ကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြင့်ရွေးချယ်သင့်သည့်ကားများ


ကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြင့်ရွေးချယ်သင့်သည့်ကားများမှာ

Daihatsu Mira

Mira ကို ၁၉၈၀မှစပြီးထုတ်လုပ်ခဲ့ပါသည်။

ဂျပန်ပြည်တွင်းသုံးတွင် ၆၆၀ စီစီအင်ဂျင်နှင့်သာထုတ်လုပ်ထားပြီး ဥရောပနှင့်အမေရိကနိုင်ငံကိုတင်ပို့သည့် ကားများကိုမှာယူသည့်အပေါ်တွင်မူတည်ပြီး ၈၅၀ စီစီ၊ ၁၀၀၀ စီစီအင်ဂျင်များကိုထုတ်လုပ်ထားပါသည်။

ပြည်ပကိုတင်ပို့သည့်ကားများအတွက် ၁၀၀၀ စီစီအင်ဂျင်ကိုထုတ်လုပ်ထားပြီးဂျပန်ပြည်တွင်းသုံး ကားများကိုတော့ ၆၆၀ စီစီအင်ဂျင်နှင့်ထုတ်လုပ်ပါသည်။

မြန်မာနိုင်ငံတွင်သုံးသည့်ကားများကလည်း ဂျပန်နိုင်ငံကမှာယူထားခြင်းဖြစ်သည့်အတွက် ၆၆၀ စီစီကားများသာဖြစ်ပါသည်။

Mira custom, Move တို့နှင့်အင်ဂျင်ချင်းတူပါသည်။

Mira ကို 2WD,4WD နှစ်မျိုးထုတ်လုပ်ထားပြီး CVT အပြင် Manual ဂီယာငါးချက်နှင့်လည်းထုတ်လုပ် ထားပါသည်။

၂၀၁၁ မိုဒယ်တွင် X Limited, X, X Special, TX စသည့်ဂရိတ်များရှိပြီး X Limited ဂရိတ်က Digital Aircon ဖြစ်သွားပါသည်။

တခြား Hatchback ကားများကဲ့သို့တံခါးငါးပေါက်၊ ငါးယောက်စီးဖြစ်ပြီး Auto ဂီယာကားများက Dash board Gear ဖြစ်သည့်အတွက်ရှေ့ခန်းလည်းကျယ်ဝန်းပါသည်။

ယာယီနံပါတ်၊နယ်လိုင်စင်အမည်ပေါက်နှင့်ဆိုလျှင်ကျပ်သိန်း ၁၁၀ နှင့် ၁၁၅ သိန်းကြားရှိပြီးရန်ကုန်လိုင်စင် ကားများကကျပ်သိန်းတစ်ရာနှင့် ၁၀၅ သိန်းကြားတွင်ရှိပါသည်။

Subaru Pleo

ယင်းကားကို ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလတွင် Vivo နေရာကိုအစားထိုးထုတ်လုပ်ခဲ့ပါသည်။

Pleo သည်တခြား ၆၆၀ စီစီ Hatchback ကားများထက်အရွယ်အစားအနည်းငယ်ကြီးပြီး Daihatsu Mira နှင့်လည်းပုံသဏ္ဍာန်ဆင်သည့်အတွက် Mira ဟုလည်းလူသိများပါသည်။

Subaru Pleo သည်အင်ဂျင်ပါဝါ ၆၅၈ စီစီဖြစ်ပြီး အင်ဂျင်အမျိုးအစားက KF ဖြစ်သောကြောင့် Daihatsu Mira, Move တို့နှင့်တူပါသည်။

၂၀၁၁ မိုဒယ်မှာ CVT ဂီယာ၊ Manual ဂီယာငါးချက်ကို 2WD, 4WD နှစ်မျိုးနှင့်ထုတ်လုပ်ထားပါသည်။

Pleo နှင့် Daihatsu Mira သည်အပြင်ရုပ်ချင်းဆင်သော်လည်းအတွင်းခန်းအပြင်အဆင်မှာ Dashboard နှင့်ဒိုင်ခွက်များကွာသွားပါသည်။

Mira ၏ဒိုင်ခွက်များက RPM ပါသောကြောင့်ဒိုင်ခွက်သုံးထပ်ဖြစ်သော်လည်း Pleo တွင် RPM မပါဘဲ Subaru Logo အတိုင်း Oval Shape ပုံစံဖြစ်ပါသည်။

Auto ဂီယာက Dashboard အတိုင်းဖြစ်ပြီး Special, Limited နှင့် A ဂရိတ်များတွင်အလယ်လက်တင်ပါသွားပါသည်။

ရန်ကုန်လိပ်စာနံပါတ်ထွက်ပြီးသားကားများကကျပ်သိန်းကိုးဆယ်နှင့် ၉၅ သိန်းဝန်းကျင်ရှိပြီး နယ်လိုင်စင်နံပါတ်နိမ့်ကားများမှာကျပ်သိန်းကိုးဆယ်အောက်တွင်သာရှိကြောင်းသိရသည်။

Nissan March

အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများထဲတွင် Nissan March သည်တခြားကားများထက်လေလံဈေး သက်သာသကဲ့သို့ ရောင်းဈေးကလည်းတခြားကားများထက်ဈေးလျော့ပါသည်။

ပုံမပြောင်းသေးသည့် ၂၀၀၈၊ ၂၀၀၉ မိုဒယ်ကိုကျပ်သိန်းတစ်ရာအောက်ဖြင့်ဝယ်ယူလို့ရနိုင်ပါသည်။

Nissan March ကို၁၉၈၂ ခုနှစ်တွင်စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်အထိကိုပထမမျိုးဆက်၊ ၁၉၉၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိကိုဒုတိယမျိုးဆက်၊ ၂၀၀၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိကိုတတိယမျိုးဆက်နှင့် ၂၀၁၁ ပြည့်နှစ်နှောင်းပိုင်းကို စတုတ္တမျိုးဆက်အဖြစ်သတ်မှတ်ခဲ့ပါသည်။

Nissan March ကို ၂၀၁၀ မိုဒယ်မတိုင်ခင်က ၁၁၉၈ စီစီ၊ ၁၂၄၀ စီစီနှင့် ၁၃၆၈ စီစီစသည့်အင်ဂျင်ပါဝါသုံးမျိုးထုတ်လုပ်ခဲ့သော်လည်းပုံပြောင်းသွားသည့်အချိန်မှစ၍ ၁၁၉၈ စီစီတစ်မျိုးတည်းကိုသာထုတ်လုပ်ခဲ့ပါသည်။

ပုံဟောင်းမှာ ၁၂၀၀ စီစီအင်ဂျင်ကို Chassis AK12 နှင့်ထွက်ပြီး 2WD တစ်မျိုးတည်းကိုသာထုတ်လုပ်ထားပါသည်။

၂၀၁၀ ပြည့်နှစ်မတိုင်ခင်ထုတ်လုပ်သည့် Nissan March 1200 စီစီတွင် 12S, 12E, 12B စသည့်ဂရိတ်များရှိပြီး ဂရိတ်သုံးခုစလုံးက Manual Aircon နှင့်သာလာပါသည်။

12S ဂရိတ်ကထိုင်ခုံအသားရောင်ဖြစ်ပြီး 12E နှင့် 12B တို့ကအုတ်ကျိုးရောင်ဖြစ်သကဲ့သို့ရှေ့လက်တင်ပါသွား ပါသည်။

Nissan March ၂၀၀၈၊ ၂၀၀၉ မိုဒယ်နံပါတ်ထွက်ပြီးသား ကားများကိုဝယ်ယူမည်ဆိုပါကအက္ခရာပေါ်မူတည်ပြီးကျပ် ၉၅ သိန်းနှင့် ၁၀၅ သိန်းကြားတွင်ဝယ်ယူလို့ရပါသည်။

 

Read 7338 times