Traffic Cone များသည် ထုလုံးချွန်ပုံစံရှိပြီး ယာဉ်လမ်းကြောင်း ပိတ်ရန်လိုအပ်သည့်အခါ၊ ဘေးအန္တရာယ်အသိပေးသည့်အခါ၊ ယာဉ်လမ်းကြောင်းပြောင်းလဲမောင်းနှင်ရန်ညွှန်ပြသည့်အခါ၊ လမ်းမပေါ် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်အခါမျိုးတွင် သုံးလေ့ရှိပါသည်။
ညဘက်များ သို့မဟုတ် အလင်းရောင်နည်းပါးသည့် နေရာများတွင် ရောင်ပြန်များကပ်ထားသည့် Traffic Cone များကို အသုံးပြုကြပါသည်။
Traffic Cone များကို အမေရိကန်နိုင်ငံသား Charles D. Scanlon ဆိုသူက တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၁၉၄၃ ခုနှစ်တွင် မူပိုင်ခွင့် မှတ်ပုံတင်နိုင်ခဲ့ပါသည်။
ထိုသူသည် လော့စ်ဇင်းဂျလိစ်မြို့ လမ်းဌာနတစ်ခုတွင် လမ်းဆေးသုတ်သမားအဖြစ် အလုပ်လုပ်ခဲ့သည့်အချိန်က Traffic Cone ဖန်တီးရန် စိတ်ကူးရခဲ့ခြင်းဖြစ်ပါသည်။
ယူကေတွင် Traffic Cone များကို ၁၉၅၈ ခုနှစ်တုန်းက M6 လမ်းမကြီး စဖွင့်သည့်အချိန်တွင် ပထမဆုံး အသုံးပြုခဲ့ပါသည်။
၁၉၆၁ ခုနှစ်တွင် ယူကေ၊ ဘားဖို့ဒ်မြို့က David Morgan ဆိုသူမှာ ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော ပထမဆုံး Traffic Cone များကို ဖန်တီးခဲ့ပါသည်။
အမေရိကန်တွင် ၁၉၅၉ ခုနှစ်၊ မေ ၁ ရက်တွင် Russell Storch ၏ အကြံပြုချက်အရ ကားလမ်းမများပေါ်တွင် အလုပ်လုပ်ကြရသည့် အလုပ်သမားများ ဘေးကင်းလုံခြုံရန်အတွက်လိမ္မော်ရောင် Traffic Cone များအသုံးပြုရန် မူဝါဒကို ပစိဖိတ်ဓာတ်ငွေ့နှင့် လျှပ်စစ်ကုမ္ပဏီက ကယ်လီဖိုးနီးယားတွင် ကျင့်သုံးခဲ့ပါသည်။
ယခင်ခေတ်များက Traffic Cone များကို ကွန်ကရစ်ဖြင့် ပြုလုပ်ခဲ့ကြသော်လည်း ယခုခေတ်အသုံးပြုနေကြသော Traffic Cone များမှာ သာမိုပလတ်စတစ်၊ သို့မဟုတ်ရော်ဘာဖြင့်ပြုလုပ်ထားကြပြီး အရောင်အသွေးအရလည်း ယခင်ကထက် ပိုပြီး တောက်ပလာကြပါသည်။
Traffic Cone များသည် သုံးဆယ် စင်တီမီတာ (၁၁ ဒသမ ၈ လက်မ) ခန့်မှ တစ်မီတာ (၃၉ ဒသမ ၄ လက်မ) ခန့်အထိ အရွယ်အစားမျိုးစုံရှိပါသည်။
လိမ္မော်၊ အဝါ၊ ပန်းရောင်၊ အနီ၊ အပြာ၊ အစိမ်း အစရှိသော အရောင်တောက်တောက်မျိုးစုံရှိပြီး ပိုပြီးသိသာထင်ရှားရန် လိုအပ်လာပါက ထို Traffic Cone များအပေါ်ရောင်ပြန်စတစ်ကာအမှတ်အသားများကိုပါ ထပ်ဆင့်ကပ်ပြီး အသုံးပြုကြပါသည်။
Traffic Cone အများစုမှာ လိမ္မော်ရောင်နှင့် စိမ်းဝါရောင်တောက်တောက်များ ဖြစ်ပါသည်။
Cone များအစား ပိုပြီး တောင့်တင်းမားကျောသော တိုင်ငယ်များကိုလည်း အသုံးပြုလေ့ရှိပြီး ရော်ဘာသားအောက်ခံပေါ်မှာမှ အမြင့် ၁၁၅၀ မီလီမီတာ (၄၅လက်မ) အရှည်ရှိသော တိုင်ငယ်များကို အသုံးပြုလေ့ရှိပါသည်။
Traffic Cone များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သတ်မှုမရှိဘဲ တစ်ချို့အဆောက်အအုံများထဲ သန့်စင်ခန်းပျက်နေသည့်အခါ၊ သို့မဟုတ် ချော်လဲနိုင်သောကြမ်းခင်းအနေအထား အစရှိသော အန္တရာယ်ရှိနိုင်သည့် အနေအထားတစ်ခုခုတွင်လည်း သတိပေးသော အမှတ်အသားကဲ့သို့ အသုံးပြုလေ့ရှိပါသည်။
၂၀၀၇ ခုနှစ်တွင် အမေရိကန်အနုပညာရှင် တစ်ဦးဖြစ်သော Dennis Oppenheim သည် မိုင်ယာမီ၊ ဆီယက်တယ်လ်က အိုလံပစ်ပန်းပုပန်းခြံကြီးနှင့် တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့များတွင် ငါးမီတာ အမြင့်ရှိသော Traffic Cone ကြီး ငါးခုကို ယာယီဖန်တီးပြသခဲ့ပါသည်။
နာမည်ကျော် VLC Media Player Software ၏ အမှတ်အသားကလည်း လိမ္မော်ရောင်တောက်တောက်နှင့် အဖြူရောင်ရောစပ်ထားသည့် Traffic Cone ပုံစံဖြစ်ပါသည်။