မိုးရာသီလွန်မြောက်၍ ဆောင်းဥတု၊ ဆောင်းရာသီ ရောက်ခဲ့ပြီ။ တစ် နည်းဆိုရလျှင် စိုစွတ်သောရာသီ လွန်မြောက်၍ ပွင့်လင်းသော၊ သာယာသော ရာသီသို့ ရောက်ခဲ့ပြီဟု ဆိုရပေမည်။
ပွင့်လင်းရာသီဆိုသည့်အတိုင်း ပွဲလမ်းသဘင်တို့ အများအပြားဖြင့် စည်ကားလာပြီဖြစ်၏။ သီတင်းကျွတ် ကာလမှစ၍ နောက်နှစ် ဧပြီ၊ မေလအထိ ပွင့်လင်းခြောက်သွေ့နေဦးမည် သာဖြစ်သည်။
ပွင့်လင်းခြင်းနှင့်အတူ ခြောက်သွေ့ခြင်း ပါလာ၏။ ခြောက်သွေ့ခြင်း နှင့်အတူ ပူပြင်းခြင်းက ပါလာပြန်သည်။ သို့ဆိုရကား စိုစွတ်အေးမြသော မိုးကာလမှ ပူပြင်းခြောက်သွေ့သော နွေကာလသို့ ရောက်လာတော့မည် ဖြစ်၏။ မိုးနှင့် နွေအကြား ချမ်းစိမ့်သော ဆောင်းဥတုရှိနေသေး၏။ ဆောင်းဥတုက ညဉ့်နက်ပိုင်းနှင့် အရုဏ်ဦးလောက်သာ အဓိက ချမ်းအေးလှပြီး များသောအားဖြင့် အပူဓာတ် လွှမ်းမိုးနေတတ်ပေသည်။ နွေအပူမဟုတ်သည့်တိုင် ဆောင်းအပူသည်လည်း နွေးထွေးခြင်းထက် ပူလောင်ခြင်းကို ဖြစ်စေတတ်ပြန်၏။ ထိုအပူသည်ကား ထင်မှတ်မထားသော အပူဖြစ်၏။ ပွင့်လင်းကာလ ဟေမန္တနှင့်အတူ “မီး” အပူက ပါလာတတ်သည်။
ပတ်ဝန်းကျင်က မိုးတွင်းကဲ့သို့ စိုစွတ်မနေသဖြင့် မီးဘေးအန္တရာယ် ဖြစ် လွယ်သောကာလဖြစ်သည်။ ပေါ့ဆမီး၊ ရှို့မီး၊ လျှပ်စစ်မီး၊ သဘာဝမီး စသည်ဖြင့် မီးပေါင်းစုံ ရန်ပြုတိုက်ခိုက်နိုင်သောကာလဖြစ်သည်။ နွေရာသီ နွေဥတုတွင် မီးလောင်မှု၊ မီးဘေးအန္တရာယ်များ ကျရောက်တတ်သည်ဆို သော်လည်း ဆောင်းတွင်းကာလမှာပင် မီးအန္တရာယ်က အချိန်မရွေးကျ ရောက်နိုင်ပေသည်။
“လူခိုးလျှင် အစုတ်ကျန်သော်လည်း မီးခိုးလျှင် အပြုတ်နှံ တတ် သည် ဆိုသည့်အတိုင်း မီးဘေးအန္တရာယ်ကျရောက်လျှင် ကြီးစွာသော လူမှုအပူသောကတွေ ခံစားရတတ်၊ ဆုံးရှုံးမှု များပြားတတ်သည်။မီးဘေးသင့်သဖြင့် ပစ္စည်းဥစ္စာ၊ အိုးအိမ်တိုက်တာ ဆုံးရှုံးခြင်းနှင့်အတူ စိတ်ဓာတ်ဆုံးရှုံးမှုကပါ တစ်ထပ်တည်း ရောပါတတ်ပေသည်။ အခန့်မသင့် လျှင် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးသည်အထိ အတိဒုက္ခ ခံစားရတတ် ပေသည်။
မီးဘေးအန္တရာယ် ဖြစ်ပေါ်မလာစေရေးအတွက် ကြိုတင်ကာကွယ်ရန် လူတိုင်းမှာ တာဝန်ရှိပါသည်။ တစ်ယောက်တစ်လက်၊ တစ်တပ်တစ်အားနိုင် သည့်ဘက်မှ ထိန်းသိမ်းနိုင်ရန် လိုအပ်လှသည်။ ထိုသို့ ထိန်းသိမ်းနိုင်ရေး အတွက် လမ်းများ၊ ရပ်ကွက်များတွင် မီးကင်းများ အလှည့်ကျစောင့်ကြ သည်။ မီးအန္တရာယ်ဖြစ်လျှင် အလွယ်တကူ ငြိမ်းသတ်နိုင်ရန် ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်၊ မီးသတ်ဆေးဘူးများ ဆောင်ထားကြသည်။ ဤသို့ ကြိုတင်ပြင်ဆင်ထားခြင်းမှာ ကောင်းသည့်တိုင် အမှန်တကယ် မီး ဘေးအန္တရာယ်ကျရောက်လာပြီဆိုလျှင် ငြိမ်းသတ်ဖို့ အသင့်ဆောင်ထားသော ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်၊ မီးသတ်ဆေးဘူးများနှင့် မလုံလောက်နိုင်ပေ။
မီးကင်းစောင့်သူများလည်း သတိပေးနှိုးဆော်ရုံမှတစ်ပါး မစွမ်းဆောင်နိုင်ချေ။မီးငြိမ်းသတ်ရန် အမှန်တကယ် ဆောင်ရွက်နိုင်သောအဖွဲ့မှာ မီးသတ် တပ်ဖွဲ့ဝင် ဖြစ်သည်။ မီးသတ်တပ်ဖွဲ့သည် မီးငြိမ်းသတ်ရန် လေ့ကျင့်သင်ယူ ထားသော အဖွဲ့ဖြစ်သည်။ မီးသတ်တပ်ဖွဲ့တွင် တပ်ဖွဲ့ အင်အားရှိသလို အရန်အင်အားလည်းရှိသည်၊ မီးသတ်ကားများလည်းရှိသည်။မီးအန္တရာယ်ဖြစ်သည်နှင့် မီးသတ်ကားများ ထွက်ရသည်။ ထွက်ခွာ ရသည့် ခရီးစဉ်တစ်လျှောက် ပြည်သူအများသတိရှိရန် ဥဩဆွဲ၍ အသံ ပေးကြသည်။
ဥဩဆွဲအသံပေးခြင်းသည် ပြည်သူအများ သတိရှိရန်ဖြစ် သလို ခရီးတစ်လျှောက် အလွယ်တကူ သွားနိုင်ရေးအတွက် လမ်းဖယ်ပေးပါရန် လမ်းတောင်းခြင်းလည်း ဖြစ်သည်။ ဒီအချိန်သည် မီးသတ်ကား အတွက် အချိန်နှင့်အမျှ အရေးကြီးနေသောကာလပင် ဖြစ်သည်။မီးလောင်နေသည့်နေရာကို မိနစ်ပိုင်း၊ စက္ကန့်ပိုင်းမျှပင် နောက်ကျ ပြီး ရောက်သွားပါက ဆုံးရှုံးမှု များပြားသွားနိုင်ပြီး အသက်အန္တရာယ် ထိခိုက်သွားနိုင်သည်။ အသက်အိုးအိမ်စည်းစိမ် အချိန်မီကာကွယ်နိုင်ရေး အတွက် အလျင်အမြန် သွားလိုသဖြင့် ဥဩဆွဲ၍ လမ်းတောင်းခြင်းဖြစ်သည်။
ကိုယ်ချင်းစာစိတ်၊ နားလည်စိတ် ရှိသူများက အမြန်ဆုံးလမ်းဖယ်ပေး ကြသည်။ အချို့သော ကားသမားတွေက လမ်းဘေးရပ်၍ဖြစ်စေ၊ လမ်း ဘေးကပ်၍ဖြစ်စေ ဖယ်မပေးဘဲ မီးသတ်ကားအရှိန်ကြောင့် လမ်းရှင်းသည့် အခွင့်အရေးကိုယူကာ မီးသတ်ကားနှင့် ပြိုင်မောင်းကြတတ်သည်။ အချို့က မီးသတ်ကားအရှေ့မှ အရှိန်မြှင့်၍ မောင်းကြ၊ အချို့က မီးသတ်ကားနောက်မှ အရှိန်မြှင့်၍ လိုက်မောင်းကြ၊ အချို့က လမ်းလွတ်အောင် မဖယ်ပေးချင်ကြ၊ မီးသတ်ကားတစ်စီး သွားရုံလောက်သာ မသိမသာ ဖယ်ပေးကြသည်။
တစ်နည်းဆိုရလျှင် မီးသတ်ကား ဥဩဆွဲ၍လာနေသည်ကို ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရန် လာနေသည်ဟု မတွေးကြ။ မထီမဲ့ မြင် ဝတ်ကျေတန်းကျေ ရှောင်လွှဲရုံလောက်သာ လုပ်တတ်ကြသည်။ ဝန် မလေးသင့်သည့်ကိစ္စကို ဝန်လေးမိပြီး တာဝန်မကျေမှုကြောင့် တစ်ဖက်မှာ ထိခိုက်ဆုံးရှုံးမှု များသွားနိုင်ကြောင်း ကိုယ်ချင်းစာသင့်ပေသည်။
အချုပ်ဆိုရသော် ပြည်သူတို့ဘဝ အေးချမ်းစွာနေထိုင်နိုင်ရေး၊ ပြည် သူ့အသက်အိုးအိမ်စည်းစိမ် တည်တံ့နိုင်ရေးအတွက် အားအင်အပြည့်ဖြင့် လာနေသော မီးသတ်ကားများ ဥဩသံကြားရုံဖြင့် လမ်းဖယ်၊ လမ်းရှင်း ခြင်းဖြင့် ကူညီသင့်ကြောင်း ရေးသားလိုက်ရပါသည်။