ခေါင်းပိုင်းနှင့် ကိုယ်ပိုင်း ခွဲခြားထားသည့်အပြင် ထူးခြားမှုများစွာပါသည့် Sir Vival


အမေရိကန်ပြည်ထောင်စုတွင် မော်တော်ကားများ စတင်ပေါ်ပေါက်လာချိန်မှ ၁၉၅၈ ခုနှစ်အထိ မတော်တဆမှုများကြောင့် ပျမ်းမျှလူတစ်သန်းနီးပါး သေဆုံးခဲ့ရပါသည်

ထိုအချိန်ခန့်က မော်တော်ကားမာျးကို လမ်းပေါ်မောင်းရန်အတွက်သာ ရည်ရွယ်ခဲ့ပြီး လုံခြုံရေးဆိုင်ရာအစီအမံများ မရှိသကဲ့သို့ ယာဉ်သက်တမ်းကုန်ဆုံးသွားလျှင် စွန့်ပစ်ရန်အစီအစဉ်လည်းမရှိသေးပေ။

ကားတိုက်မှုများကြောင့် လူ့အသက်မာျးစွာဆုံးရှုံးနေမှုကို တော်လှန်ပြောင်းလဲပစ်ရန် မက်ဆာချူးဆက်ပြည်နယ်၊ Worcester မြို့သား Walter C.Jerome က Sir Vival ဟု အမည်ပေးထားသော ကားကို စတင်တီထွင်ခဲ့ပါသည်။

Northeastern တက္ကသိုလ်က အင်ဂျင်နီယာဘာသာရပ်နှင့် ဘွဲ့ရထားသော Walter C.Jerome သည် 1948 Hudson ကားတစ်စီးကို အခြေခံပြီး Sir Vival ကို တည်ဆောက်ဖန်တီးခဲ့သော်လည်း မူလကားပုံစံနှင့် လုံးဝနီးပါးကွဲပြားစေသော တီထွင်ဆန်းသစ်မှုအများအပြား ပါဝင်နေပါသည်။ Sir Vival ၏ အထူးခြားဆုံးအချက်မှာ တစ်ဆက်တည်းမဟုတ်ဘဲ ခရီးသည်နှင့် မောင်းသူများရှိသော အဓိကကားကိုယ်ထည်ကို အင်ဂျင်၊ ရှေ့ဘီးများရှိသည့် ခေါင်းပိုင်းနှင့် ခွဲခြားထားခြင်း ဖြစ်ပါသည်။

မျက်နှာချင်းဆိုင်ကားတိုက်မှုဖြစ်လျှင် အင်ဂျင်ရှိသော ခေါင်းပိုငးက ဖိအားဒဏ်သက်ရောက်မှုကို နောက်ပိုင်းဆီမရောက်အောင် လမ်းလွှဲပေးရန် စိတ်ကူးနှင့် Sir Vival ကို နှစ်ပိုင်းခွဲတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

ခေါင်းပိုင်းနှင့် ကိုယ်ပိုင်းကို Articulated Universal Joint နှင့် ဆက်သွယ်ထားပါသည်။

Sir Vival တွင် လက်ရှိကားလုံခြုံရေးနည်းပညာများဖြစ်သော ထိုင်ခုံခါးပတ် (Seat Belt)၊ ခရီးသည်ထိုင်သောအပိုင်းကို ကာကွယ်ပေးမည့် သံမဏိ Roll Cage၊ Slide Doors၊ Side Lights တို့ကို အစောဆုံး အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။

ရှေ့ဘမ်ပါက လေဖြည့်ထားသည့် ရော်ဘာနှင့်ပြုလုပ်ထားသည့်အတွက် ထိခိုက်မှုအားကို စုပ်ယူပေးသွားမည်ဖြစ်ပါသည်။ ကားမောင်းသူထိုင်ခုံကို ခရီးသည်ထိုင်ခုံထက် သုံးပေပိုမြင့်ထားခြင်းကြောင့် မျှော်စင်လိုမျိုးဖြစ်နေပြီး မြင်ကွင်းပိုကောင်းစေပါသည်။ မောင်းသူရှေ့က လေကာမှန်ကို ဆလင်ဒါပုံတပ်ထားခြင်းကြောင့် ကား၏ ၃၆၀ ဒီဂရီနီးပါး ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အချိုးအကွေ့များတွင် မြင်ကွင်းပိုကောင်းရန် ရှေ့မီးလုံးနှစ်လုံးအပြင် မောင်းသူရှေ့ဘက်တွင် မီးလုံးကြီးတစ်လုံး ထပ်တပ်ထားပါသေးသည်။ ဒီဇိုင်းပုံစံရေးဆွဲထားခြင်းမှ အပြီးသတ်တည်ဆောက်ရန်အထိ အချိန် ၁၀ နှစ်ကြာသော Sir Vival ကို မိတ်ဆက်ပြသသည့်အခါ ချီးကျူးမှုများ အများအပြားရခဲ့ခြင်းကြောင့် Walter C.Jerome က တစ်နှစ်ကို အစီးရေ ၁၀ စီးမှ ၁၂ စီးအထိ ထုတ်လုပ်ရောင်းချရန် ကြံရွယ်ခဲ့ပါသည်။

သို့သော် ပုံမှန် အမေရိကန်ကားတစ်စီးကို အမေရိကန်ဒေါ်လာ သုံးထောင်အောက်သာ ပေးရချိန်တွင် Sir Vival ဈေးနှုန်းက အမေရိကန်ဒေါ်လာ တစ်သောင်းဖြစ်နေသည့်အတွက် ဝယ်သူတစ်ဦးမှမရှိခဲ့ပေ။

နောက်ထပ်ထုတ်လုပ်ရန် ငွေကြေးထောက်ပံ့မှုမရခြင်းကြောင့်လည်း Sir Vival ကို တစ်စီးသာ ထုတ်လုပ်ပြီး ထပ်မံတည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ။

 

Read 681 times