လျှပ်စစ်ကားများအတွက် အခဲဘက်ထရီ ရဖို့ နီးပြီလား


လျှပ်စစ်ကားများအတွက် အခဲဘက်ထရီ ရဖို့ နီးပြီလား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 မကြာသေးမီက ဟွန်ဒိုင်းသည် အမေရိကန်နိုင်ငံတွင် အားလုံး အခဲ  All-solid-state ဘက်ထရီစနစ် မူပိုင်ခွင့်ကို လျှောက်ထားခဲ့ပါသည်။ 

အီးဗီ ဘက်ထရီထုပ်များအတွက် အခဲဘက်ထရီသို့ ကူးပြောင်းရန် အရွေ့တခု ဖြစ်ပါသည်။

အီးဗီ စီးဖို့ နောက်တွန့်သည့် အချက်များတွင် ဘက်ထရီကိစ္စလည်း ပါဝင်ပါသည်။ ပထမ တချက်မှာ အားသွင်းရန် ကြာမြင့်သည့် အချိန် ဖြစ်ပါသည်။ ဒုတိယတချက်မှာ ဘက်ထရီ အားတခါ အပြည့်သွင်းပြီးလျှင် သွားနိုင်သည့် ခရီးတာ မည်မျှအထိ သွားနိုင်သနည်း ဆိုသည့် အချက် ဖြစ်ပါသည်။ 

အခဲဘက်ထရီများသည် ၎င်းနှစ်ချက်ကို ဖြေရှင်းပေးနိုင်ပါသည်။ ပါဝါပိုများသည့် ဘက်ထရီကို ထုတ်လုပ်နိုင်စေသည်။ အားသွင်းရန် ကြာချိန်ကို လျှော့ချနိုင်သည်။ ခရီးတာ ပိုဝေးဝေး သွားနိုင်စေသည်။ 

 

ယနေ့ခေတ် အီးဗီ အများစုသည် လစ်သီယမ်-အိုင်းယွန်းဘက်ထရီများကို အသုံးပြုကြသည်။ ၎င်းလစ်သီယမ်-အိုင်းယွန်း ဘက်ထရီများသည် အဖို anode  နှင့် အမ cathode တို့အကြား အရည်ပျစ် လျှပ်လိုက်ရည်ကို ကြားခံပေးထားပါသည်။ အခဲဘက်ထရီများတွင် လျှပ်လိုက်အရည်ပျစ်အစား လျှပ်လိုက်အခဲကို သုံးစွဲထားပါသည်။ 

 

ဘေးကင်းရေး ရှုထောင့်မှ ကြည့်လျှင် အခဲဘက်ထရီက ပိုဘေးကင်းပါသည်။ 

အရည်ပျစ် သုံးသည့် လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများသည်  အပူချိန် အပြောင်းအလဲကြောင့် ဖောင်းကြွလာပြီး ပျက်စီးတတ်ပါသည်။ ထိခိုက်မိလျှင် အရည်ပျစ် ယိုစိမ့်ထွက်လာတတ်ပါသည်။ ထိုအဖြစ်မျိုးများ အခဲဘက်ထရီတွင် မရှိပါ။ 

အခဲဘက်ထရီများ ထုတ်လုပ်ရန် ရည်ရွယ်ထားကြသည်မှာ နှစ်အတော် ကြာနေပြီ ဖြစ်ပါသည်။  သက်သာသော ကုန်ကျစရိတ်များဖြင့် အမြောက်အမြား ထုတ်လုပ်နိုင်ခြင်း မရှိသေးပါ။ အဓိက အဟန့်အတား ဖြစ်နေသည်မှာ လျှပ်လိုက်အခဲအတွက် သုံးစွဲရမည့်အရာသည် ဈေးကြီးလွန်းနေခြင်း ဖြစ်ပါသည်။ ထို့ပြင် အမြောက်အမြား ထုတ်လုပ်ရန်အတွက် လိုသလေက် ရရှိဖို့ မသေချာပါ။

တိုယိုတာသည် အခဲဘက်ထရီနည်းပညာဖြင့် ဘက်ထရီ အမြောက်အမြား ထုတ်လုပ်ခြင်းကို ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်တွင် စတင်မည်ဟု ဆိုခဲ့သော်လည်း အကောင်အထည် မပေါ်ခဲ့ပါ။ ယခုအခါ ၂၀၂၆ ခုနှစ်တွင် အရေအတွက် အကန့်အသတ်ဖြင့် စတင် ထုတ်လုပ်နိုင်မည်ဟု ပြောကြားပါသည်။  အမြောက်အမြား ထုတ်လုပ်ခြင်းကို အစောဆုံး အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် စတင်နိုင်မည်ဟု ဆိုပါသည်။ 

ဂျီအမ်။ ဖို့ဒ်၊ ဟွန်ဒါ၊ မားစီးဒီးတို့သည်လည်း အခဲဘက်ထရီ နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးရေးကို လုပ်ဆောင်နေကြပါသည်။ 

 

ပိုမိုတိုတောင်းသော အားသွင်းချိန်နှင့်အတူ ခရီးပိုဝေးဝေး သွားနိုင်မည့် အခဲဘက်ထရီများသည် အီးဗီ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို သက်သာစေမည်ဟု ဟွန်ဒါ  စီအီးအို Toshihiro Mibe က မကြာသေးမီက ပြုလုပ်ခဲ့သောအင်တာဗျူးတခုတွင် ပြောကြားခဲ့ပါသည်။  ၂၀၃၀ ပြည့်နှစ်လွန်တွင် အခဲဘက်ထရီ အီးဗီများ ထုတ်လုပ်နိုင်လိမ့်မည်ဟု ၎င်းက ခန့်မှန်းပါသည်။ 

 

"တကယ်လို့ ကျွန်တော်တို့  ရည်မှန်းထားတဲ့အတိုင်း ဖြစ်လာခဲ့ရင်၊  ဖွံ့ဖြိုးအောင် လုပ်နိုင်ရင် ကုန်ကျစရိတ် ကျသွားပြီး ခရီးတာ တိုးလာမှာပါ။ ရရှိမယ့် အကျိုးကျေးဇူးက ကြီးမားပါတယ်"ဟု Mibe  က ပြောကြားခဲ့ပါသည်။ 

 

Source thecooldown


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 586 times