စတားဂျစ် မော်တော်ဆိုင်ကယ် ပွဲတော်ကြီး


အမေရိကန်နိုင်ငံ ဆောက်သ် ဒါကိုတာပြည်နယ် အနောက်ပိုင်းရှိ စတားဂျစ်မြို့တော်တွင် မော်တော်ဆိုင်ကယ်  ပွဲတော်ကြီး  Sturgis Motorcycle Rally ကို နှစ်စဉ် ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်း ကိုဗစ် delta မျိုးကွဲ ကူးစက်မှုများ အမေရိကန်တွင် ပြင်းထန်နေစဉ်မှာပင် (၈၁)နှစ်မြောက် မော်တော်ဆိုင်ကယ် လူထုစည်းဝေးပွဲကြီး မပျက်မကွက် ကျင်းပခဲ့ကြပါတယ်။ 
၂၀၂၁ ခုနှစ် ဩဂုတ်လ ၆ ရက် သောကြာနေ့မှာ ယခုနှစ်အတွက် မော်တော်ဆိုင်ကယ်  ပွဲတော်ကြီးကို စတင်ကျင်းပခဲ့ပါတယ်။ စတားဂျစ်မြို့ကြီးရဲ့ လမ်းတွေပေါ်မှာ မော်တော်ဆိုင်ကယ်တွေ ပြည့်သွားတယ်။ မော်တော်ဆိုင်ကယ် အင်ဂျင်သံတွေ အိပ်ဇောသံတွေ ညံနေတယ်။ 
အများစုက မတ်စ်မဝတ်ထားကြဘူး။ ပခုံးဘေးချင်းတိုက်ပြီး အတူထိုင် ဘီယာသောက်ကြတယ်။ ဖျော်ဖြေရေး ရော့ခ်ဂီတပွဲ ကြည့်ကြတယ်။ တကယ်တော့ ဆောက်သ်ဒါကိုတာ ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ များနေတယ်။ 

ပွဲစီစဉ်သူတွေက လူ ခုနစ်သိန်းတော့ အနည်းဆုံး လာမယ်လို့ မျှော်မှန်းထားတယ်။ ပွဲတော်က ၁၀ ရက်တိုင်တိုင် ကျင်းပတယ်။ ဘိုက်ကာ biker တွေ တစ်နှစ်တစ်ခါ ဆုံဆည်းကြတဲ့ပွဲဖြစ်လို့ အလွတ်မခံကြဘူး။ ပြီးတော့ စတားဂျစ် မော်တော်ဆိုင်ကယ်ပွဲတော်ကြီးကို တစ်သက်မှာ တစ်ခါတော့ အနည်းဆုံး ရောက်ဖူးရမယ်လို့ အားခဲပြီး လာကြတဲ့သူတွေလည်း ရှိတယ်။ တချို့အတွက်တော့ ဒီပွဲတော်ကို လာတာဟာ နှစ်တိုင်း ပြုနေကျ ဘုရားဖူးခရီးပဲ။ 
“မိသားစု အသိုင်းအဝိုင်းကြီးတစ်ခုထဲ ရောက်သွားသလို ခံစားရတယ်။ စိတ်တူကိုယ်တူတွေချည်းပဲ။ ငါတို့ အားလုံး မော်တော်ဆိုင်ကယ်တွေကို ချစ်ကြတယ်။ ခင်ဗျားက မော်တော်ဆိုင်ကယ်သမားဆိုရင် ဒီပွဲတော်ကို တစ်သက်မှာ တစ်ခါတော့ လာဖူးရမယ်” လို့ ဆိုင်ကယ်ချစ်သူ အေရွန်ဟာပါက ပြောတယ်။ 

ဒေသခံတွေနဲ့ လူထုကျန်းမာရေး ကျွမ်းကျင်သူတွေက ပွဲတော်ကို စိတ်ပူတယ်။ ကိုရိုနာဗိုင်းရပ်စ်တွေ အနယ်နယ် အရပ်ရပ် ရောက်သွားအောင် ထည့်လွှတ်ပေးလိုက်တဲ့အဖြစ်မျိုးကို မကြုံချင်ကြဘူး။ မနှစ်က ပွဲလာတဲ့ မော်တော်ဆိုင်ကယ်သမားတွေ ရာနဲ့ချီပြီး ပိုးကူးသွားကြတယ်။ သူတို့ နေထိုင်ရာအရပ်ကို ပိုးတွေ သယ်သွားကြတယ်။ စတားဂျစ်မှာ နေထိုင်တဲ့ မြို့ခံတွေမှာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးတဲ့လူဦးရေက ၆၀.၆ % ပဲ ရှိသေးတယ်။ ပိုးပါတဲ့သူတွေ ပါလာမှာ သေချာတယ်။ ဧည့်သည်တွေအကြားမှာလည်း ကူးစက်မယ်။ မြို့ခံတွေကိုလည်း ကူးစက်မယ်။ ပြည်နယ်အနေဖြင့်လည်း အခုရက်ပိုင်းမှာ ကူးစက်မှုတွေ တိုးလာနေတယ်။ ကျန်းမာရေးဌာနက အစီရင်ခံတာမှာ ပြီးခဲ့တဲ့ အပတ်မှာ ဗိုင်းရပ်စ်ကူးစက်နှုန်း ၆၀ % ခုန်တက်သွားခဲ့တယ်။ ပြီးတော့ အခုကူးစက်နေတာက ကူးစက်မှု အလွန်မြန်ဆန်တဲ့ delta မျိုးကွဲ ဖြစ်နေတယ်။  ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ပိုးကူးစက်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တယ်။ 
အခုနစ်မှာ ပွဲက ယခင်နှစ်ထက် ပိုကြီးတယ်။ မနှစ်က မလာဖြစ်ခဲ့တဲ့သူတွေက ဒီနှစ်မှာ မဖြစ်မနေ လာကြတယ်။ ကိုဗစ်ကူးပြီး သေသွားရင် မလာလိုက်ရမှာ စိုးလို့ လာတဲ့သူတွေလည်း ရှိတယ်။ 

ဒီနှစ်မှာ လူထုနေရာတွေမှာ အရက်မသောက်ရလို့ တားမြစ်ထားတာကို ပွဲတော်ရက်တွေမှာ ယာယီရုပ်သိမ်းပေးထားတယ်။ လေဝင်လေထွက်မကောင်းတဲ့ ဘားတွေထဲမှာ လူတွေ ပြည့်ပြီး ထိုင်သောက်နေတာထက် အပြင်ဘက် လမ်းပေါ်မှာ သောက်ကြတာက ကူးစက်မှု ပိုသက်သာမယ်။ လေဟာပြင်မှာ ထွက်သောက်ခွင့် ပေးထားလိုက်တယ်။ မတ်စ် မဖြစ်မနေ တတ်ဖို့ကိုတော့ အမိန့်မထုတ်ပြန်ဘူး။ “မတ်စ် တပ်ချင်လို့ တပ်တယ်ဆိုရင် အဲဒါ ခင်ဗျားသဘော။ မတ်စ် မတပ်ချင်လို့ မတပ်ဘဲနေတယ်ဆိုရင်လည်း အဲဒါ ခင်ဗျားသဘော” လို့ ဆိုတယ်။ 

 


 

 

 

 

 

 

 

Read 363 times