အားသွင်းဖို့  မလို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကား  ၉၄၆ စီးသာ ထုတ်လုပ်မည်


အားသွင်းဖို့  မလို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကား  ၉၄၆ စီးသာ ထုတ်လုပ်မည်

 ဘက်ထရီ အားမသွင်းဘဲ လအတန်ကြာသည်အထိ မောင်းနှင်နိုင်မယ့် ဆိုလာပါဝါ သုံးတဲ့ လျှပ်စစ်ကားကို များမကြာခင်မှာ စတင်ထုတ်လုပ်တော့မယ်လို့ ဆိုပါတယ်။

Lightyear One လို့အမည်ပေးထားတဲ့ လျှပ်စစ်ကားကို နယ်သာလန်နိုင်ငံမှာ ဒီဇိုင်းထုတ်ပါတယ်။ နမူနာထုတ်လုပ်ထားတဲ့ကားကို အီတလီမှာ အစမ်းမောင်းကြည့်နေပါတယ်။

 

 

သီအိုရီအရ Lightyear One က လအတန်ကြာ ဘက်ထရီ အားမသွင်းဘဲ မောင်းနှင်လို့ ရတယ်လို့ ကားထုတ်လုပ်တဲ့အဖွဲ့က ဆိုပါတယ်။ ကားမှာ ဆိုလာပြား တပ်ဆင်ထားပြီး နေရောင်ခြည်စွမ်းအင်ကို ရယူပေးနေတာကြောင့်  ကားမှာ တပ်ဆင်ထားတဲ့ 60kWh ဘက်ထရီက အားဝင်နေပါတယ်။ 

 


 
Lightyear One ရဲ့ အပေါ်မျက်နှာပြင်မှာ တပ်တင်ပေးထားတဲ့ ဆိုလာပြား ဧရိယာက  ၄ စတုရန်းမီတာ ရှိပါတယ်။ ကားရှေ့ဖုံး၊ အမိုး၊ နောက်ဖုံးတို့မှာ ဆိုလာပြားတွေ ခင်းထားပါတယ်။
တစ်နာရီ ရယူပေးတဲ့အားက ကားကို ၁၂ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။
ဒီတော့ နေသာတဲ့နေ့ ၈ နာရီ အားဝင်ထားရင် ခရီးတာ ၉၆ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ တစ်နေ့တာ မြို့တွင်းသွားလာမှုအတွက် လုံလောက်တဲ့ ခရီးတာ ဖြစ်ပါတယ်။ 

မိုးအုံ့နေတဲ့နေ့ဆိုရင်တော့ Lightyear One က ၄၀ ကီလိုမီတာ ခရီးတာအတွက် အားသွင်းပေးနိုင်စွမ်း ရှိပါတယ်။

 


အားအပြည့်သွင်းပြီး တစ်နာရီ ၁၃၀ ကီလိုမီတာ (၈၁ မိုင်) အမြန်နှုန်း ပုံသေထားပြီး မောင်းရင် ၄၀၀ ကီလိုမီတာအထိ မောင်းလို့ ရပါတယ်။

ကားမှာ ပါတဲ့ 60kWh က သာမန်အားဖြင့် မောင်းနှင်ရင် ၇၂၅ ကီလိုမီတာအထိ မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအစမ်းမောင်းနှင်ကြည့်ကြတာမှာ တစ်နာရီ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းရင် ကီလိုမီတာ ၁၀၀ ကို ဘက်ထရီအား 14.1kWh ကုန်တယ်။ ပုံမှန်မောင်းရင် 8.3kWh ပဲ အားကုန်တယ်။

 

 ယာဉ်အလေးချိန်များရင် ဘက်ထရီအား ပိုစားတာကြောင့် ယာဉ်ကို ပေါ့ပါးအောင် ကြံဆလုပ်ကိုင်ပေးထားကြတယ်။ ကားကိုယ်ထည်ကို ပေါ့ပါးတဲ့ အလူမီနီယမ်သတ္တုနဲ့ ကာဘွန်ဖိုင်ဘာတို့ဖြင့် တည်ဆောက်ပေးထားပြီး ယာဉ်အလေးချိန် ၁,၃၁၅ ကီလိုဂရမ်ပဲ ရှိတယ်။
လေခွင်းအား ကောင်းရင် ဘက်ထရီအား ကုန်တာ သက်သာလို့ ကိုယ်လုံးကိုယ်ထည်ကို 'မျက်ရည်စက်' ပုံသဏ္ဍာန် ဒီဇိုင်းထုတ်ထားတယ်။
လေတုံ့ပြန်တွန်းကန်မှု မြှောက်ဖော်ကိန်း drag coefficient က 0.20cd ပဲ ရှိပါတယ်။
လေခွင်းအား အကောင်းဆုံး အဲရိုဒိုင်နမစ် aerodynamic အဖြစ်ဆုံးဆိုတဲ့ Mercedes-Benz ရဲ့ လျှပ်စစ်ကား EQS အသစ်ရဲ့drag coefficient ကလည်း   0.20cd ဖြစ်ပါတယ်။

 

ဘီးတစ်ဘီးစီအတွက် မော်တာတစ်လုံးစီ ထိုင်ပေးထားတယ်။ မော်တာ ၄ လုံး စုစုပေါင်း ပါဝါ 101kW ရှိပြီး ရုန်းအား 1200Nm ရရှိနိုင်ပါတယ်။
၅ ဦးအထိ စီးလို့ရတဲ့ ဆီဒင်ကားက သုညမှ တစ်နာရီ ကီလိုမီတာ ၁၀၀ အမြန်နှုန်း ရောက်အောင် ၁၀ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်စွမ်း ရှိပါတယ်။

 

 

Lightyear One ကို နယ်သာလန်မှာ ဒီဇိုင်းထုတ်ပြီး အီတလီမှာ စမ်းသပ်မောင်းနှင်ကြည့်ပါတယ်။ အမြောက်အမြား ထုတ်လုပ်မယ် စက်ရုံကို ဖက်လန်မှာ ထားရှိပါတယ်။ အရင်ဆုံး ဥရောပမှာဘဲ ရောင်းချပါမယ်။ ၂၀၂၂ နှစ်လယ်ပိုင်းလောက်မှာ ကြိုတင်မှာကြား ဝယ်ယူသူတွေကို ကား စပေးနိုင်မယ်လို့ လျာထားပါတယ်။ ဈေးနှုန်းက ယူရို ၁၅၀,၀၀၀ ဖြစ်ပါတယ်။ ကားစီးရေ ၉၄၆ စီးမျှသာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

 

ယခုမော်ဒယ်ထက် ဈေးသက်သာမယ့် မော်ဒယ်ကို ထုတ်လုပ်ဖို့ ကုမ္ပဏီက လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မော်ဒယ်အသစ်ကို Lightyear Two လို့ အမည်ပေးထားပြီး ၂၀၂၄/၂၅ မှာ စတင်ရောင်းချဖို့ မျှော်မှန်းထားပါတယ်။ ဈေးနှုန်းက ယူရို ၃၀,၀၀၀ ဖြစ်ပါတယ်။

Read 18170 times