထိန်းအင်ဂျင်တွေမှာတော့ Coolant Sensor ကတခြားဆင်ဆာများထက်ပိုပြီးအဓိကကျပြီးအရေးကြီးပါသည်။

ဆင်ဆာမကောင်းရင်အင်ဂျင်လည်ပတ်မှုလုပ်ဆောင်ချက်များမမှန်တော့ဘူး။


 

Read 2377 times