ထိုကားအမျိုးအစားကို တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကားကုမ္ပဏီဖြစ်သည့် Hyundai ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
ယင်းကားသည် Van ကားအမျိုးအစားဖြစ်သည်။
ကိုယ်ထည်တည်ဆောက်ပုံမှာ တံခါးလေးပေါက်ပါ Van ကားအမျိုးအစားဖြစ်ပြီး ကားရှေ့တံခါးမှာ တပ်ဆင်ထားပုံအရ တံခါးဖွင့်သည့်အချိန်တွင် အတန်ငယ်စောင်းဖွင့်ရသည့်အတွက် လူအဝင်အထွက်ပိုလွယ်ကူစေမည်ဖြစ်ပါသည်။
ထို့ပြင် Slide Door နှစ်ချပ်ပါဝင်မည်ဖြစ်ပြီး လှပသော ရှေ့မီးကြီးများမှာ ယာဉ်၏မျက်နှာစာတွင်ခံ့ညားစွာ ပေါင်းစပ်နေကြောင်းသိရသည်။
နှင်းခွဲမီးတစ်စုံကိုလည်း ကား၏ ဘမ်ပါအောက်တွင် သပ်သပ်ရပ်ရပ်တပ်ဆင်ထားပသည်။
ကားရှေ့မှန် ညစ်ပေနေသည့်အခါမျိုးတွင် ရေဖျန်းပြီး သန့်စင်နိုင်ရန် ဖိအားမြင့် Washer Jet သုံးခုစီပါရှိပါသည်။
အတွင်းခန်းမှာ ကျယ်ကျယ်ဝန်းဝန်းနှင့် ခရီးသည် ၁၂ ယောက်အထိလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပါသည်။
အတွင်းခန်းတွင် ခရီးသည်များသက်သောင့်သက်သာစီးနင်းနိုင်ရန် ပတ်လည်လေအေးပေးစနစ်များကို တပ်ဆင်ပေးထားပါသည်။
ဖျော်ဖြေရေးအတွက် ရေဒီယို၊ CD Player ၊ MP3 အပြင် USB ပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ကားအတွင်းခန်းမှ နောက်ကြည့်မှန်သည် Electronic Chromic အမျိုးအစားဖြစ်ပြီး နောက်ကားမှ ထိုးလိုက်သောမီးအလင်းမှ မျက်လုံးစူးရှမှုမဖြစ်အောင် အလိုအလျောက်လျှော့ချပေးပါသည်။
Starex H1 မှာ 2.5L CRDi ဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး အမြင့်ဆုံးစွမ်းဆောင်ရည်အဖြစ် တစ်မိနစ်လည်ပတ်အား ၃,၅၀၀ Rpm တွင် မြင်းကောင်ရေ၁၃၆ ကောင်အားထုတ်ပေးနိုင်မည်ဖြစ်ပါသည်။
ဂီယာမှာ Sport Mode ပါဝင်သော 5 Speed Automatic Transmission ဂီယာကို အသုံးပြုထားကြောင်း သိရပါသည်။
H1 ၏ရှေ့ဘီးနှင့် နောက်ဘီးတွင် ၁၆ လက်မ Disc ဘရိတ်များတပ်ဆင်ထားပြီး ဝန်အပြည့် တင်ဆောင်လာ သည့် အခါမျိုးတွင် အကောင်းမွန်ဆုံးရပ်တန့်နိုင်ရန် စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။
ရှေ့ခန်းတွင် အသက်ကယ်လေအိတ်နှစ်လုံးထည့်သွင်းတပ်ဆင်ထားပြီး ယာဉ်နောက်ဘက်တွင် ပါကင်ထိုးသည့်အခါ အကူအညီပေးနိုင်သည့် Sensor များပါဝင်ပြီး ယာဉ်မောင်းမမြင်နိုင်သည့် အရာဝတ္တတခုခုနားကို ကပ်မိပါက နောက်ဘမ်ပါတွင် တပ်ဆင်ထားသော အာရုံခံကိရိယာများက အသံနှင့်အချက်ပြပေးမည်ဖြစ်ပါသည်။
Hyundai Starex H1 ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၉,၄၀၀ ဝန်းကျင်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံပေးထားပြီး အရစ်ကျငွေပေးချေမှုစနစ်များနှင့်လည်း ဝယ်ယူနိုင်ပါသည်။