ဆိုလာ စခန်းချကား ဥရောပ ခရီးရှည်


ဥရောပ အဝေးပြေးလမ်းများတစ်လျှောက် "Stella Vita" ဟု အမည်ပေးထားသော စခန်းချကား campervan သည် ကီလိုမီတာ ၂,၀၀၀ (၁၂၄၂ မိုင်) မောင်းနှင်ခဲ့ပြီးပြီ ဖြစ်ရာ၌ ကားတွင် တပ်ဆင်ထားသော ဆိုလာပြားများထံမှ ရရှိသော စွမ်းအင်ဖြင့်သာ မောင်းနှင်ခဲ့သည်။

စွမ်းအင်အတွက် ကိုယ့်အားကိုယ်ကိုး ဘီးတပ်အိမ်ဖြစ်သော စခန်းချယာဉ်တွင် အိပ်ရာ၊ ဆိုဖာ၊ မီးဖိုချောင်၊ ရေပန်းပါသော ရေချိူခန်း၊ ဘေစင်၊ အိမ်သာ အစုံအလင် ပါသည်။


လူနှစ်ဦး အတူနေထိုင်နိုင်သည်။ မောင်းနှင်သွားလာနိုင်သည်။ အစာတစ်နပ်အတွက် ချက်ပြုတ်နိုင်သည်။ တီဗီ ကြည့်နိုင်သည်။ ထိုကိစ္စများအတွက် နေစွမ်းအင်ကို လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲပြီး ဘက်ထရီများထဲ သိုမှီးပေးထားသည်။
နယ်သာလန်နိုင်ငံမှ Eindhoven University of Technology တွင် ပညာဆည်းပူးနေသော ကျောင်းသူကျောင်းသား ၂၀ ဦး ပါဝင်သော Solar Team Eindhoven 2021 အဖွဲ့မှ ဆိုလာ စခန်းချကားကို ဒီဇိုင်းထုတ်ပေးသည်။
ကားကို အဖြစ်နိုင်ဆုံး လေခွင်းအား ကောင်းအောင် ဒီဇိုင်းထားသည်။ ယာဉ်အလေးချိန်ကိုလည်း ဖြစ်နိုင်သရွေ့ ပေါ့ပါးအောင် စဉ်းစားပေးထားသည်။ အမြင်တင့်တယ်အောင်လည်း ဒီဇိုင်းထုတ်ထားသည်။


ဇူလိုင်လတွင် တည်ဆောက်မှု ပြီးစီးခဲ့ပြီး ယာဉ်ကို လမ်းပေါ် စမ်းသပ်အသုံးပြုခဲ့သည်။ လူအများ သုံးစွဲသည့် လမ်းများပေါ် မောင်းနှင်ခွင့်ရအောင် ယာဉ်လိုင်စင် ရယူခဲ့သည်။
စက်တင်ဘာလတွင် ဥရောပ ခရီးရှည် စတင်သည်။ ခရီးဆုံးပန်းတိုင်မှာ စပိန်နိုင်ငံ ဖြစ်သည်။ ခရီးတာမှာ ၃,၀၀၀ ကီလိုမီတာ (မိုင် ၁,၈၆၀) ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်တွင် အောင်မြင်စွာ ဆိုက်ရောက်ခဲ့သည်။

 

နည်းပညာပိုင်းဆိုင်ရာ ပြဿနာများ ရှိခဲ့ပြီး ဖြေရှင်းခဲ့ကြသည်။ နေစွမ်းအင်ဖြင့် အားသွင်းပြီးပါက ဆိုလာ စခန်းချယာဉ်သည်  မိုးအုံ့နေစဉ်နှင့် ညအခါဆိုပါက ခရီးတာ ကီလိုမီတာ ၆၀၀ (မိုင် ၃၇၃) အထိ သွားနိုင်သည်။ နေ‌သာနေသော နေ့အခါတွင် မောင်းနှင်နေစဉ် အားပြန်ဝင်နေသဖြင့် ကီလိုမီတာ ၇၂၀ အထိ သွားနိုင်သည်။ ၇၅ မိုင် ပိုဝေးဝေး သွားနိုင်ခြင်း ဖြစ်သည်။ 
ရပ်နားထားစဉ် လူနေခန်း အမိုးကို မြှင့်တင်ပြီး မတ်တတ်ရပ်လျှင် ခေါင်းလွတ်သည့် အမြင့်သို့ ပြောင်း၍ ရသည်။

 

ဆိုလာပြားများ တိုးချဲ့ ဖြန့်ချ၍ ရသည်။ ထိုအခါ ဧရိယာ ၈.၈ စတုရန်းမီတာ ဖြစ်ရာမှ နှစ်ဆဖြစ်သွားပြီး ၁၇.၅ စတုရန်းမီတာ ဖြစ်သွားမည်။

 

 

 Eindhoven University of Technology သည် ၂၀၁၃ ခုနှစ်တွင် ဆိုလာ အိမ်စီးကားကို စမ်းသပ် ထုတ်လုပ်ခဲ့ပြီး နှစ်နှစ်လျှင်တစ်ကြိမ် ဆိုလာမော်တော်ယာဉ် တစ်စီးတည်ဆောက်သည်။ 
 Solar Team Eindhoven ကို နှစ်အလိုက် ဖွဲ့စည်းပေးသည်။ Solar Team Eindhoven အဖွဲ့ဝင် ဖြစ်ဖူးသူ ၅ ဦးက ၂၀၁၆ ခုနှစ်တွင် Lightyear ကို ထူထောင်ခဲ့သည်။ ၎င်းတို့သည် အိမ်စီး ဆိုလာကားများကို စီးပွားဖြစ် ထုတ်လုပ်ရန် ရည်ရွယ်ချက် ထားရှိသည်။

 CNN

 

 

 

 

 

 

Read 548 times