စင်ကာပူနိုင်ငံအခြေစိုက် SMRT Taxi Pte Ltd၊ Toyota Tsusho Asia Pacific နှင့် Alliance Urban Transport (AUT) များပူးပေါင်း၍ ရန်ကုန်မြို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဇိမ်ခံကားဝန်ဆောင်မှုစျေးကွက်သို့ လာမည့် ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဝင်ရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါသည်။
မြန်မာနိုင်ငံတွင် Strides ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၏ ပြည်ပအကျိုးတူပူးပေါင်းဆောင်ရွက်မှု ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့၌ ထိပ်တန်းဇိမ်ခံကားဝန်ဆောင်မှုအတွက် မြန်မာနိုင်ငံရှိ ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုသဘောတူလက်မှတ်ရေးထိုးခဲ့ပြီး မိတ်ဖက်သစ်ဖော်ဆောင်မှု SMRT Strides Toyotsu Alliance ဖက်စပ်လုပ်ငန်းတွင် Strides သည် ရာခိုင်နှုန်း ၆၀ ပိုင်ဆိုင်ပြီး Toyota ကုမ္ပဏီအုပ်စု၏ အဖွဲ့ဝင်ကုမ္ပဏီဖြစ်သည့် Toyota Tsusho Asia Pacific နှင့် Alliance Urban Transports (AUT) တို့ကရာခိုင်နှုန်း ၂၀စီ ပိုင်ဆိုင်မည်ဖြစ်သည်။
Elite Telecom အများပိုင်ကုမ္ပဏီလီမိတက်နှင့် JFQ Capital Holding ပုဂ္ဂလိကကုမ္ပဏီတို့ ပူးပေါင်းထားသည့်မြန်မာကုမ္ပဏီ AUT SMRT Taxi က ရန်ကုန်မြို့ရှိ ၎င်းတို့၏ယာဉ်မောင်း အသက်မွေးဝမ်းကြောင်းသင်တန်းကို အကြံပေးအဖြစ် ဆောင်ရွက်ပေးနေပြီး Strides သည် SMRT Corporation ကုမ္ပဏီများက ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပါသည်။
Strides သည် ရန်ကုန်မြို့တွင်းရှိ ခရီးသည်များကို ဝန်ဆောင်မှုပေးရုံသာမက ဇိမ်ခံကားများဖြင့် ရန်ကုန်ပြင်ပမြို့များသို့လည်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ ဝန်ဆောင်မှုကို ၂၀၁၈ခုနှစ် ပထမသုံးလပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်းသိရသည်။
တက္ကစီဝန်ဆောင်မှုအပါအဝင် ရွေးချယ်စရာများပြားသောဘက်စုံသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့် SMRT ၏ ၂၅နှစ်ကျော် အတွေ့အကြုံနှင့်အတူ Strides သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာသည့်ဇိမ်ခံကားဝန်ဆောင်မှုလုပ်ငန်းတွင် အကောင်းဆုံးအခြေချလုပ်ကိုင်မည့်အပြင် မိတ်ဖက်များဖြစ်သော Toyota Tsusho နှင့် AUT တို့ကလည်း ပံ့ပိုးပေးသွားမည်ဖြစ်သည်။
စင်ကာပူနိုင်ငံတွင်ရှိသော ထိပ်တန်းဇိမ်ခံကားဝန်ဆောင်မှုများနှင့် ကားအငှားလုပ်ငန်းများလို အရည်အသွေးတန်းတူရှိသော ဝန်ဆောင်မှုများကို မြန်မာနိုင်ငံမှ ခရီးသွားများအတွက် ဝန်ဆောင်မှုပေးသွားရန်ရည်ရွယ်ကြောင်း၊ ဇိမ်ခံမော်တော်ယာဉ်အမျိုးမျိုးနှင့် Sedans ကားများနှင့် Whole Fleet at Your Call (သင့်ခေါ်ဆိုမှုမှာ ကားများအားလုံးအဆင်သင့်) လို့အမည်ရသော ဝန်ဆောင်မှုနှင့် မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီများကို Strides ကဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူမှ ပြောကြားပါသည်။