မိမိကား ရုတ်တရက်ထိုးရပ်လျှင် ပြုလုပ်ရမည့် အရာများ


ကားမောင်းနေစဉ်အချိန်တွင် မမျှော်လင့်ဘဲ ကားစက်ထိုးရပ်သွားခြင်းမျိုးဖြစ်ပေါ်တတ်ပါသည်။

အင်ဂျင်လည်ခြင်း အရမ်းနည်းလွန်းပါက အင်ဂျင်တုန်ခါပြီး မကြာခဏစက်ရပ်သွားခြင်းဖြစ်စေ၊ မီးပွိုင်တွင် မီးနီနေ၍ စောင့်နေချိန်တွင် ရုုတ်တရက်စက်ရပ်သွားခြင်းမျိုးလည်း ဖြစ်တက်ပါသည်။

ထိုသို့ဖြစ်ပေါ်သွားသည့်အခါ  စက်ပြန်နှိုး၍ ရခြင်းမျိုးရှိသကဲ့သို့ စက်ပြန်နှိုး၍ မရသည့်အခါလည်း ရှိပါသည်။

ထိုသို့ကားအင်ဂျင်စက်ရပ်သွားခြင်းသည် အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခု ဖြစ်နေခြင်းဖြစ် သောကြောင့် ဖြစ်ပေါ်ရသည့်အကြောင်းအရင်း၊ ချို့ယွင်းချက်အပြင် အားနည်းချက်ကို ရှာကြည့်ရန်အတွက် အန္တရာယ်လွတ်ကင်းသော လမ်းဘေးတစ်နေရာကို အရင်ဆုံးရွှေ့ပြောင်းသင့်ပါသည်။

မိမိကားရပ်ထားသိသည်ကို နောက်မှလာသောကားသိစေရန် သတိပေး (sign) လုပ်ပေးထားခြင်း၊ အချက်ပြမီးဖွင့်ထားခြင်းများလုပ်၍ အင်ဂျင်ဘောနက်ဖုံးဖွင့်ပြီး အင်ဂျင်အပူလွန်ကဲပြီး ရေတိုင်ကီဆူနေခြင်း၊ ဆီကုန်ခြင်း၊ ဆီဒိုင်ခွက်တွင် လောင်စာဆီလက်ကျန်ပြနေခြင်းအပြင် ဘက်ထရီခေါင်းချောင်နေသောကြောင့် လမ်းကြမ်းဆောင့်မိဒဏ်များ ဖြစ်သည့်အခါတွင် ဘက်ထရီကြိုးလွတ်သွားတက်သဖြင့် ဘက်ထရီကြိုးကိုပါ စစ်ဆေးသင့်ပါသည်။

စက်ရပ်သွားသောကားသည် ဓာတ်ဆီကားဖြစ်ပါက ထိုကားတွင် အင်ဂျင်ပုံမှန်လည်ပတ်ရန်အတွက် လေနှင့် ဆီရောနှောပါဝင်နှုန်းအချိုးအစားမှန်ရပါမည်။

မီးပေးစနစ် (Ignition System) ကောင်းရန်အတွက် ပလပ် (Plug) များက Timing အလိုက် မီးပွား (Spark) ပွင့်ပေးရန်လိုပါသည်။

ပလက်ကလည်း ပုံမှန်အပူချိန်တွင်သာရှိရမည်ဖြစ်ပြီး ရေဆူ၍ အပူလွန်ကဲခြင်းမျိုးဖြစ်ပါက အင်ဂျင် အတွင်းတွင်ရှိသော သတ္တုပစ္စတင်များ ပွလာပြီး အင်ဂျင်ဆလင်ဒါ ကျပ်၍ စက်ရပ်သွားနိုင်ပါသည်။

ထို့အပြင် ရေတိုင်ကီကိုစစ်ဆေးရမည်ဖြစ်ပါသည်။

အင်ဂျင်အပူလွန်ကဲပြီး ရေတိုင်ကီထဲက ရေနွေးငွေ့များ ပန်းထွက်လာသည့်အခါ အခြေအနေဆိုးလာပြီး အင်ဂျင်အပူလွန်ကဲ၍ စက်ရပ်သွားခြင်းမျိုး ဖြစ်နိုင်ပါသည်။

ရေတိုင်ကီထဲကို ရေလောင်းထည့်ပြီး အင်ဂျင်အေးသွားအောင် အရိပ်ရသောနေရာတွင် ကားကို ရပ်နားထားရပါမည်။

ရေတိုင်ကီမှတစ်ဆင့် ရေယိုစိမ့်နိုင်သော နေရာများကို စစ်ဆေးကြည့်သင့်ပါသည်။

ကားရေဆူရသည့် အကြောင်းအရင်းများမှာ ပန်ကာကြိုးလျော့နေပါက ပန်ကာလေသွင်း အား မကောင်းခြင်းကြောင့် ရေတိုင်ကီက အပူထုတ်ခြင်း အားနည်းလာခြင်းကြောင့် ဖြစ်ပါသည်။

လျှပ်စစ်ပန်ကာနှင့် အအေးခံသော အမျိုးအစားဖြစ်ပါက ပန်ကာပျက်နေခြင်း၊ ရေတိုင်ကီတွင်ဖုန်၊ သဲများ ပိတ်နေခြင်း၊ အပူချိန်အာရုံခံစနစ်မကောင်းခြင်း၊ စသည့်အားနည်းချက်တစ်ခုခုကို ရှာကြည့်သင့်ပါသည်။

အင်ဂျင်အပူလွန်ကဲခြင်းမြင့်လာပါက ဂတ်စ်ကတ်ပြတ်နိုင်ပါသည်။

အင်ဂျင်အအေးခံပြီး ရေတိုင်ကီတွင်ရေပြန်ဖြည့်၍ ဘက်ထရီကောင်းမကောင်းလည်း စစ်ဆေးကြည့်ပြီးပါက စက်နှိုးကြည့်နိုင်ပါသည်။

အင်ဂျင်အေးသွားသော်လည်း စက်မနို်းပါက Timing Belt ကြိုးပြတ်ပြီး စက်ရပ်သွားခြင်းဟုတ်မဟုတ် သေချာအောင် Timing Belt Cover အဖုံးကိုဖွင့်ကြည့်သင့်ပါသည်။

Belt ကြိုးပြတ်သည်ဆိုပါက ကားဝပ်ရှော့ကို အကြောင်းကြားပြီး ကားဆွဲရန်ပြင်ဆင်သင့်ပါသည်။

Timing Belt ကြိုးပြတ်သွားလျှင်စက်ထိုးရပ်သွားနိုင်သကဲ့သို့ ကားသော့အုံ (Ignition Switch) တွင် ချို့ယွင်းချက်တစ်ခုခုဖြစ်၍လည်း လုံးဝမီးပျောက်သွားခြင်းမျိုးလည်း ဖြစ်တက်ပါသည်။

ဖျူးစ် (Fuse) ပျက်သွားခြင်း၊ မီးပျောက်ခြင်း၊ ဆီ ပျောက်ခြင်းကြောင့် စက်ထိုးရပ် နိုင်ပါသကဲ့သို့ ဘယ်အစိတ်အပိုင်း က ဘာဖြစ်တာလဲဆိုတာ တိတိကျကျ သိအောင် ရှာဖို့လိုအပ်ပါသည်။

ကားစက်ဖုံးဖွင့်ကြည့်ချိန်တွင် အင်ဂျင်ခန်းအတွင်း ဘာတွေထူးခြား နေသလဲဆိုသည်ကို သေချာကြည့် သင့်ပါသည်။

ညှော်နံ့ရခြင်း၊ ပန်ကာကြိုးချောင်နေခြင်း၊ ရေတိုင်ကီ ရေဆူနေခြင်း၊ ရေပိုက်ပေါက်နေခြင်း၊ အားလုံးကို စစ်ဆေးကြည့်ရမည်ဖြစ်ပါသည်။

ခန့်မှန်း၍ရရန် ကားဟွန်းသံကိုတီးကြည့်ပြီး ဟွန်းသံ လုံးဝမမြည်ခြင်း၊ အသံတိုးလွန်းခြင်း၊ ကားမီးကြီးအလင်းရောင် အားနည်း လွန်းခြင်းစသည့်တို့ဖြစ်ပါက ကားဘက်ထရီ အားကုန်သွားတာ မျိုး ဖြစ်နိုင်ပါသည်။

သို့မဟုတ် ဟွန်းသံကျယ်ခြင်း၊ ဝိုင်ဘာရေ သုတ်တံလည်ခြင်း၊ ရှေ့မီးကြီး လင်းခြင်းများက ပုံမှန်ဆိုလျှင် ကားဘက်ထရီကောင်းပါသည်။

ထို့အပြင် လောင်စာဆီပို့စနစ်ကိုလည်း စစ်ဆေးပေးသင့်ပါသည်။

ဆီတွန်းစနစ်က အသုံးပြုထားသော စနစ်အပေါ်မူတည်ပြီး ကိုယ်တိုင် စစ်ဆေး၍ရ၊ မရကွာခြားပါသည်။

 EFI စနစ်ကဲ့သို့ အဆင့်မြင့် စနစ်များဆိုလျှင် နားလည်ရခက်ခဲပြီး စစ်ဆေးသည့်နေရာတွင်လည်း နည်းပညာပစ္စည်းအထောက်အပံ့များ လိုအပ်ပါသည်။

ဆီစစ်ဘူးပိတ်နေခြင်း၊ ဆီထဲတွင် ရေများ၊ အမှိုက်စများ ရောပါနေခြင်းများကြောင့် ဆီလှည့်စနစ်ကို အနှောင့်အယှက် ဖြစ်စေပါသည်။

ဆီထဲတွင် ရေရော ပါနေပါကလည်း စက်ရပ်သွားနိုင်ပါသည်။

ကာပရိုက်တာ စနစ်သုံးကားများဖြစ်ပါက ဆီပိတ်ခြင်းကို အလွယ်တကူ စစ်ဆေးနိုင်ပြီး နည်းပညာမြင့်ကားများတွင် EFI စနစ်၊ GDI စနစ်သုံးလာခြင်းကြောင့် စစ်ဆေးရန်ခက်ခဲ့ပါသည်။

ကားစက်ရပ်ခြင်းက Plug ပျက်ရင်လည်း ဖြစ်နိုင်ပြီး Spark Plug ထိပ်ဖျားတွင် တိုင်မင်ကိုက် မီးပွားပွင့်မထွက်ခြင်း၊ Plug ထိပ်တွင် မီးမကူးခြင်းများ ဖြစ်ပါက အင်ဂျင်စက်ရပ်သွားနိုင်ပါသည်။

Plug မီးမကူးနိုင်သည့်အကြောင်းရင်းများ အများအပြားရှိပြီး မော်ဒယ်နိမ့်ကားများတွင် ပွိုင့်က မီးဖြတ်ပြီး Ignition Coil မှထွက်လာသော High Voltage ကို Distributor က မီးဖျန်းပေးပါသည်။

မော်ဒယ်မြင့်ကားတွင် Distributor မှတစ်ဆင့် မီးဖြတ်သော စနစ်မဟုတ်ဘဲ ပလပ််တစ်လုံးချင်းကို မီးကွိုင် တစ်လုံးစီမှ မီးပေးပြီး မီး Timing ကို ကွန်ပျူတာနဲ့ချိတ် ဆက်ထားသည့် ECU (Electronic Control Unit) က ထိန်းချုပ်ပါသည်။

Crank Shaft Position Sensor မှ ပို့လိုက်သောသတင်း အချက်အလက်အရ ECU မှ မီး Timing ကို ဆုံးဖြတ်အမိန့်ပေးပြီး ထိုနေရာတွင် Crank Shaft Position Sensor မကောင်းပါက ECU က အမိန့်ပေး ဆောင်ရွက်ချက်လွဲသွားစေပါသည်။

ကွန်ပျူတာစနစ်သုံးသော မော်ဒယ်မြင့်ကားများတွင် ECU ကို ပါဝါ ပို့ပေးသော Relay ဘူးများကောင်းရန်လိုပြီ နောက်တစ်ချက်မှာ ဗို့အား မတည်မငြိမ်ဖြစ်ရင်လည်း ပြဿနာဖြစ်နိုင်ပါသည်။

ECU က 12 Volt တွင်သာ အလုပ်လုပ်ပြီး ဗို့အားလျော့ခြင်း (သို့ မဟုတ်) overcharging ဖြစ်၍ သတ်မှတ်ဗို့အားထက် ပိုမြင့်သွား ခြင်းမျိုးဆိုပါက ECU စနစ် အလုပ်မလုပ်နိုင်တော့ကြောင်းသိရပါသည်။

ထိုကဲ့သို့ မီးပြဿနာဖြစ်ပါက ကားဝပ်ရှော့ပ်တွင်သာ OBD Scan Tool နဲ့ စစ်ဆေးရပြီး မော်ဒယ်နိမ့်ကားများဆိုပါက ပလပ််ကိုမီးမရောက်ခြင်းကို စစ်ဆေးရလွယ်ပါသည်။

Coil များ၊ Distributor များ၊ Plug Wire များ ရေစိုသွားပါက ပလပ်ကို မီးမရောက်တော့ဘဲ စက်ရပ်သွားစေပြီး ထိုပြဿနာမျိုးများက မိုးတွင်း ရေကြီးသောလမ်းကို ဖြတ်မောင်းမိပါက ပလပ်ကို မီးမရောက်၍ အင်ဂျင်စက်ရပ်သွားခြင်း ဖြစ်နိုင်ပါသည်။

ကားတစ်စီး၏ ရုတ်တရက်စက်ရပ်ခြင်းမျိုး မဖြစ်စေရန်အတွက် အဓိကလုပ်ဆောင်သင့်သည်များက အခြေခံစစ်ဆေးမှုများဖြစ်သည့် ဆီ၊ ရေ၊ လေ၊ ဝိုင် နေစဉ်စစ်ဆေးခြင်း၊ လစဉ်ပုံမှန်စစ်ဆေးသင့်ခြင်းများနှင့် သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်၊ စစ်ဆေးပြုပြင်ပေးသင့်ခြင်းများကို ပုံမှန်စစ်ဆေးပြုပြင်ပေးသင့်ပါသည်။

 

Read 6013 times