Stellantis စီအီးအိုက အိန္ဒိယကားဈေးကွက်ကို အိန္ဒိယနည်းလမ်းဖြင့် လုပ်ကိုင်မည်ဟု ပြောကြား


Stellantis စီအီးအိုက အိန္ဒိယကားဈေးကွက်ကို အိန္ဒိယနည်းလမ်းဖြင့် လုပ်ကိုင်မည်ဟု ပြောကြား

 

Stellantis စီအီးအို  Carlos Tavares က တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှာ စိန်ခေါ်မှုများ ရင်ဆိုင်နေရစဉ် အိန္ဒိယကို အမြတ်ရနိုင်တဲ့  ကားဈေးကွက်ဖြစ်ပြီး ကြီးထွားဖို့ အခွင့်အလမ်းက ကားထုတ်လုပ်သူတို့ ယခင်က မျှော်မှန်းထားသည်ထက် ပိုကြီးမားတယ်လို့ ရှုမြင်ပါတယ်။


အိန္ဒိယမှာ Stellantis က ၎င်းရဲ့ Jeep နှင့် Citroen ကား brand များကို ရောင်းချပါတယ်။ Stellantis ကမ္ဘာ့ရောင်းအားရဲ့ အစွန်းထွက်မျှသာ ရောင်းအားရှိတဲ့ ဈေးကွက်ဖြစ်ပေမဲ့ ၂၀၃၀ မှာ အိန္ဒိယဈေးကွက်မှာ ဝင်ငွေ ယခုထက် ၂ ဆ ရဖို့ သူမျှော်မှန်းထားတယ်လို့ Tavares က ပြောကြားပါတယ်။ လာမယ့် နှစ်အနည်းငယ်မှာ အမြတ်မာဂျင်က ဂဏန်း ၂ လုံး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
အိန္ဒိယဈေးကွက်မှာ အနောက်တိုင်း ကားလုပ်ငန်းများ ငွေရှာနိုင်ဖို့ ရုန်းကန်နေတာ နှစ်အတော်ကြာခဲ့ပါပြီ။ ဈေးကွက်ကို အာရှမှ Suzuki Motor နှင့် Hyundai Motor တို့က ၎င်းတို့ရဲ့ အရွယ်ငယ်ပြီး ဈေးသက်သာတဲ့ ကားမော်ဒယ်များဖြင့် ကြီးစိုးထားကြပါတယ်။
"အိန္ဒိယမှာ  အိန္ဒိယနည်းလမ်းဖြင့် လုပ်ကိုင်မှ အမြတ်ရဖို့ ဖြစ်နိုင်ပါမယ်" လို့ Tavares က ပြောကြားပါတယ်။
သူပြောကြားတဲ့ အိန္ဒိယနည်းလမ်းက ပစ္စည်းအစိတ်အပိုင်းများကို အိန္ဒိယပြည်တွင်းမှ ရယူရမယ်။ ပစ္စည်းပေးသွင်းကွင်းဆက်ကို ထောင်လိုက် ပေါင်းစပ်‌ပေးထားရမယ်။ ဆိုလိုတာက ပေးသွင်းတဲ့ အစိတ်အပိုင်းတေ‌ွကို လုပ်ငန်းတချို့က တသီးတခြားစီ ရပ်တည်လုပ်ကိုင်ကြပေမဲ့ လုပ်ငန်းအားလုံးကို ကုမ္ပဏီတစ်ခုက ထိန်းချုပ်‌ပေါင်းစပ်ပေးပြီး ကုန်ကျစရိတ်နည်းပါးအောင် ထိန်းထားရမယ်။
ကားကို ဒီဇိုင်းထုတ်တဲ့အခါ အိန္ဒိယမှ ကားဝယ်စီးသူတွေ လိုချင်တာတွေ၊ ငွေပေးဖို့ လက်မနှေးစေမယ့် လုပ်ဆောင်ချက် အင်္ဂါရပ်တွေ ထည့်ပေးရမယ်။ 

  • Stellantis N.V
    Stellantis N.V. က နိုင်ငံစုံ မော်တော်ယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း ဖြစ်ပြီး ၂၀၂၁ မှာ အီတလီမှ Fiat နှင့် အမေရိကန်မှ Chrysler တို့ရဲ့ 
    အီတလီအမေရိကန် ကုမ္ပဏီစု Fiat Chrysler Automobiles (FCA) နှင့် ပြင်သစ်မှ PSA Group တို့က ၅၀-၅၀ ဆတူ ပါဝင်ထားကြပါတယ်။
    ရုံးချုပ်ကို နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ။ ထားရှိပါတယ်။ 
  • PSA Group
     PSA Group ရဲ့ တရားဝင်အမည်က Peugeot S.A ဖြစ်ပြီး နိုင်ငံစုံ မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။ ကားများနှင့် မော်တော်ဆိုင်ကယ်များကို Peugeot, Citroën, DS, Opel , Vauxhall brand များဖြင့် ထုတ်လုပ်ပါတယ်။ 
  • FCA
     Fiat Chrysler Automobiles (FCA)  က  Chrysler, Dodge, Fiat, Fiat Professional, Jeep, Ram, Alfa Romeo, Abarth, Lancia, Maserati brand များဖြင့် မော်တော်ယာဉ် အမျိုးမျိုး ထုတ်လုပ်ပါတယ်။ 


မဟာဗျူဟာသစ်
 ၂၀၂၂  မတ်လမှာ လုပ်ငန်းစုသစ်အတွက်  ဝင်ငွေ တိုးရန်၊ အမြတ်မာဂျင် မြင့်မားရန်၊ လျှပ်စစ်မော်တော်ယာဉ်များ electric vehicles (EVs) ထုတ်လုပ်ရန် မဟာဗျူဟာ ရေးဆွဲချမှတ်ခဲ့ပါတယ်။ 
 ယခုလို ပေါင်းစည်းပြီး လုပ်ကိုင်တဲ့အတွက် Stellantis ဟာ ကမ္ဘာ့စတုတ္ထအကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း ဖြစ်လာခဲ့ပါတယ်။

အရွယ်ငယ်ငယ် 
Stellantis က တရုတ်ဈေးကွက်မှာ လေဆန်ကို မောင်းနှင်နေရတယ်။ အားပြင်းတဲ့ ယှဉ်ပြိုင်မှုကို ကြုံရတယ်။ ရောင်းအားလည်း ကျနေတယ်။
ရုရှားမှာတော့ ယူကရိန်းစစ်ပွဲကြောင့် ထုတ်လုပ်မှုများ ရပ်ဆိုင်းထားရတယ်။
အဲဒီအခြေအနေ အချိန်အခါမှာ အိန္ဒိယဈေးကွက်ကို Stellantis က အာရုံစိုက်လာတာ ဖြစ်ပါတယ်။
Stellantis ရဲ့ အခင်းအကျင်းမှာ အခရာကျတာက စမတ်ကား ပလက်ဖောင်း အစီအစဉ် ဖြစ်ပါတယ်။ အိန္ဒိယမှာ အကောင်အထည်ဖော်ထားတဲ့ ပလက်ဖောင်းဖြစ်ပြီး အလျား ၄ မီတာထက် မကျော်တဲ့ ဓာတ်ဆီကား အငယ်စားတွေ ထုတ်လုပ်မှာဖြစ်ကြောင်း Tavares က ပြောကြားပါတယ်။ 
အိန္ဒိယမှာ ကားအငယ်စားတွေအပေါ် စည်းကြပ်တဲ့ အခွန်နှုန်းထားက နည်းပါးပြီး လူအများ ဝယ်စီးဖို့ လက်လှမ်း ပိုမီစေပါတယ်။ 
နောက်နှစ်ကျရင် လျှပ်စစ်ကားအငယ်စားတွေ ထုတ်လုပ်မယ်လို့ သူက ပြောပါတယ်။

လုပ်နည်းကိုင်ဟန်
အိန္ဒိယမှာ ကားအငယ်စား ထုတ်လုပ်ဖို့ ကမ္ဘာ့ကားထုတ်လုပ်သူများအတွက်တော့ မစွမ်းသာတဲ့ အားနည်းချက် ဖြစ်နေပါတယ်။ ကားအငယ်စား ဈေးကွက်မှာ နေရာရဖို့ ကြိုးစားယှဉ်ပြိုင်ပေမဲ့ မအောင်မြင်တာကြောင့် Ford နှင့် General Motors တို့ အိန္ဒိယမှ ထွက်ခွာခဲ့ကြရပါတယ်။
Tavares တော့ Stellantis ရဲ့ လုပ်နည်းကိုင်ဟန်အပေါ် ယုံကြည်မှု အပြည့် ရှိပါတယ်။
 ကားတွေ မထုတ်လုပ်ခင်မှာ ပစ္စည်းပေးသွင်းညကွင်းဆက်ကို တောင့်တင်းအောင် အရင်ဆောင်ရွက်တဲ့ မဟာဗျူဟာ ဖြစ်ပါတယ်။
 
Stellantis က  ကားမှာ အိန္ဒိယ ပြည်တွင်းဖြစ်တွေ ၉၀% ပါဝင်တယ်။ ဂီယာဘောက်စ်နှင့် ပါဝါထရိန်းတို့ကို အိန္ဒိယမ‌ှာ ထုတ်လုပ်ပါတယ်။ အိန္ဒိယ တောင်ပိုင်းမှာ တည်ရှိတဲ့ အင်ဂျင်ထုတ်လုပ်ရေး စက်ရုံက ကုန်ကျစရိတ်နှင့် အရည်အသွေးတို့အတွက် ကမ္ဘာ့စံတစ်ခုဖြစ်ပြီး ကားစက်ရုံ ၂ ခုကိုလည်း အလားတူဖြစ်အောင် လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီစက်ရုံတွေမှာ Jeep SUV နှင့် Citroen ကားများ ထုတ်လုပ်ပါတယ်။ 

 

Jeep Meridian နှင့် Citroen

 

အိန္ဒိယမှာ လုပ်ငန်းဆောင်ရွက်ဖို့အတွက် Stellantis က ယူရို ၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလျံ) ရင်းနှီးမြှုပ်နှံခဲ့တာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

တစ်နှစ်ကို စီးရေ ၃ သန်းဝန်းကျင် ရောင်းအားရှိတဲ့ အိန္ဒိယ ကားဈေးကွက်မှာ Stellantis ရဲ့ ဈေးကွက်ဝေစုက ၁% အောက်မှာပဲ ရှိပါတယ်။
MyanmarAutomobileGuide 

Read 1071 times