အဲကွန်းဖွင့်ထားချိန်တွင် အဲကွန်းက အင်ဂျင်ပါဝါကို ယူသုံးထားသဖြင့် ကားသည် အဲကွန်းပိတ်ထားချိန်ကဲ့သို့ မသွက်တော့ပဲ ကားအထနှေးနေသဖြင့် သတိထားပြီး မောင်းနှင်ရန်လိုအပ်ပါသည်။
နေပူထဲတွင် ကားထား၍ ကားထဲတွင် ပူနေချိန် စက်နှိုးပြီး အဲကွန်းသုံးကာ ကားထွက်မည်ဆိုလျှင် ကားမထွက်ခင် အဲကွန်းကို အမြင့်ဆုံးတွင် ထားပေးကာ လေပူများ အပြင်ထွက်နိုင်ရန် မှန်ချပြီး အပူများကို မှုတ်ပေးသင့်ပါသည်။
ထိုကဲ့သို့ လေအမှုတ်တွင် လူပေါ်တည့်တည့်မကျရောက်စေရန် လွှဲပေးထားရပါမည်ဖြစ်ပြီး အအေးဆုံးဖြင့် မှုတ်နေချိန်တွင် အဲကွန်းကောင်းလျှင် မှုတ်နေသည့် လေ၏ အပူချိန်က ၂ ဒီဂရီ စဲလ်စီးယပ်စ်သာ ရှိပါသည်။
အရေပြားကို ဒုက္ခပေးတက်ပြီး အထူးသဖြင့် မျက်နှာလို နုနယ်သော နေရာမျိုးကို အအေးတိုက်ရိုက်မကျရောက်သင့်ပေ။
ယာဉ်တွင်းကို အေးအောင်ပြုထားခြင်းမှာလည်း အလွန်အကျွံမဖြစ်သင့်ပေ။
ပြင်ပအပူချိန်နှင့် အလွန်ကွာနေလျှင် ကားပေါ်မှ ဆင်းသည့်အခါ၊ ပြန်တက်သည့်အခါ အပူချိန်အပြောင်းအလဲကြီးမားသည့်အပြင် ဗြုန်းစားကြီး ပြောင်းလဲခြင်းကို လူ့ကိုယ်ခန္ဓာက ခံနိုင်ရည်မရှိခြင်းကြောင့် ဆဲလ်များ ပျက်ယွင်းစေသည်။
အဲကွန်းအတွက် လေကိုရယူခြင်းတွင် ယာဉ်တွင်းမှ ရယူခြင်းနှင့်၊ ယာဉ်ပြင်ပမှ ရယူခြင်းဟူ၍ နှစ်မျိုးရှိပါသည်။
ပြင်ပလေကိုသာ သုံးသင့်သော်လည်း အနံ့မသက်မကောင်းခြင်း၊ လေထုညစ်ညမ်းနေခြင်းများ ဖြစ်ပေါ်နေပါက ယာဉ်တွင်းမှ လေကိုသာ သုံးသင့်ပါသည်။
ပြင်ပလေကို သုံးရသည့်အကြောင်းအရင်းမှာ ကား၏ လေထုသည်သေးသည့်အတွက် အသက်ရှူထုတ်ထားသော လေများသာ များသွားတက်သောကြောင့်ဖြစ်ပါသည်။
ရှူလိုက်သောလေထဲတွင် အောက်ဆီဂျင်နည်းပါးလျှင် ယာဉ်မောင်း၏ ဦးနှောက် အလုပ်လုပ်ခြင်းမှာ ပုံမှန်မဖြစ်နိုင်သည့်အတွက် အဆုံးအဖြတ်များ မှားတက်သဖြင့် အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်ပါသည်။
အဲကွန်းကို တစ်ပတ်တစ်ခါ ဖွင့်သုံးပေးသင့်ပါသည်။ ဂတ်စ်နှင့်တကွ စက်ကိရိယာ အစိတ်အပိုင်းများက အလုပ်မလုပ်ရတာကြာလျှင် ကျပ်သွားတက်ပါသည်။
ထို့ကြောင့် တစ်ပတ်ကို တစ်ခါ၊ တစ်ခါကို ၅ မိနစ်ဆက်တိုက် အနည်းဆုံး သုံးပေးထားရပါသည်။
စက်ကိရိယာကျပ်ခြင်း၊ ဂက်စ်စီးဆင်းလည်ပတ်မှုလမ်းကြောင်းတွင် ပိတ်ဆို့မှု ရှိနေခြင်းများကြောင့် အဲကွန်းကို ဖွင့်ထားချိန်တွင် အင်ဂျင်ပါဝါကို ပိုမိုရယူသုံးစွဲရပါသည်။
ကားမောင်းရခြင်း ပိုခက်သွားစေသည့်အပြင် အင်ဂျင်က ရုန်းရလွန်းအားကြီးခြင်းကြောင့် ပူတက်လာတတ်ပါသည်။
အဲကွန်လေထဲတွင် ဂက်စ်ပါလာသည်ဟု သံသယရှိလျှင် ဆက်ဖွင့်မထားဘဲ ကားအဲကွန်းပြင်ဆိုင်တွင် သွားပြပြီး စစ်ဆေးမှု ခံယူရပါမည်။
ဖုန်မှုန့်များစစ်ပေးသော လေစစ်ဆန်ခါပါလျှင် မှန်မှန် သန့်ရှင်းရေး လုပ်ပေးပါ။
လေအေးစက်အတွက် သုံးစွဲသော ဂက်စ်သည် ဖရီယွန် (Freon) ဖြစ်ပြီး ရှေးယခင်က သုံးစွဲကြသော ဖရီယွန်အမျိုးအစားက မော်လီကျူးအရွယ်အစားကြီးမားသဖြင့် အပူပြောင်းပေးရသည်မှာ လွယ်ကူပါသည်။
သို့သော် ကမ္ဘာ့လေထု၏ အိုဇုံးအလွှာကို ထိခိုက်စေသည့်အတွက် တားမြစ်ထားသောကြောင့် နောက်ထပ် ဖရီယွန်တစ်မျိုးကို ပြောင်းလဲသုံးစွဲခဲ့ကြရပါသည်။
ထိုအမျိုးအစားက မော်လီကျူးအရွယ်သေးသဖြင့် အပူပြောင်းပေးခြင်း ခက်သည့်အတွက် ကွန်ဒင်ဆာတွင် စီးဆင်းသော လမ်းကြောင်းကို သေးပေးလိုက်ကြရပြီး ဆီနှင့် ဂက်စ်တို့ကို တွဲလွှတ်ထားပါသည်။
ထိုကြောင့် ယိုစိမ့်သည့်နေရာရှိလျှင် ဆီပါ ယိုစိမ့်သည့် နေရာတစ်ဝိုက်တွင် ကွက်ပြီး ကျန်ခဲ့ပါသည်။
ထိုကြောင့် ဆီကွက်တွေ့လျှင် ယိုစိမ့်မှုရှိသည့် လက္ခဏာဖြစ်ပြီး တခြားယိုစိမ့်လေ့ရှိတက်သော နေရာမာျးမှာ ပိုက်ဆက်နေရာများ၊ ဘားများ၊ ဆီးလ်များ ဖြစ်ပါသည်။
ထို့အပြင် ပြင်ပမှ လေအသစ်ရယူသည့် အပေါက်ထဲ သစ်ရွက်ခြောက်အစအနများ ရောက်ရှိကာ လေရယူမှု အဟန့်အတား ပြုတတ်သည်ကို သတိပြုရပါမည်။
ကားအဲကွန်းတွင် အသုံးပြုထားသော ကလပ်က လျှင်စစ်သံလိုက်ကလပ် အမျိုးအစားဖြစ်ပါသည်။
အဲကွန်းဖွင့်သော ခလုတ်နှိပ်လိုက်သည့်အခါ လျှပ်စစ်သံလိုက်စက်ကွင်း ဖြစ်ပေါ်ပြီး ကလပ်က တွယ်ငြိပေးလိုက်ခြင်းဖြစ်ပါသည်။
အဲကွန်း ကွန်ပရက်ဆာကို ခေတ္တနားရန်လိုလျှင် အဲကွန်းတွင်ပါသော သာမိုစတက်မှ ရပ်ခိုင်းသည့်အခါ၊ ရပ်နေရာမှ ပြန်လည်ခိုင်းသည့်အခါများတွင်လည်း သံလိုက်စက်ကွင်းနှင့် တွယ်ငြိခိုင်း၊ ခွာခိုင်းပါသည်။
အဲကွန်းခလုတ်ကိုနှိပ်ပြီး ပိတ်လိုက်ချိန်တွင်လည်း အလားတူ ကလပ်ကို ပြန်ခွာပေးပါသည်။
ထိုကဲ့သို့ တွဲသည့်အခါတွဲ၊ ခွာသည့်အခါခွာခြင်းကြောင့် အင်ဂျင်ပါဝါအသုံးပြုမှု အတက်အကျ ရှိနေတက်ပါသည်။
ကားကသွက်လိုက် နှေးလိုက်ဖြစ်တတ်သဖြင့် အဲကွန်းဖွင့်ထားသည့်အချိန် ကားမောင်းလျှင် သတိထားရန် လိုအပ်ပါသည်။