မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍကို တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည့်စနစ် (SKD- Semi Knock Down)မှ တစ်စင်းလုံးအထိထုတ်လုပ်နိုင်သည့် (CKD- Complete Knock Down) စနစ်အထိ ကူးပြောင်းသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဖေဖော်ဝါရီလ ၁၃ ရက် ကပြောကြားခဲ့ပါတယ်။
"လက်ရှိ SKD စနစ်နဲ့ ထုတ်လုပ်နေတဲ့ မော်တော်ယာဉ်ဈေးကွက်မှာ အောင်မြင်မှုရှိလာပြီး အနာဂတ်မှာ ကားဈေးကွက်ဖွံ့ဖြိုးလာပြီးနောက် SKD စနစ်ကနေ ပိုမိုပြီးစီးပွားရေးတွက်ချေကိုက်မယ့် CKD စနစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းကူးပြောင်းနိုင်ရေးကိုလည်း စနစ်တကျ အားပေးကူညီသွားမှာ ဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။
ရင်းနှီးမြှုပ်နှံမှုအနည်းဆုံးဖြင့် ဈေးကွက်ဝင်ထုတ်လုပ်မှုစနစ်ဖြစ်သည့် SKD စနစ်ဖြင့် စတင်ဆောင်ရွက်နေသည့် ကုမ္ပဏီကိုးခုနှင့် စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်ရန် စီစဉ်ထားသည့် ကုမ္ပဏီ ၇ ခုနဲ့ စုစုပေါင်း ၁၆ ခုရှိကြောင်း သိရပါတယ်။ ထုတ်လုပ်မှုအတွက် တင်သွင်းလာသည့် စက်အစိတ်အပိုင်းများသည် MIC ၏ ခွင့်ပြုအမျိုးအစားြျဖစ်ပြီး မူရင်းထုတ်လုပ်သူ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီကြောင်း၊ ပစ္စည်းအသစ် Brand New များဖြစ်ကြောင်း၊ သတ်မှတ်အုပ်စုများ အတိုင်း တင်သွင်းမှုနှင့်ကိုက်ညီကြောင်း စသည့် အခြေခံ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ မူရင်းထုတ်လုပ်သူ၏ Inspection Certificate(IC) အထောက်အထားများဖြင့် စနစ်တကျစစ်ဆေးခြင်းနှင့် စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်ပြီးမှသာလျှင် ခွင့်ပြုချက်ထုတ်ပေးကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှု ကနဦးကာလတွင် SKD စနစ်ဖြင့် စတင်ထုတ်လုပ်လျက်ရှိသည့် မော်တော်ယာဉ်များ၏ လုံခြုံစိတ်ချရမှုကို အတည်ပြုနိုင်ရေး စစ်ဆေးရေးအဖွဲ့များဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။