ရန်ကုန်လိုင်စင်ပြန်လည်ခွင့်ပြုရာတွင် ပြည်တွင်းထုတ် SKD ကားများကို ယခင်အတိုင်းအခွန်ကင်းလွတ်ခွင့်ပြု၍ လူစီးကားများ သိန်း ၉၀ သတ်မှတ်ပြီး ၂၀၁၉ နှစ် စတွင် စတင်ခွင့်ပြုပေးသွားရန်ရှိနေကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက သိရသည်။
ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC )လက်မှတ်စနစ်ကို လာမည့်နှစ်စတွင် ပြန်လည်ခွင့်ပြုနိုင်ရန် မော်တော်ယာဉ်နှင့် ဆက်စပ်နေသော ဝန်ကြီးဌာနများထံ သဘောထားမှတ်ချက်တောင်းခံထားရှိပြီးဖြစ်ရာ ဒီဇင်ဘာလနောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကားတင်သွင်းမှုနှင့် သက်ဆိုင်သော အဖွဲ့အစည်းများအားလုံး ပြန်လည်ဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။
"ကားနဲ့ပတ်သက်တဲ့ ဌာနတွေကိုသဘောထားမှတ်ချက်တောင်းခံထားပြီးပြီ။ ဒီဇင်ဘာလအကုန်လောက်အစည်းအဝေးမှာ ပြန်ဆွေးနွေးတာတွေလုပ်မယ်။ SKD ကားတွေကတော့ အခွန်ကင်းလွတ်ခွင့်ရမှာပါ။ တစ်ခြားလူစီးကားတွေကိုတော့ သိန်း ၉၀ နဲ့ပဲသတ်မှတ်ခွင့်ပြုပေးသွားဖို့ရှိတယ်။"ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC )လက်မှတ်စနစ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်ရပါက online စနစ်မှ ရန်ကုန်လိုင်စင် certificate လက်မှတ်ရောင်းချပေးရန် လုပ်ဆောင်ထားကြောင်း သိရသည်။