ကားဘက်ထရီစစ်ဆေးမှုပြုလုပ်ရာတွင် သတိပြုထားသင့်သည့်အချက်များ


ကားတစ်စီး သက်ဝင်လှုပ်ရှားနိုင်ရေးအတွက် ကားဘက်ထရီသည် အရေးကြီးသည့်အတွက် ဘက်ထရီသည် အမြဲတမ်းအားပြည့်၍ ကျန်းမာရေး ကောင်းမွန်နေရမည်။

ဘက်ထရီကျန်းမာမှ ကားကို စိတ်တိုင်းကျ လိုရာစေနိုင်မည်ဖြစ်သောကြောင့် ကားဘက်ထရီ တစ်လုံးသည် ကားတစ်စီးလုံး၏ အသက်ဝိဉာဉ်ဖြစ်သည်။

ကားတစ်စီးလုံး၏ ထိန်းချုပ်မှုစနစ်အားလုံးသည် လျှပ်စစ်ဝါယာများဖြင့်သာ သွားသဖြင့် Electrical System, Charging, Aircon System အားလုံးတွင် ဘက်ထရီသည်မပါမဖြစ် အဓိကကျသည်။

ကားတစ်စီးထိန်းသိမ်းရေးတွင် ဘက်ထရီ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းသည်လည်း အရေးကြီးသော အချက်ဖြစ်သည်။

ဘက်ထရီနှင့် စပ်လျဉ်း၍ အခြားသိထားသင့်သော အချက်များလည်းရှိပြီး အအေးဓာတ်လွန်ကဲသော တောင်ပေါ်ဒေသများတွင် ဘက်ထရီသည်ပို၍အရေးကြီးသည်။

ဘက်ထရီ၏ အဓိကတာဝန်သည် အင်ဂျင်စက် စတင်နှိုးရန်အတွက် အားကောင်းသော လျှပ်စစ်စီးကြောင်းကို ထုတ်ပေးရန်ဖြစ်ပြီး အခြားတာဝန်များကိုလည်း ထမ်းဆောင်ရသည်။

ကားတစ်စီးလုံး၏ Electrical System တွင်တည်ငြိမ်သော DC လျှပ်စစ်ဗို့အား (12 Volt/ 24 Volt) ကို ထိန်းသိမ်းထားရန်၊ ကားစက်ရပ်ထားသော အချိန်တွင်လည်း လိုအပ်သော Power Supply ကိုပေးရန်၊ ကားမီး ထွန်းရန်၊ TV, CD Player နှင့် ရေဒီယိုများဖွင့်ရန် တို့အတွက်ဖြစ်သည်။

ဘက်ထရီစစ်ဆေးခြင်း ဂရုစိုက်ထိန်းသိမ်းခြင်း

ကားတစ်စီးတွင် ဘက်ထရီ အသစ်တစ်လုံး လဲလှယ်တပ်ဆင်ပေး လိုက်ရုံဖြင့် မပြီးသေးပါ။ ဘက်ထရီ ကို နေ့စဉ်သုံးနေသဖြင့် အချိန်တန် လျှင် တဖြည်းဖြည်း ချွတ်ယွင်းပျက်စီး တတ်သည်မှာ သဘာဝဖြစ်သည်။

ဘက်ထရီအိုးထဲတွင် အားဝင်လိုက် အားပြန် ထုတ်သုံးလိုက် (Charging/Discharging) ဖြစ်စဉ်သည် အမြဲဖြစ် နေသည်။ ဓာတုပြောင်းလဲမှုဖြစ်စဉ်များလည်း အမြဲ ရှိသည်။

ထို့ကြောင့် ဘက်ထရီအိုးတွင် ဓာတု ပွန်းစားမှုများ ရှိသည်။ ဘက်ထရီအက်ဆစ်ရည် ခမ်းခြောက်ခြင်း၊ ခဲပြားများ၊ ဓာတ်ပြောင်းလဲရာ မှ ပွန်းစားခြင်း၊ ဘက်ထရီငုတ်များ နှင့် ဘက်ထရီခေါင်းများတွင် ဓာတ်ဆား များပေါက်ခြင်း၊ ဘက်ထရီ Over-charging ဖြစ်ခြင်း၊ အက်ဆစ်ရည် များ သိပ်သည်းဆ ပြောင်းလဲခြင်း စ သောဖြစ်စဉ်များသည် ဘက်ထရီ အသုံးပြုနေသမျှ ဖြစ်ပေါ်နေသည်။

ထို့ကြောင့် သင့်ကားမှ ဘက်ထရီကို ဂရုစိုက် ထိန်းသိမ်းရန်နှင့်လိုအပ်လာ လျှင် ဘက်ထရီ စစ်ဆေးပေးခြင်းတို့ ကို ဆောင်ရွက်ပေး သင့်သည်။

ဘက်ထရီစစ်ဆေးရန် ဘက်ထရီ ဟိုက်ဒြိုမီတာ၊ ဒစ်ဂျစ်တယ် မီတာ (သို့မဟုတ်) မာတီမီတာ တစ်လုံး လိုအပ်သည်။

Safety ဖြစ်ရန် အတွက် ရာဘာလက်အိတ်တစ်စုံနှင့် မျက်စိကာကွယ်ရန်အတွက် မျက်မှန်တစ်လက်လိုသည်။

ပထမဦးစွာ ဘက်ထရီဗို့အား အခြေအနေကို တိုင်းတာစစ်ဆေးမည်။ ကားသော့ကို Off အနေအထားတွင် ထားပါက ဘက်ထရီ အလုပ်မလုပ်ဘဲ နားနေမည်။ ဘက်ထရီ အားဝင်ရောက် မှုအခြေအနေ (State of Charge) ကို စစ်ဆေးရန် မီတာ၏အနီရောင် (အဖို ကြိုး) ကြိုးစထောက်တံကို ဘက်ထရီ အဖိုငုတ်တိုင် (+) တွင်ထောက်ပါ။ ဗို့ မီတာ၏ အမကြိုးစဖြစ်သော အနက် ရောင်ငုတ်ကို ဘက်ထရီအမငုတ် (-) နှင့် ဆက်သွယ်လိုက်ပါ။

ဗို့မီတာ ဒိုင်ခွက်တွင် ဘက်ထရီ၏ ချာဂျင် အားပမာဏကို သိရှိနိုင်သည်။

ဘက်ထရီဗို့အား 12.66 V ရှိလျှင် ဘက်ထရီအားအပြည့်ရှိသည်။ 12.45 Volt သာရှိလျှင် (၇၅) ရာခိုင်နှုန်းသာ ရှိသည်။ 12.24 V အထိ ကျဆင်း သွားလျှင် ဘက်ထရီအား ထက်ဝက် သာ ကျန်တော့သည်။ အကယ်၍ ဗို့ အား 12.06 V ကျော် ကျော်လေးသာ ပြလျှင် သင့်ကားဘက်ထရီကို ချာဂျင် အရေးတကြီး ပြန်သွင်းပါ။

အား ပြည့်နေသော ကားဘက်ထရီ တစ်လုံး၏ အက်ဆစ်သိပ်သည်းဆသည် 1.265 ရှိရမည်။ အက်ဆစ် သိပ်သည်းဆကျသွားခြင်း၊ နည်းပါး သွားခြင်းသည် ဘက်ထရီအားလျော့ သွားကြောင်း ဖော်ပြနေသည်ဟု မှတ်ယူရမည်။

အက်ဆစ်ပြင်းအား 1.225 သာရှိလျှင် ဘက်ထရီ၏ ချာဂျင်အား သည် (၇၅) ရာခိုင်နှုန်း သာကျန်သည် ဟု အဓိပ္ပာယ်ရသည်။

အကယ်၍ အက်ဆစ်ပြင်းအား 1.190 သာရှိလျှင် ထိုဘက်ထရီ၏ စွမ်းအားသည် (၅၀) ရာခိုင်နှုန်းသာ ကျန်သည်ဟု အဓိပ္ပာယ်ရသည်။

ဘက်ထရီအားကောင်း / မကောင်း သိရှိနိုင်ရန် ဘက်ထရီအခန်းတိုင်း၏ ပလပ်အဖုံးများကို ဖွင့်ပြီး ဟိုက်ဒြို မီတာဖြင့် အက်ဆစ်ပြင်းအား ကို တိုင်းကြည့်ပါ။

အက်ဆစ်ပြင်းအား နည်းလေ အားမရှိလေဖြစ်ပါမည်။ ဘက်ထရီတစ်လုံးတွင် Cell အခန်း (၆) ခန်းပါရှိသဖြင့် တစ်ခန်းနှင့် တစ်ခန်း အက်ဆစ်၏အရည် Level မညီညာဘဲ ရှိတတ်သည်။ အက်ဆစ် အရည် Level တညီတည်းရှိအောင် ညှိပေးရသည်။

ဘက်ထရီအားနည်းချက်၊ ချွတ်ယွင်းချက် တစ်ခုခုကြောင့်သာ ဘက်ထရီအား လက်ကျန် မည်မျှရှိသည် ကို စစ်ဆေးတိုင်းတာခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ချာဂျင်အဝင်ကောင်း သော ဘက်ထရီတစ်လုံးသည် အား အပြည့်ရှိ တတ်သည်။ ချာဂျင်ပုံမှန်ဝင်ရန် Charging System ကောင်းရမည်။ Alternator နှင့် IC Regulator ကောင်းရမည်။

ဘက်ထရီတစ်လုံး၏ သက်တမ်းသည် အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ (၂) နှစ်မှ (၄) နှစ်အထိအသုံးခံပါသည်။

သက်တမ်း (၄) နှစ်ကျော်သော ဘက်ထရီ တစ်လုံးသည် ချာဂျင်အားသွင်းစနစ် မည်မျှပင် ကောင်းစေကာမူ သွင်းလိုက်သော လျှပ်စစ် စွမ်းအားကို သိုလှောင် ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့၍ ဘက်ထရီအား မရှိဖြစ်တတ်သည်။

ပုံမှန်သက်တမ်းရှိသေးသော ဘက်ထရီတစ်လုံးသည် အားကုန်သော ချွတ်ယွင်းချက် လက္ခဏာပြပါက (သို့မဟုတ်) နံနက်ပိုင်း စက်နှိုးမော်တာဆွဲလျှင် မော်တာအီနေပါက ဘက်ထရီ ချာဂျင် အားမဝင်သော ပြဿနာသာဖြစ်သည်။ ဘက်ထရီ အားမထိန်းနိုင်သော ပြဿနာမဟုတ်ပါ။

ဘက်ထရီချာဂျင်အားအပြည့် မဝင်နိုင်သော အကြောင်းရင်းများစွာ ရှိသည်။ ပန်ကာကြိုး ချောင်နေ သလား။ AC/DC ဒိုင်နမို မီးထွက်မမှန် တာလား၊ ကာဗွန် တိုပြီးစားနေသလား၊ Alternator ဒိုင်အုပ်များ မကောင်းတာလား၊ Regulator မထိန်းနိုင်တာလား အပြစ်ရှာဖို့လိုပါသည်။

Alternator တစ်လုံးသည် တစ်နှစ်တစ်ကြိမ် ခန့် ဆာဗစ်စင်လုပ်၍ သန့်ရှင်းဆေး ကြောသင့်သည်။ နေ့စဉ်အသုံးများ သော Taxi နှင့် စီးလုံးငှား ယာဉ်များ ပို၍ပျက်စီးမှုမြန်ပါသည်။ မိသားစုသုံး အိမ်စီးကားဆိုပါက အသုံးပြုမူနည်းသဖြင့် (၂)နှစ် တစ်ကြိမ်ခန့်သာ Alternator ကို စစ်ဆေးသင့်သည်။

ဘက်ထရီခေါင်း၊ ဘက်ထရီ ကေဘယ်ကြိုး အဆက်နေရာများ တွင် အက်ဆစ်ကြောင့် ဆားပေါက် တတ်သည်။ ကြာလာလျှင် ဘက်ထရီငုတ် နှင့် ဘက်ထရီခေါင်း ကြားတွင် ဆား ချိုးများ အညစ်အကြေးများတက်ပြီး ဘက်ထရီအဆက်အသွယ်ကို ထိတွေ့မှု အားနည်း စေသည်။

ဘက်ထရီငုတ်၊ ဘက်ထရီခေါင်း အဆက်နေရာများကို ရေနွေးနှင့်လောင်းဆေးပြီး သန့်ရှင်း ပေးရမည်။ ဘက်ထရီခေါင်း အဆက် Bolt & Nut များကို တင်းကျပ်မှုရှိ / မရှိ စစ်ဆေးရမည်။ ဘက်ထရီ ကေဘယ်ကြိုးကြီးများ၏ အဖျားထိပ်ရှိ Cable Lug များ ချောင်၍လွတ်နေ တတ်ပါသည်။

ဘက်ထရီမှလာသော အနီရောင် ကေဘယ် ကြိုးကို စက်နှိုးမော်တာထိပ် ဆိုလိုနွိုက်ငုတ်တွင် Nut ဖြင့် ဖမ်း၍တပ်ဆင်ထားသည်။

Nut ခေါင်း ချောင်နေပါက စက်နှိုးမော်တာ ဆွဲသည့် အချိန်တွင် ထိဆက်မှု အားနည်းပြီး မော်တာ အီနေတတ်သည်။ ဘက်ထရီမှ လျှပ်စစ်အားများ မော်တာသို့ အတားအဆီးမရှိ စီးဝင်နိုင် မှသာ စက်နှိုးမော်တာ ရုန်းအား ကောင်းမည်။

ဘက်ထရီမှာ နောက်ထပ်အရေးကြီးတဲ့ အချက်က အက်ဆစ် ပျော်ရည် (သို့မဟုတ်) လျှပ်လိုက်ရည် (Electrolyte) ပါ။ အား ပြည့်နေတဲ့ ဘက်ထရီတစ်လုံးရဲ့ အက်ဆစ် ဖျော်ရည်ပြင်းအား သိပ်သည်းဆဟာ 1.260 မှ 1.280 အတွင်းရှိသည်။

ဘက်ထရီ အသုံးပြုမှု ကြာလာလျှင် လျှပ်လိုက်ရည် (ခေါ်) အက်ဆစ် ဖျော်ရည် ခမ်းခြောက်ပြီး ခဲပလိပ်ပြား တောင် ပေါ်လာတတ်ပါသည်။

အက်ဆစ်ပျော်ရည် လျော့ကျ သွားရင် ဘက်ထရီမိုးရေပဲ ထပ်ဖြည့် ပေးပါ။ ရိုးရိုး ရေသန့်တွေ ထည့်လို့ မရပါ။ ဘက်ထရီအိုးခွံမှာ အက်ဆစ် ပျော်ရည် Level အနိမ့်ဆုံးလိုင်းနှင့် အမြင့်ဆုံး လိုင်းဆွဲပေးထားသည်။

လျှပ်လိုက်ရည်ခမ်းခြောက်ပြီး ပလိပ် ပြားများပါ ပေါ်လာသည် အထိသုံးပါ က ဘက်ထရီ နာပါ သည်။

လျှပ်လိုက်ရည်ခမ်းသွား သဖြင့် အိုးထဲတွင် ကျန်သော အက်ဆစ် ပျော်ရည်သည် ပြင်းအား ဒီဂရီတက်လာသည်။ အက်ဆစ် သိပ်သည်းဆ 1.300 ကျော်လွန် ပါက ခဲပလိပ်ပြားများ မခံနိုင်ပါ။ မိုးရေ ရောစပ် ပေးပါ။

ဘက်ထရီတွင်သုံးသော လျှပ်လိုက်ရည်သည် ဆာလူဖျူရစ် အက်ဆစ် (H2SO4)(၃၅) ရာခိုင်နှုန်း နှင့် ပေါင်းခံရေ (၆၅) ရာခိုင်နှုန်းပါဝင် ရောစပ်ထားသော အက်ဆစ် ဖျော်ရည် ဖြစ်သည်။

ဘက်ထရီတစ်လုံး၏ စွမ်းရည် ကို Aampere-hour (A x h) ဖြင့် ဖော်ပြသည်။

ဥပမာ 70Ah ဘက်ထရီ တစ်လုံးသည် 7amp ဖြင့် လျှပ်စစ် ထုတ်သုံးပါက 10 Hour ကြာခံသည် ဟု အဓိပ္ပာယ်ရသည်။ အမ်ပီယာကြီး လေ ဘက်ထရီအိုး ကြီးလေးဖြစ်သည်။

ဘက်ထရီ အားသွင်းချိန်တွင် ဘက်ထရီအိုး အတွင်းမှ ဟိုက်ဒြိုဂျင် ဓာတ်ငွေ့များ ဓာတ်ပြု၍ ထွက်လာ သည်။ ဟိုက်ဒြိုဂျင်သည် မီးလောင် ပေါက်ကွဲမှု ပြင်းထန်လွန်းသော ဓာတ်ငွေ့ဖြစ်၍ သတိထားသင့်သည်။

ဘက်ထရီ အားသွင်းပြီးချိန်တွင် ဟိုက်ဒြိုဂျင် ဓာတ်ငွေ့များရှိနေ၍ ဘက်ထရီ ငုတ်မှမီးပွား (Spark) ထွက်ပါက ဘက်ထရီအိုး ပွင့်ထွက်ပေါက်ကွဲတတ်သည်။

ဘက်ထရီ အက်ဆစ်သည် မျက်စိနှင့် အရေပြားတို့ကို လောင်စား စေနိုင်၍ ကိုင်တွယ်လျှင် အထူးသတိ ထားသင့်သည်။ ရာဘာလက်အိတ် စွပ်ပါ။ မျက်မှန်အကာအကွယ်ယူပြီးမှ ဘက်ထရီ ကိုကိုင်ပါ။

 

Read 1612 times