မလေးရှား မော်တော်ယာဉ်ကဏ္ဍ လျှပ်စစ်ကားဆီသို့  ကူးပြောင်းရန် ကုမ္ပဏီကြီးများ ပေါင်းစည်း


မလေးရှား မော်တော်ယာဉ်ကဏ္ဍ လျှပ်စစ်ကားဆီသို့  ကူးပြောင်းရန် ကုမ္ပဏီကြီးများ ပေါင်းစည်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ဩဂုတ်လတွင် ကြေညာခဲ့သည့် သဘောတူညီချက်အရ  မလေးရှားမှ အထင်ကရ လုပ်ငန်းစုကြီး Sime Darby သည် UMW Holdings တွင် မလေးရှား  နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Permodalan Nasional Berhad (PNB) ပိုင်ဆိုင်သည့်  ၆၁.၂% ရှယ်ယာကို ရင်းဂစ် ၃.၅၇ ဘီလီယံ (ဒေါ်လာ ၇၆၁ သန်း) ငွေသားဖြင့် ဝယ်ယူမည် ဖြစ်သည်။
ကျန်ရှိသည့် ရှယ်ယာများ  ၃၈.၈% အကုန်လုံးကိုလည်း ဆက်လက်ဝယ်ယူသွားမည်။ အပြီးသတ်တွင် UMW Holdings ကို မလေးရှား စတော့အိတ်ချိန်း Bursa Malaysia စာရင်းဝင်အဖြစ်မှ ရုပ်သိမ်းလိုက်မည် ဖြစ်သည်။
တနည်းဆိုရသော် UMW ကို Sime Darby က ဝယ်ယူပြီး ပေါင်းစည်းကာ ကုမ္ပဏီတစ်ခုတည်းအဖြစ် ရပ်တည်မည် ဖြစ်သည်။ 

 

ဝယ်ယူသိမ်းပိုက်သည့် လုပ်ငန်းစဉ်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးလိမ့်မည်ဟု မျှော်မှန်းထားသည်။ 
 
Sime Darby တွင် မလေးရှား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး  PNB က ၅၀.၃% ပိုင်ဆိုင်ထားသည်။ 

ယခုလို ပေါင်းစည်းပေးလိုက်သည့်အတွက် မလေးရှား မော်တော်ယာဉ်ကဏ္ဍတွင် အရွယ်အစား ကြီးမားသည့် လုပ်ငန်းကြီးအဖြစ် အင်အားတောင့်တောင့်တင်းတင်းဖြင့် ရပ်တည်နိုင်မည် ဖြစ်သည်။

မလေးရှားမှ လုပ်ငန်းစုကြီး Sime Darby က ၂၀၁၇ ခုနှစ်မှာ ၎င်း၏ အဓိက ကဏ္ဍဖြစ်သည့် စိုက်ခင်းကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍတို့ကို သီးခြားခွဲထုတ်လိုက်ပြီး မော်တော်ယာဉ်၊ စက်ယန္တရားကြီးများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍများကို တိုးချဲ့ လုပ်ကိုင်သည်။
ပြည်ပကားအမှတ်တံဆိပ်များဖြစ်သည့် BMW ၊ Rolls-Royce ၊ Porsche နှင့် Land Rover တို့ကို အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်သည်။ Mazda Motor နှင့်လည်းကောင်း၊ Hyundai Motor နှင့်လည်းကောင်း ဖက်စပ်လုပ်ငန်း အသီးသီး ထူထောင်ပြီး မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍကို လုပ်ကိုင်သည်။ 
 
 မကြာသေးမီနှစ်များအတွင်း လုပ်ငန်းစုကြီး Sime Darby သည် လျှပ်စစ်ကားများကို အလေးပေးခဲ့သည်။ ယမန်နှစ်က BYD ၏ အီးဗီများကို ရောင်းချခဲ့သည်။ တရုတ်နိုင်ငံမှ အီးဗီ ထုတ်လုပ်သူ Chery Automobile နှင့် မလေးရှားတွင် အီးဗီ ထုတ်လုပ်ရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မေလက ကြေညာခဲ့သည်။ 

UMW သည် မော်တော်ယာဉ်ကဏ္ဍကိုသာ အဓိကထားပြီး လုပ်ကိုင်သည်။ မလေးရှားတွင် တိုယိုတာ ကားများ ထုတ်လုပ်သည့် UMW Toyota Motor တွင် ၅၁% ပိုင်ဆိုင်သည်။ 
မလေးရှား ပြည်တွင်းကားလုပ်ငန်း Perodua တွင်လည်း ၃၈% ပိုင်ဆိုင်သည်။
မလေးရှားဈေးကွက် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက် ကားအသစ် ရောင်းအားအများဆုံး စာရင်းတွင် တိုယိုတာသည် ပထမနေရာ၊ Perodua တတိယနေရာမှာ ရပ်တည်နေသည်။ UMW သည် ဈေးကွက်ဝေစု ၅၂% ရရှိထားသည်။

Sime Darby ထီးရိပ်အောက်မှ အမှတ်တံဆိပ်များသည် ဈေးကွက်ဝေစု အနည်းငယ်စီသာ ရရှိကြသည်။ 
Sime Darby က UMW ကို ရယူလိုက်သည့်အတွက် Toyota နှင့် Perodua တို့ကို ရရှိသည်။ သို့ဖြစ်ရာ Sime Darby သည် မလေးရှား မော်တော်ယာဉ်ကဏ္ဍတွင် ဦးဆောင်သူနေရာသို့ ရောက်ရှိသည်။  ဈေးကွက်ဝေစု ၆၀% ဝန်းကျင် ရရှိမည်ဖြစ်သည်။


အခြားအရှေ့တောင်အာရှနိုင်ငံများသည် ဂျပန်၊ ဥရောပနှင့် အမေရိကန် မော်တော်ကားထုတ်လုပ်သူများကို ဆွဲဆောင်ရန် အာရုံစိုက်ထားပြီး မလေးရှားသည် ပြည်တွင်းမှ ကားထုတ်လုပ်သူများကို ထူထောင်ရန် အလေးပေးထားသည်။ ထို့ကြောင့် ထုတ်လုပ်စီးရေသည် လျော့နည်းနေသည်။

နှိုင်းယှဉ်ကြည့်ပါက ယမန်နှစ်တွင် ထိုင်းနိုင်ငံသည် ကားအစီးရေ ၁.၈၈ သန်းနှင့် အင်ဒိုနီးရှားနိုင်ငံသည် 
 ၁.၄၇ သန်း ထုတ်လုပ်ခဲ့ပြီး မလေးရှားးနိုင်ငံ၏ ထုတ်လုပ်မှုသည် ၈ သိန်းမပြည့်ချေ။
၁၉၈၃ ခုနှစ်တွင် ပြည်တွင်းကားလုပ်ငန်း အမှတ်တံဆိပ် Proton ကို ထူထောင်ခဲ့သည်။ 
 နောက် ၁၀ နှစ်အကြာ ၁၉၉၃ ခုနှစ်တွင် နောက်ထပ် ပြည်တွင်းကားလုပ်ငန်း အမှတ်တံဆိပ် Perodua ကို ထူထောင်ခဲ့သည်။ 

မလေးရှားတွင် Proton နှင့် Perodua ကို အများစုက ဝယ်စီးကြသည်။ အခွန်သက်သာသောကြောင့် ဖြစ်သည်။ ပြည်ပမှတင်သွင်းသည့် ကားများကို  မြင့်မားသော သွင်းကုန်ခွန်စည်းကြပ်သည်။

Proton နှင့် Perodua တို့သည် အရည်အသွေးနှင့်ဘအသစ်အဆန်းများ ဖြည့်တင်းရန် နှေးနေသည်။ ပြည်ပဈေးကွက်များတွင်လည်း လူသိနည်းသည်။ လျှပ်စစ်ကား ထုတ်လုပ်ခြင်း မရှိသေးချေ။ 

Proton တွင် ရှယ်ယာပိုင်ဆိုင်သည့် တရုတ်ကားလုပ်ငန်း Geely ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အီးဗီသို့ ကူးပြောင်းမည်ဟု Proton က ပြောကြားသည်။

အီးဗီ ထုတ်လုပ်ရန် နောက်ကျကျန်ရစ်သော မလေးရှား မော်တော်ယာဥ်လုပ်ငန်းကဏ္ဍတွင် အစိုးရက ဦးဆောင်ပြီး ကုမ္ပဏီစုကြီး နှစ်ခုကို တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းလိုက်ပြီး စျေးကွက်၏ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားသည့် လုပ်ငန်းစုကြီးတစ်ခုအဖြစ်သို့ ရောက်ရှိစေကာ လျှပ်စစ်ကားများသို့ ကမ္ဘာ့အပြောင်းအရွေ့ကို အမီလိုက်ဖို့ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်သည်။

Source Nikkei Asia 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1379 times