Sony က လျှပ်စစ်ကား ၂ စီး မိတ်ဆက်ပြသ


Sony က လျှပ်စစ်ကား ၂ စီး မိတ်ဆက်ပြသ

Sony က  VISION-S လို့ အမည်ပေးထားတဲ့  SUV အမျိုးအစားလျှပ်စစ်ကားကို CES 2022 ပြပွဲမှာ ပွဲထုတ်လိုက်ပြီး “Sony Mobility, Inc.” ထူထောင်ကြောင်း လည်း ကြေညာလိုက်ပါတယ်။

CES က ယခင်က Consumer Electronics Show လို့ ခေါ်ဝေါ်ခဲ့ပြီး ယခုအခါ CES လို့သာ သုံးနှုန်းတဲ့ ပြပွဲ ဖြစ်ပါတယ်။ Consumer Technology Association (CTA) မှ ဇန်နဝါရီလမှာ နှစ်စဉ် Las Vegas Convention Center မှာကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ လူသုံးကုန် အီလက်ထရွန်နစ်ပစ္စည်းအသစ်တွေ မိတ်ဆက်ပြသကြပြီး ယခုအခါ အီးဗီမော်ဒယ်အသစ်တွေ လည်း ပါဝင်ပြသကြပါတယ်။

 Sony  ပြသတဲ့ အီးဗီက ၂၀၂၀ ပြည့်နှစ်တုန်းက ကျင်းပတဲ့ CES 2020 ပြပွဲမှာ စိတ်ကူးအဆင့် concept EV အဖြစ်ပြသခဲ့တဲ့ VISION-S ဖြစ်ပါတယ်။
 
Sony Mobility, Inc.” က ရွေ့လျားသွားလာမှုနဲ့ အီးဗီတို့ကို အာရုံစိုက် လုပ်ကိုင်သွားမယ်လို့ အသိပေးပြောကြားပါတယ်။ တစ်နည်းပြောရရင် Sony လက်အောက်ခံ ကားအပါအဝင် ယာဉ်ကုမ္ပဏီပါပဲ။
Sony ရဲ့ ကုမ္ပဏီအသစ် Sony Mobility Inc. ကို လပိုင်းအတွင်း တရားဝင်မှတ်ပုံတင်မှာ ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ Sony က အီးဗီ တွေသာ ထုတ်လုပ်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ 


 VISION-S  ကို စီးပွားဖြစ် တွက်ခြေကိုက် ထုတ်လုပ်ရောင်းချဖို့ စူးစမ်းလေ့လာနေကြောင်း Sony က ပြောကြားပါတယ်။

ရှင်းလင်းတင်ပြသွားတာ တိုတောင်းပါတယ်။
ကားအကြောင်း လေးငါးမိနစ်လောက် ပြောပြတယ်။ Sony ရဲ့ ရွေ့လျားသွားလာမှု mobility အတွက် အားထုတ်မှုကို ပြောပြတယ်။
အဆုံးသတ်မှာ ကား ၂ စီးကို စင်မြင့်ပေါ် မောင်းတင်လိုက်ပြီး ဘေးချင်ယှဉ် နေရာချပြီး ကားနှစ်စီးကို နှိုင်းယှဉ်ပြပါတယ်။
 
နှစ်စီးက အမြွှာပူးလို ဖြစ်နေတယ်။ ဒီဇိုင်းဆင်ဆင်တူတယ်။ SUV က နည်းနည်း ပိုကြီးတယ်။ နောက်ပိုင်းမှာ အမိုးနည်းနည်း ပိုမြင့်တယ်။ 
အဓိကကွာတာ ဘီးခွေ။ SUV က အဲရိုဒိုင်းနမစ် aerodynamic ဘီးခွေ သုံးထားတယ်။ ဆီဒင်က သမားရိုးကျ စပုတ်တံတွေ သုံးထားတယ်။ အတွင်းပိုင်းကို ဟောင်းလောင်း မြင်နေရပါတယ်။


ဆီဒင်ကို VISION-S 01
SUV ကို VISION-S 02
ဆိုပြီး မော်ဒယ်နံပါတ်စဉ် ထိုးပေးထားတယ်။

Sony က ကားတွေရဲ့ အကြောင်းအချက် အသေးစိတ်ကို ပြောမပြဘူး။
ယခင်က ကြေညာခဲ့တာက 400kW (536hp) မော်တာနှစ်လုံးတွဲ၊ ၄ ဘီးယက်၊ သုညကနေ တစ်နာရီ ကီလိုမီတာ ၁၀၀ ကို ၄.၈ စက္ကန့်ဖြင့် အရှိန်တင်နိုင်တယ်။ အမြန်ဆုံး တစ်နာရီ ကီလိုမီတာ ၂၄၀ (၁၄၉ မိုင်) အထိ ရတယ်။ 
ဘက်ထရီအကြောင်း၊ ခရီးတာအကြောင်း၊ ဈေးနှုန်းအကြောင်းတွေ  အသိမပေးသေးဘူး။
Sony ရဲ့လက်ထဲမှာ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ဂိမ်းတွေ ရှိတော့ သူထုတ်လုပ်တဲ့ကားထဲမှာ အဲဒီဟာတွေ ရအောင် လုပ်ပေးထားလိမ့်မယ်လို့ ယူဆရပါတယ်။

 

ပင်ကိုမောင်းနှင်နိုင်စွမ်း ထည့်ပေးမှ ကားလို့ ခေါ်တဲ့ခေတ်ဖြစ်လို့ ကင်မရာတွေ၊ ရေဒါတွေ၊ လူကြားနိုင်တဲ့ အသံလွန်လှိုင်း ultrasonic ၊ လေဆာအလင်းတန်းသုံး လိုင်ဒါ lidar တွေနဲ့ တွဲဘက် လုပ်ကိုင်တဲ့ အာရုံခံ sensor ၄၀ ခု ထည့်သုံးထားပြီး ယာဉ်မောင်းထောက်ကူ၊ ပင်ကိုမောင်းနှင်၊ ပတ်ကင်ထိုး စတာတွေ လုပ်ပေးနိုင်စွမ်း ရှိပါတယ်။

 

 

Read 6941 times