ကားမှကပ်ထားတဲ့ စတစ်ကာတွေ ခွာမယ်ဆိုရင်

ကားတွေမှာကပ်ထားတဲ့စတစ်ကာတွေကိုခွာတော့မယ်ဆိုရင် အသုံးချနိူင်တဲ့ နည်းလမ်းအမျိုးမျိုးရှိကြပါတယ်။

ပထမအဆင့် အနေနဲ့ပလပ်စတစ်သား စတစ်ကာတွေကို ကားကိုယ်ထည်၊ ကားဘန်ပါ၊ တွေကနေခွာထုတ်ဖို့အတွက် ဆံပင်အခြောက်ခံစက်(Hair Dryer) လို အပူငွေ့မှုတ်ထုတ်ပေးနိူင်မယ့်ကိရိယာနဲ့ Credit Card (သို့မဟုတ်) ဖုန်းဆင်းမ်ကဒ်လို ပလပ်စတစ်ကဒ်အမာပြားတစ်ခုလိုအပ်ပါတယ်။

ဒီနေရာမှာ ပလပ်စတစ်ကဒ်အမာသားအစား မုတ်ဆိတ်ရိတ်ဓါးအပါးတွေ ကိုလည်းအသုံးပြုကြတာရှိပါတယ်။ မုတ်ဆိတ်ရိတ်ဓါးကိုသုံးခြင်းအားဖြင့် ကားရဲ့ ဆေးသားတွေကို ပွန်းပဲ့စေတာမျိုးတွေဖြစ်နှိုင်ပါတယ်။ အဲဒါကြောင့်ပလပ်စတစ်ကဒ်ပြား အမာကိုသုံးတာက အသင့်တော်ဆုံး ဖြစ်ပါတယ်။

ခွာထုတ်မယ့်စတစ်ကာတွေ အပေါ်ကို Hair Dryer သုံးပြီးအပူပေးရပါမယ်။ အပူရှိန်ရှိနေတဲ့စတစ်ကာတွေကို အနားသပ်နေရာတွေကစပြီး ပလပ်စတစ်ကဒ်ပြားအမာဖြင့်ခွာထုတ်ရမှာဖြစ်ပါတယ်။ ပထမအဆင့် စတစ်ကာတွေကိုခွာထုတ်လိုက်ပြီးနောက် ကားကိုယ်ထည်နဲ့ ဘန်ဘာတွေမှာ စတစ်ကာတွေရဲ့ ကော်တွေကကပ်ကျန်နေတတ်ပါတယ်။

ဒီကော်တွေကိုဖယ်ရှားဖို့အတွက်တော့ နည်းလမ်း အမျိုးမျိုးရှိပါတယ်။  တချို့ဓာတ်ဆီ၊ တချို့က WD-40 ဆေးရည်၊ ကိုကာကိုလာအချိုရည်၊ ဆပ်ပြာရည်၊ Glue Remover ဆေးရည် စတာတွေကိုအသုံးပြုကြပါတယ်။ အလွယ်ကူဆုံးနဲ့အသက်သာဆုံးနည်းလမ်းတွေကို ရွေးချယ်ဖော်ပြပေးပါမယ်။ ကပ်ကျန်နေတဲ့ ကော်တွေကိုအရင်ဆုံး ဆပ်ပြာရည်အနည်းငယ်ဖြင့် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

ဆပ်ပြာရည်နဲ့ ဆေးကြောပြီးရင်တော့ အဝတ်ခြောက်နဲ့သုတ်ပြီး အခြောက်ခံပေးရပါမယ်။ ပြီးရင် ကော်တွေပေကျန်နေတဲ့နေရာကို WD-40 ဆေးရည်ပက်ဖျန်းပြီး အချိန်အနည်းအငယ်ထားပါမယ်။ အချိန်ငါးမိနစ်ခန့်ကြာရင် ခရက်ဒစ်ကဒ်ပြားဖြင့် ကော်တွေကိုခြစ်ထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ခြစ်ထုတ်ရာမှာ ခြစ်ထုတ်တဲ့ဦးတည်ဘက်တစ်ခုတည်းကို ခြစ်ထုတ်ဖြစ်ရမှာဖြစ်ပါတယ်။ ကော်တွေကုန်စင်အောင် ခြစ်ထုတ်ပြီးရင်တော့ ခြစ်ထုတ်ထားတဲ့နေရာကို မော်တော်ကားသုံး Gel Wax ကိုသုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။

နောက်ထပ်တနည်းကတော့ အလွယ်တကူလုပ်ဆောင်နှိုင်ပြီးကုန်ကျစရိတ်လည်း သက်သာစေပါတယ်။ အဲဒါကတော့ ကိုကာကိုလာ(Coca Cola) အချိုရည်ကို သုံးပြီးကော်ဖယ်ရှားတဲ့နည်းလမ်းဖြစ်ပါတယ်။ Coca Cola အချိုရည်ကို ကပ်ကျန်နေတဲ့ ကော်တွေအပေါ်လောင်းပြီး စိမ့်ဝင်နေအောင် စောင့်ပါ။ အချိန်အနည်းငယ်ကြာတာနဲ့ ရေမြုပ်ဖော့ကြမ်းကို သုံးပြီးပွတ်တိုက်ပေးလိုက်တာနဲ့ ကပ်ကျန်နေတဲ့ကော်တွေ အားလုံးပျောက်သွားမှာဖြစ်ပါတယ်။

အချိုရည်ဖြစ်လို့ ကုန်ကျစရိတ်သက်သာပြီး ထိခိုက်မှုလည်းနည်းပါးပေမယ့် ကားကို ပုရွက်ဆိတ် မတက်အောင်တော့ ရေဆေးပေးဖို့လိုအပ်ပါတယ်။

 
Read 3188 times