Subaru က ပလပ်ထိုး ဟိုက်ဘရစ်ကား အမျိုးအစား ထုတ်လုပ်မှု အဆုံးသတ်မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Subaru သည် လျှပ်စစ်နှင့် ဟိုက်ဘရစ်ကားများကို အာရုံစိုက်ရန် ပလပ်ထိုး ဟိုက်ဘရစ် ကားများ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်နေခြင်းကို ရပ်ဆိုင်းတော့မည်ဟု Nikkei Asia မှ သတင်းဖော်ပြပါသည်။
သန့်ရှင်းသောစွမ်းအင် ဖွံ့ဖြိုးရေးကုန်ကျစရိတ် လျှော့ချရန်အတွက် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပါသည်။
လျှပ်စစ်ကားစစ်စစ်ဆီသို့ ကူးပြောင်းနေသည့် စပ်ကူးမတ်ကူးကာလတွင် ကားထုတ်လုပ်သူများသည် ပလပ်ထိုး ဟိုက်ဘရစ် plug-in hybrids ၊ ဟိုက်ဘရစ် hybrid နှင့် လျှပ်စစ်ကား electric car များအပါအဝင် ပါဝါရယူသည့် နည်းလမ်းအမျိုးမျိုးဖြင့် ကားများကို ထုတ်လုပ်နေကြသည်။
Subaru သည် ပလပ်ထိုး ဟိုက်ဘရစ်ကား ရောင်းအား အားနည်းမှုကြောင့် ပလပ်ထိုး ဟိုက်ဘရစ်ကား ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်မှုတို့ကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။
S&P Global မှ ထုတ်ပြန်သော အချက်အလက်များအရ ယမန်နှစ် ကမ္ဘာ့ကားရောင်းအားတွင် ပလပ်ထိုး ဟိုက်ဘရစ်ကားရောင်းအားသည် ၂% မျှသာ ရှိသည်။
ပလပ်ထိုး ဟိုက်ဘရစ်ကားအမျိုးအစားသည် ဓာတ်ဆီ- လျှပ်စစ် နှစ်မျိုးစပ် ဟိုက်ဘရစ် မော်တော်ယာဉ်များ ဖြစ်သည်။ ကားရပ်နားထားစဉ် ဓာတ်အားလိုင်းတွင် မီးကြိုးကို ပလပ်ထိုးပြီး ကားမှ ဘက်ထရီကို အားသွင်းနိုင်သည်။ ပုံမှန်အားဖြင့် ဘက်ထရီပါဝါဖြင့် ခရီးတာ ကီလိုမီတာ ၈၀ ခန့် သွားနိုင်သည်။ ဘက်ထရီ အားကုန်ခါနီးသောအခါ ကားမှာတပ်ဆင်ထားသည့် ဓာတ်ဆီအင်ဂျင်ဖြင့် ပါဝါရယူပြီး ကားကို မောင်းနှင်ခြင်းနှင့် ကားမှ ဘက်ထရီကို အားသွင်းခြင်းတို့ လုပ်ဆောင်သည်။
Subaru သည် ပလပ်ထိုး ဟိုက်ဘရစ် အမျိုးအစား Crosstrek SUV ကို ထုတ်လုပ်သည်။ နောက်နှစ် ၂၀၂၃ မှစ၍ Crosstrek ကို ပလပ်ထိုးဟိုက်ဘရစ်အမျိုးအစား ထုတ်လုပ်မှု ရပ်ဆိုင်းမည် ဖြစ်သည်။
Subaru သည် ပလပ်ထိုး ဟိုက်ဘရစ် အမျိုးအစား Crosstrek SUV ကို ၂၀၁၈ ခုနှစ် ကတည်းက စတင်ရောင်းချခဲ့သည်။ အမေရိကန်ဈေးကွက် ရောင်းဈေးမှာ US$36,845 ဖြစ်သည်။ ယမန်နှစ်က အမေရိကန်ဈေးကွက်တွင် စီးရေ ၂,၆၀၀ မျှသာ ရောင်းရသည်။
Subaru သည် အီးဗီ ထုတ်လုပ်မှုကို စူးစိုက် လုပ်ကိုင်သွားမည်ဖြစ်ပြီး လာမည့် ၅ နှစ်တာတွင် အီးဗီဖွံ့ဖြိုးရေးအတွက် ဂျပန်ယန်း ၂၅၀ ဘီလီယံ (ကန်ဒေါ်လာ ၁.၈ ဘီလီယံ) သုံးစွဲရန် လျာထားသည်။
၂၀၂၇ တွင် ဂျပန်နိုင်ငံမှာ Subaru က အီးဗီစက်ရုံ တစ်ရုံ ထူထောင်မည်။
လက်ရှိတွင် Subaru သည် အီးဗီဖွံ့ဖြိုးရေးကို Toyota Motor နှင့်အတူ လက်တွဲပြီး လုပ်ကိုင်နေသည်။ Toyota Motor က Subaru တွင် အစုရှယ်ယာ ၂၀% ပိုင်ဆိုင်သည်။
Subaru သည် အီးဗီဖွံ့ဖြိုးရေးကို သီးခြားရပ်တည်ပြီး လုပ်ဆောင်သွားမည် ဖြစ်သည်။
အီးဗီဖွံ့ဖြိုးရေးသည် ကန်ဒေါ်လာ သန်းရာချီ ကုန်ကျသဖြင့် Subaru သည် ပလပ်ထိုး ဟိုက်ဘရစ် ဖွံ့ဖြိုးရေးနှင့် အီးဗီဖွံ့ဖြိုးရေး နှစ်မျိုးကို အပြိုင်ဆောင်ရွက်ရန် ဘဏ္ဍာရေး အခက်အခဲ ရှိသဖြင့် ပလပ်ထိုး ဟိုက်ဘရစ် ဖွံ့ဖြိုးရေးကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ပလပ်ထိုးဟိုက်ဘရစ်သည် ကြီးမားသော သိုမှီးစွမ်းရည်နှင့် ပါဝါအထွက် မြင့်မားသော ဘက်ထရီ လိုအပ်သည်။ ထို့ပြင် ပလပ်ထိုးဟိုက်ဘရစ် များသည် အခြေခံအားဖြင့် အီးဗီ နှင့် ဟိုက်ဘရစ် နှစ်မျိုးလုံး၏ အင်္ဂါရပ်များ ပါရှိပြီး ဖွံ့ဖြိုးရေးအတွက် နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ကြရသဖြင့် ကုန်ကျစရိတ် ကြီးမားသည်။
ဟိုက်ဘရစ်နှင့် အီးဗီ နှစ်မျိုးကိုသာ ဆက်လက်လုပ်ဆောင်မည် ဖြစ်ရာ၌ ဟိုက်ဘရစ် အတွက် Toyota နှင့် လက်တွဲထားပြီး Toyota ထံမှ နည်းပညာ ရယူမည် ဖြစ်သည်။
Subaru သည် ဟိုက်ဘရစ် မော်ဒယ်အသစ်ကို ၂၀၂၅ တွင် ထုတ်လုပ်ရန် ရည်မှန်းထားသည်။
Source FMT
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U