စင်ကာပူတွင် မောင်းသူမဲ့ လျှပ်စစ်ဘတ်စ်ကား စမ်းသပ်ပြေးဆွဲမည်


ဆွီဒင်နိုင်ငံ အခြေစိုက် Volvo Buses နဲ့ စင်ကာပူနိုင်ငံ Nanyang နည်းပညာတက္ကသိုလ် (NTU) တို့က လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့ ဘတ်စ်ကားတစ်စီးကို မတ်လ ၅ ရက်၊ အင်္ဂါနေ့က ထုတ်ဖော် ပြသလိုက်ပါတယ်။ စင်ကာပူနိုင်ငံမှာ ယခုနှစ်အတွင်း စတင် စမ်းသပ်ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

လူဦးရေ ထူထပ်တဲ့ စင်ကာပူဟာ နိုင်ငံသားတွေအနေနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကို ပိုမိုအားထားအသုံးပြုကြစေဖို့ မောင်းသူမဲ့ကားနည်းပညာကို အားပေးလုပ်ဆောင်လျက်ရှိပါတယ်။ ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ အငှားယာဉ်ကိုလည်း စင်ကာပူနိုင်ငံမှာ ၂၀၁၆ ခုနှစ်က အများပြည်သူနေရာအချို့မှာ စမ်းသပ် ပြေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။

Volvo က ထုတ်လုပ်ထားတဲ့ 7900 တစ်ထပ်လျှပ်စစ်ဘတ်စ်ကားဟာ ၃၉ ပေ အရှည်ရှိကာ ခရီးသည် ၈၀ ဦးအထိ တင်ဆောင်နိုင်ပါတယ်။ သာမန်ဘတ်စ်ကားကြီးတစ်စီးအတိုင်း အရွယ်အစားရှိတဲ့ ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ဘတ်စ်ကား ဖြစ်တယ်လို့ Volvo နဲ့ NTU တို့က ပြောကြားထားပါတယ်။

“ဘတ်စ်ကားပြေးဆွဲတဲ့ ကုမ္ပဏီတွေ တကယ်အသုံးပြုနိုင်မယ့် ယာဉ်အမျိုးအစား ဖြစ်ပါတယ်။ မောင်းသူမဲ့ယာဉ် နည်းပညာရဲ့ သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်” လို့ Volvo Buses ရဲ့ ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Volvo မောင်းသူမဲ့ လျှပ်စစ်ဘတ်စ်ကားတစီးကို NTU တက္ကသိုလ်ဝင်းအတွင်း လာမယ့်ရက်သတ္တပတ်အတွင်း စတင်စမ်းသပ် ပြေးဆွဲသွားတော့မှာပါ။ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းတွေထံက ခွင့်ပြုချက်ရရှိပြီးရင်တော့ အများပြည်သူသုံး လမ်းမတွေမှာ ရွှေ့ပြောင်း စမ်းသပ်သွားဖို့ ရှိပါတယ်။ တနှစ်အတွင်း လမ်းမတွေအပေါ် ရောက်ရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့ NTU ဥက္ကဋ္ဌ Subra Suresh က ဆိုပါတယ်။

ဒုတိယမြောက် Volvo မောင်းသူမဲ့ လျှပ်စစ်ဘတ်စ်ကားတစ်စီးကိုလည်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ကုမ္ပဏီပိုင် ဘတ်စ်ကားဂိတ်တစ်ခုမှာ စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း စင်ကာပူနိုင်ငံရဲ့ နယ်မြေ ၃ ခုမှာ မောင်းသူမဲ့ဘတ်စ်ကားကြီးတွေနဲ့ မီနီဘတ်စ်တွေကို စတင်တွေ့မြင်ရဖို့ ရည်ရွယ်ထားပါတယ်။

Volvo ရဲ့ မောင်းသူမဲ့ဘတ်စ်ကားဟာ လျှပ်စစ်စွမ်းအင်သုံး ဖြစ်တာကြောင့် မီးခိုးထုတ်လွှတ်မှု မရှိဘဲ အရွယ်အစားတူ ဒီဇယ်အင်ဂျင်သုံး ဘတ်စ်ကားတွေထက် စွမ်းအင်သုံးစွဲမှု ၈၀ ရာခိုင်နှုန်းအထိ သက်သာပါတယ်။ ၃ မိနစ်ကနေ ၆ မိနစ်အတွင်း အားအမြန်သွင်းပေးနိုင်တဲ့ Fast Charging စနစ်လည်း ပါဝင်မှာပါ။

မောင်းသူမဲ့ကားတစီးအတွက် လိုအပ်တဲ့ ဆန်ဆာအမျိုးမျိုးကို တပ်ဆင်ထားပြီး၊ ထိပ်တန်း ဆိုက်ဘာလုံခြုံရေး ကာကွယ်မှုတွေပါဝင်တဲ့ အဆင့်မြင့် AI စနစ်က ထိန်းချုပ်ကွပ်ကဲသွားမှာ ဖြစ်ပါတယ်။ စင်ကာပူအပြင် ဗြိတိန်နဲ့ ဂျပန်နိုင်ငံတို့ကလည်း မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်နေကြပါတယ်။

Source;Ayawaddy

Read 329 times