ပူပြင်းတဲ့ရာသီမှာ ကားအသုံးပြုရင် သိထားသင့်တဲ့အချက်(၉)ချက်


အဲကွန်းစနစ်ကို အသုံးပြုတဲ့အခါ ပြင်ပအပူချိန်နဲ့ ကားအတွင်းခန်း အပူချိန်ကို သိပ်ကွာခြားစေတာမျိုး မဖြစ်ပါစေနဲ့။

လက်ရှိအချိန်ဟာ ရာသီဥတု အပူချိန်အလွန်ကဲနေတဲ့ ကာလဖြစ်ပါတယ်။ အဲဒါကြောင့် အပူချိန်အများဆုံး နေ့လယ်အချိန်တွေမှာ ကားရော လူရော အပြင်မထွက်တာ အကောင်းဆုံးပါပဲ။ မတတ်သာလို့ ကားနဲ့ အပြင်ထွက်ကြရရင်တော့ ဖော်ပြထားတဲ့အချက်တွေကို သိရှိလိုက်နာဖို့ လိုအပ်ပါတယ်။

(၁) နေကာတွေ အသုံးပြုပါ

အပူဒဏ်ကို ကာကွယ်ဖို့ တံခါးမှန်တွေ နောက်မှာ လိုက်ကာတွေ တပ်ဆင်ထားဖို့ လိုအပ်သလို လေကာမှန်အပေါ်မှာ ဖုံးအုပ်ဖို့ နေကာတွေကို ကားထဲမှာ အမြဲ ဆောင်ထားသင့်ပါတယ်။

(၂) ကားမှန်ချန်ပြီး ပိတ်ပါ

ကားတံခါးပိတ်တာနဲ့ ပိတ်သက်ပြီး အယူအဆ နှစ်မျိုးရှိပါတယ်။ အဆင့်မြင့်ကားကြီးတွေမှာတော့ ပြင်ပအပူကို ကာကွယ်ထားနိုင်လို့ မှန်အလုံပိတ်ပြီး ထားခဲ့နိုင်ပေမဲ့ သာမန်ကားတွေအနေနဲ့ မှန်အလုံပိတ်တာဟာ အပြင်က အပူတွေ ဝင်ရောက်ပြီး ပြန်မထွက်နိုင်လို့ အပူတွေထိန်းထားသလို ဖြစ်နေပါတယ်။ စက်နှိုးပြီး အဲကွန်းဖွင့်ထားခဲ့ရင်လည်း လူမရှိတဲ့အတွက် လုံခြုံစိတ်ချမှုမရှိနိုင်ပါဘူး။ အဲဒါကြောင့် ကားတံခါးမှန်တွေကို နှစ်လက်မလောက်ချန်ပြီး ပိတ်ရမှာဖြစ်ပါတယ်။

(၃) ကားကိုယ်ထည်ကို ရေဖျန်းပါ

နေပူထဲမှာ ကားကိုရပ်ထားမယ်ဆိုရင် ကားကိုယ်ထည်ပေါ်မှာ ရေဖျန်းထားပြီး အတွင်းခန်းအပူချိန်ကို လျှော့ချနိုင်ပါတယ်။ အဲသည်အတွက် ရေဘုံဘိုင်နဲ့ အနီးဆုံး အနေအထားဖြစ်ရပါမယ်။ ကားနဲ့ သယ်ယူသွားနိုင်တဲ့ ကားရေဆေးကိရိယာလေးတွေ ဆောင်ထားသင့်ပါတယ်။ လက်ကိုင် စပရေးဘူးကို အသုံးပြုပြီးလည်း ရေဖျန်းနိုင်ပါတယ်။

(၄) ကားတံခါးအားလုံးဖွင့်ပါ

ကားကို နေပူထဲထားခဲ့ပြီး ပြန်ရောက်တဲ့အခါ ချက်ချင်းဝင်မမောင်းပါနဲ့။ ပထမဆုံး ကားတံခါးအားလုံးဖွင့်လိုက်ပြီး စက်နှိုးထားပါ။ အဲကွန်းကို အမြင့်ဆုံးမြှင့်တင်ထားပါ။ နှစ်မိနစ်၊ သုံးမိနစ်လောက်ရပ်ကားအတွင်းခန်းထဲက အပူဓာတ်တွေထွက်သွားပြီး လတ်ဆတ်နဲ့အပြင်လေနဲ့လဲလှယ်ပြီးသား ဖြစ်သွားပါတယ်။ အဝေးပြေးလမ်းတွေမှာ ခရီးသွားတဲ့အခါ ရပ်နားတဲ့အခါတိုင်း ကားတံခါးတွေ အကုန်ဖွင့်ပြီး ပြင်ပလေနဲ့ အတွင်းခန်းလေကို လဲလှယ်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

(၅) အဲကွန်းစနစ် ကြိုတင်ပြင်ဆင်ပါ

ကားမှာ အဲကွန်းစနစ်ကို အသုံးပြုတဲ့အခါ ပြင်ပအပူချိန်နဲ့ ကားအတွင်းခန်း အပူချိန်ကို သိပ်ကွာခြားစေတာမျိုး မဖြစ်သင့်ပါဘူး။ အရေပြားထိခိုက်တာ မဖြစ်စေဖို့ မျက်နှာနဲ့ခန္ဓာကိုယ်တည့်တည့်ကို အဲကွန်းလေးတွေ တိုက်ရိုက်မကျ ရောက်စေဖို့ လေထွက်ပေါက်ကို လွှဲထားသင့်ပါတယ်။ အဲကွန်းမဖွင့်တာကြာရင် ဂက်စ်နဲ့တကွ စက်ကိရိယာအစိတ်အပိုင်းတွေ အလုပ်မလုပ်တာ၊ ဂက်စ်စီးဆင်းလမ်းကြောင်းတွေ ပိတ်ဆို့တာတွေ ဖြစ်တတ်ပါတယ်။ အဲဒါက အဲကွန်းစနစ်ဟာ အင်ဂျင်ပါဝါကို ပိုမိုရယူအသုံးပြုရတဲ့အတွက် ကားအင်ဂျင်က သာမန်ထက်ပိုပူလာပြီး အင်ဂျင်အပူရှိန်လွန်ကဲလာတတ်ပါတယ်။ အဲဒါကြောင့် အဲကွန်းစနစ်ကို ကြိုတင် စစ်ဆေးပြုပြင်တာတွေ ပြုလုပ်သင့်ပါတယ်။

(၆) အအေးပေးစနစ် စစ်ဆေးပါ

ပူပြင်းတဲ့ရာသီမှာ အင်ဂျင်အပူလွန်ကဲတာ အများဆုံး ဖြစ်နိုင်ပါတယ်။ ကားမီးလောင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ အဲဒါက အအေးပေးစနစ်တွေ ချို့ယွင်းလို့ ဖြစ်တာများပါတယ်။ အအေးပေးစနစ်တွေက အင်ဂျင်အတွင်း လည်ပတ်စီးဆင်းတဲ့ အင်ဂျင်ဝိုင်စနစ်၊ ရေတိုင်ကီလို့ခေါ်တဲ့ ရေဒီယေတာစနစ်၊ အအေးပေးပန်ကာတွေကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ အင်ဂျင်ထဲမှာ လည်ပတ်တဲ့ အင်ဂျင်ဝိုင်ဟာ အင်ဂျင်ရဲ့ လည်ပတ်တဲ့ အစိတ်အပိုင်းတွေကို ပွန်းပဲ့တာမျိုးမရှိဘဲ လည်ပတ်မှု ချောမွေ့စေရုံမက အင်ဂျင်ရဲ့အပူချိန် မြင့်တက်မှုမရှိအောင် ထိန်းညှိပေးနိုင်ပါတယ်။ အဲဒါကြောင့် အင်ဂျင်ဝိုင်ဟာ သတ်မှတ်ထားတဲ့ပမာဏ ရှိ မရှိ၊ လဲလှယ်ဖို့ လိုအပ်နေပြီလား ဆိုတာကို စစ်ဆေးပြီး ဖြည့်စွက်တာ၊ လဲလှယ်တာတွေ ပြုလုပ်ထားသင့်ပါတယ်။

ရေဒီယေတာ အအေးပေးစနစ်ရဲ့ အစိတ်အပိုင်းတွေက ပုံမှန်အလုပ်လုပ်ရဲ့လားဆိုတာလည်း စစ်ဆေးရမှာဖြစ်တယ်။ ရေတိုင်ကီနဲ့ ရေပြန်ဘူးတွေအတွင်း သတ်မှတ်ထားတဲ့ အမှတ်အသားအထိ ကူးလင့် (coolant) အရည်ရှိ မရှိ စစ်ဆေးသင့်ပါတယ်။ ကူးလင့်အရည်လည်ပတ်တဲ့ပိုက်လိုင်းတွေ ပိတ်ဆို့တာမျိုးရှိမရှိ၊ ရေလည်အုံ ကောင်းမကောင်း၊ သာမိုစတက်က ပုံမှန်အလုပ်လုပ်ရဲ့လား စစ်ဆေးရပါမယ်။ သာမိုစတက် ပိတ်နေရင်လည်း အင်ဂျင်အပူရှိန် မြင့်တက်နိုင်ပါတယ်။

(၇) တာယာအားလုံး စစ်ဆေးပါ

ကားဘီးတာယာတွေ ပွိုင့်မရှိတော့ဘဲ သက်တမ်းလွန်တာယာတွေ ဖြစ်နေရင် ပူပြင်းတဲ့ရာသီမှာ တာယာကွဲထွက်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ အဲဒါကြောင့် တာယာတွေ ကောင်းမကောင်း စစ်ဆေးလဲလှယ်ပြီးမှ ခရီးဝေးမောင်းနှင်သင့်ပါတယ်။တာယာလေပေါင်ဟာ ပူပြင်းတဲ့ရာသီမှာ ပုံမှန်ထက် လေပေါင်ချိန် ပိုတိုးလာလေ့ ရှိပါတယ်။ အဲဒါကြောင့် လေပေါင်ချိန်ဟာ အုံနာဘုတ်မှာပါတဲ့အတိုင်း ဖြစ်သင့်ပြီး ယာဉ်မောင်းသူအနေနဲ့ လေပေါင်ချိန်အနေအထားကို အမြဲစောင့်ကြည့် သတိပြုသင့်ပါတယ်။

(၈) အိတ်ဇောပိတ်နေသလား

အိတ်ဇောပိတ်ဆို့နေတဲ့အခါ အပူရှိန်နဲ့ မီးခိုးတွေက အင်ဂျင်ဆီကို ပြန်လာတဲ့အတွက် အင်ဂျင်အပူရှိန် လွန်ကဲတတ်ပါတယ်။ အိတ်ဇော (catalytic converter) ဟာ လေထုညစ်ညမ်းမှုမဖြစ်အောင်နဲ့ အင်ဂျင်အပူရှိန်လွန်ကဲမှုမဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် catalytic convreter ကောင်းမွန်နေရပါမယ်။ မကောင်းရင် အသစ်လဲလှယ်ရပါမယ်။

(၉) လေကာမှန် ကြည်လင်နေပါစေ

ပူပြင်းတဲ့နေရောင်အောက်မှာ လေကာမှန်ကတစ်ဆင့် ရှေ့မြင်ကွင်းတွေကို အာရုံစိုက်ရတာဖြစ်လို့ အညစ်အကြေးတွေနဲ့ မှုန်ဝါးနေတဲ့ လေကာမှန်က အမြင်အာရုံကို ရှုပ်ထွေးစေတယ်။ အဲဒါကြောင့် လေကာမှန်ကို ကြည်လင်နေအောင် သန့်ရှင်းပေးသင့်ပါတယ်။


 

 

Read 6301 times