တရုတ်အီးဗီများအတွက် တရုတ်အစိုးရ အထောက်အပံ့များ ဥရောပသမဂ္ဂ  စုံစမ်းစိစစ်


တရုတ်အီးဗီများအတွက် တရုတ်အစိုးရ အထောက်အပံ့များ ဥရောပသမဂ္ဂ  စုံစမ်းစိစစ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် လျှပ်စစ်ကားများနှင့်ပတ်သက်၍ အစိုးရ ထောက်ပံ့ကူညီမှု ရသဖြင့် ဈေးချရောင်း‌နေခြင်းကို တိုက်ဖျက်ရန်  တစ်နှစ်တာ ကာလတရပ်အပေါ် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်လျက်ရှိရာ လာမည့် ကိုးလအတွင်း အဖြေရလဒ်များ ထုတ်ပြန်ပေးမည်။ လိုအပ်ပါက ဥရောပသို့ တင်သွင်းသည့် တရုတ်ကားများအပေါ် သွင်းကုန်ခွန်အပါအဝင် အခွန်အခများ စည်းကြပ်ခြင်းဖြင့် အရေးယူ ဆောင်ရွက်မှုများ ရှိမည်ဖြစ်သည်။

ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ပြီးခဲ့သည့် စက်တင်ဘာလက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ကြေညာခဲ့ပါသည်။ 
 စုံစမ်းစစ်ဆေးမှုသည် ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်ကား  battery-powered electric vehicles (BEVs) အသစ်များနှင့် တရုတ်အစိုးရမှ ပေးအပ်သော  ထောက်ပံ့မှုများအပေါ် အာရုံစိုက်မည် ဖြစ်သည်။

ဥရောပမှ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍ အနေဖြင့် တရုတ်အီးဗီများ ဥရောပတွင် ဈေးသက်သက်သာသာဖြင့် ရောင်းချသည်ကို မနှစ်မြို့သော်လည်း ဥရောပကော်မရှင်က တရုတ်အီးဗီများအပေါ် အရေးယူ ဆောင်ရွက်ပါက တရုတ်အစိုးရက မလွဲမသွေ လက်စားချေ တုံ့ပြန်မည့်အရေးအပေါ် စိုးရိမ်ပူပန်ကြသည်။ 

ယခု အီးဗီကို ကိုင်တွယ်ပြီးလျှင် အီးယူသည် တရုတ်နိုင်ငံမှ တင်ပို့သည့် ဆိုလာပြားများ ဈေးသက်သာသည်မှာ တရုတ်အစိုးရ ထောက်ပံ့မှုကြောင့် ဟုတ်မဟုတ်ကို စုံစမ်းစိစစ်မည် ဖြစ်သည်။

 တရုတ်အစိုးရမှ ပေးအပ်သော ထောက်ပံ့ငွေများမှ တရုတ်အီးဗီ လုပ်ငန်းများ အကျိုးအမြတ်ရရှိကြောင်း ပြသရန် လုံလောက်သော အထောက်အထားများ စုဆောင်းထားကြောင်း ကော်မရှင်က အသိပေးစာ ထုတ်ပြန်သည်။ 
" တရုတ်အစိုးရ ထောက်ပံ့ကြေးများဖြင့် တရုတ်အီးဗီများသည် အီးယူတွင် ၎င်းတို့၏ စျေးကွက်ဝေစုကို လျင်မြန်စွာတိုးမြှင့်နိုင်စေရန် ပံ့ပိုးပေးသည်။ အီးယူ၏ စက်မှုလုပ်ငန်းကဏ္ဍကို ထိခိုက်နစ်နာစေသည်" ဟု ဖော်ပြထားသည်။

တရုတ်အစိုးရ၏ ပံ့ပိုးမှုများတွင် ဘဏ္ဍာငွေ တိုက်ရိုက်လွှဲပြောင်း ပေးအပ်ခြင်း၊ အစိုးရဝင်ငွေ ရပေါက်ရလမ်းဖြစ်သော အခွန်အခများကို စည်းကြပ်ကောက်ခံခြင်း မပြုခြင်း၊ အစိုးရမှ ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပေးသင့်ပေးထိုက်သည်ထက် လျော့နည်းပြီး ပေးချေကာ အသုံးပြုခြင်း အစရှိသည်တို့ ပါဝင်သည်။

အီးယူကော်မရှင်၏ စုံစမ်းစိစစ်ခြင်းသည် ယာဉ်မောင်း အပါအဝင် လူ ၉ ယောက်နှင့်အောက် စီးနိုင်သည့် ဘက်ထရီသုံး လျှပ်စစ်ကားများကို စူးစိုက်ထားသည်။ 
တရုတ်ပြည်တွင် အီးဗီ ထုတ်လုပ်ပြီး ဥရောပသို့ ကားတင်ပို့သည့် အီးဗီထုတ်လုပ်ရေး လုပ်ငန်းအားလုံး အကျုံးဝင်သည်။ သို့ဖြစ်ရာ Tesla နှင့် BMW တို့ ပါဝင်သည်။ တရုတ်ကားအမှတ်တံဆိပ်များ ဖြစ်ကြသည့် BYD, SAIC, Nio တို့ ပါဝင်သည်။


တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အဆိုပါ စုံစမ်းစစ်ဆေးမှုသည် ထင်မြင်ယူဆချက်အပေါ် အခြေခံထားပြီး လုံလောက်သော အထောက်အထားများ ကင်းမဲ့နေကြောင်း ကြေညာချက် ထုတ်ပြန်သည်။

စုံစမ်းစစ်ဆေးမှုတွင် အကျုံးဝင်သည့်ကာလသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ တစ်နှစ်တာ ကာလ ဖြစ်သည်။

တန်ပြန်အရေးယူ ဆောင်ရွက်မှုများအတွက် သက်ရောက်မည့် သက်တမ်းကာလသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စုံစမ်းစစ်ဆေးမှုပြီးဆုံးချိန်အထိ  အကျုံးဝင်မည်ဖြစ်သည်။

Source Bloomberg

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 258 times