တရုတ်ကားလုပ်ငန်းများ ကိုယ်ထူကိုယ်ထ ချစ်ပ် ထုတ်လုပ်


တရုတ်ကားလုပ်ငန်းများ ကိုယ်ထူကိုယ်ထ ချစ်ပ် ထုတ်လုပ်

တရုတ်ကားထုတ်လုပ်သူများက ကမ္ဘာ့ ချစ်ပ်မလုံလောက်မှု ပြဿနာကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ မော်တော်ယာဉ်သုံး ချစ်ပ်များကို ကိုယ်ထူကိုယ်ထ ထုတ်လုပ်နိုင်ဖို့ စီမံဆောင်ရွက်ကြပါတယ်။
ကမ္ဘာချစ်ပ် မလုံလောက်တဲ့ အကျပ်အတည်းကြောင့် လည်းကောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် လည်းကောင်း ဆီမီးကွန်ဒတ်တာဖြစ်တဲ့ ချစ်ပ်တွေ မရခဲ့ရင် ရင်ဆိုင်ဖို့အတွက် အသင့်ဖြစ်အောင် ကားတစ်စီးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေ အကုန်လုံး တရုတ်ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် လုပ်ကိုင်လျက် ရှိကြရာမှာ မော်တော်ယာဉ် ကွန်ပျူတာသုံး ချစ်ပ်တွေကိုလည်း ပြည်တွင်းလုပ်ငန်းတွေ စတင် ထုတ်လုပ်လာကြပါတယ်။ 

တရုတ်နိုင်ငံမှ ပုဂ္ဂလိကပိုင် ကားထုတ်လုပ်ရေးလုပ်ငန်း Zhejiang Geely Holding Group  ရဲ့ လုပ်ငန်းခွဲတစ်ခု ဖြစ်တဲ့ SiEngine Technology က ၂၀၂၁ ဒီဇင်ဘာလမှာ မော်တော်ယာဉ်သုံး ခေတ်မီချစ်ပ် Dragonhawk 1 ကို စတင်ထုတ်လုပ်ပါတယ်။ 

Geely ရဲ့ ဥက္ကဋ္ဌ Eric Li က "ဆီးမီကွန်ဒတ်တာ(လျှပ်ကူးချို့ပစ္စည်း) များစာ တိုင်းပြည်အတွကင် အလွန်အမင်း အရေးကြီးပါတယ်။ တည်ငြိမ်ပြီး စိတ်ချအားကိုးရတဲ့ ဖြည့်တင်းကွင်းဆက်တွေ ထူထောင်ထားဖို့အတွက် ချစ်ပ်တွေက အခရာ ကျတယ်" လို့ ဒီဇင်ဘာလ ၁၀  ရက်မှာ ကျင်းပတဲ့ ခေတ်မီချစ်ပ် Dragonhawk 1 မိတ်ဆက်ပွဲမှာ အမှာစကား ပြောကြားခဲ့ပါတယ်။ 

Dragonhawk 1 ချစ်ပ်က ကွန်ပျူတာရဲ့ ဦးနှောက်ဖြစ်ပြီး ကားမှာတော့ ကွန်ပျူတာနဲ့ လူတို့အကြား အချိတ်အဆက်ပြုတဲ့ ဒက်ရှ်ဘုတ်အတွက်  Dragonhawk 1 ချစ်ပ်က ဦးနှောက်အဖြစ် လုပ်ကိုင်ပေးမှာ ဖြစ်ပါတယ်။ ဒက်ရှ်ဘုတ် စခရင်အပြ display ၊ ထိန်းကျောင်းမောင်းနှင်ရေးစနစ်များ၊ အင်တာနက် တိမ်စိုင်အခြေပြု cloud-based ဝန်ဆောင်မှုများကို တာဝန်ယူ လုပ်ကိုင်ပေးမှာ ဖြစ်ပါတယ်။
Dragonhawk 1 ချစ်ပ်ကို  7-nm နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ ချစ်ပ် ဖြစ်ပြီး  မော်တော်ယာဉ်သုံး ချစ်ပ်အမျိုးအစားတွေထဲမှာ ခေတ်အမီဆုံးချစ်ပ်အမျိုးအစား ဖြစ်ပါတယ်။
  7-nm နည်းပညာ ဆိုတာ  7 - nanometer ကို ဆိုလိုပါတယ်။ ၁ နာနိုမီတာက ၁ မီတာရဲ့ အပုံ သန်း ၁,၀၀၀ ပုံ ၁ ပုံကို ဆိုလိုတာ ဖြစ်ပေမဲ့ ချစ်ပ် ထုတ်လုပ်ရေးလောကမှာတော့   7-nm နည်းပညာ လို့ ပြောဆိုတာဟာ အရွယ်အစားကို တိုက်ရိုက်ရည်ညွှန်း ပြောဆိုတာ မဟုတ်ဘဲ နည်းပညာ မျိုးဆက်ကိုသာ ရည်ညွှန်းပြောဆိုပါတယ်။ 7-nm နည်းပညာမျိုးဆက်နောက်မှာ 5-nm နည်းပညာမျိုးဆက် လာပါတယ်။ ချစ်ပ်မှာ တပ်ဆင်ပေးထားတဲ့ အီလက်ထရွန်းနစ် အစိတ်အပိုင်းတွေ ပိုသိပ်သည်းကျစ်လစ်သွားတယ်။ ပိုနီးကပ်သွားတယ်။ ဒီတော့ တစ်ခုကနေတစ်ခုဆီ လျှပ်စစ်စီးတာ ပိုမြန်မြန်ရောက်တယ်။ ဒီတော့ ချစ်ပ်အလုပ်လုပ်တာ ပိုသွက်ပိုမြန်တယ်။ ပါဝါစားတာလည်း ပိုသက်သာပါတယ်။
  
  

Dragonhawk 1 ချစ်ပ်တွေ အမြောက်အမြား ထုတ်လုပ်မှုကိုတော့ ၂၀၂၂ ခုနှစ် ဇူလိုင်-စက်တင်ဘာလ ၃ လပတ်အတွင်း စတင်ဖို့ လျာထားပါတယ်။  Geely မှ ထုတ်လုပ်တဲ မော်တော်ယာဉ်တွေမှာ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ စတင်သုံးစွဲဖို့ လျာထားပါတယ်။

မော်တော်ယာဉ်တွေမှာ ပင်ကိုမောင်းနှင်စွမ်းရည် ရှိဖို့ လိုအပ်တာအတွက် ဦးနှောက်အဖြစ် တာဝန်ယူပေးမယ့် ချစ်ပ်တွေကိုတော့ 5-nm နည်းပညာဖြင့် ၂၀၂၄ ခုနှစ်မှာ စတင်ထုတ်လုပ်ဖို့ SiEngine က လျာထားပါတယ်။

နောက်ထပ် ကားလုပ်ငန်းကြီးတစ်ခု ဖြစ်တဲ့ သုံးပွင့်ဆိုင် ဖက်စပ်လုပ်ငန်း SAIC-GM-Wuling Automobile ကလည်း ချစ်ပ်တွေ ထုတ်လုပ်ဖို့ စတင်လုပ်ဆောင်နေပါတယ်။
 SAIC-GM-Wuling Automobile က တန်ဖိုးသင့် လျှပ်စစ်အိမ်စီးကားငယ်ကို ရောင်းဈေး အမေရိကန်ဒေါ်လာ ၄,၅၀၀ ဖြင့် ထုတ်လုပ်လျက်ရှိပြီး အရောင်းရဆုံးကားမော်ဒယ်ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်တဲ့ လျှပ်စစ်ကားတွေရဲ့ အနည်းဆုံး ၉၀% ကို တရုတ်ပြည်တွင်းဖြစ် ချစ်ပ်တွေ သုံးစွဲဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။  


Dongfeng Motor ကလည်း ကိုယ်ပိုင် ချစ်ပ် အမြောက်အမြား ထုတ်လုပ်ရေးကို စတင်နေပါပြီ။
ကားဘက်ထရီတွေ အဓိက လုပ်ကိုင်ပြီး မော်တော်ယာဉ် ထုတ်လုပ်ရေးကိုပါ ချဲ့ထွင် လုပ်ကိုင်တဲ့ BYD ကလည်း ချစ်ပ် ထုတ်လုပ်ရေးကို လုပ်ဆောင်ဖို့ ရှိပါတယ်။

အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုကြောင့် Huawei Technologies စီးပွားထိခိုက်တဲ့ အဖြစ်မျိုးကို တရုတ်ပြည်တွင် ကားထုတ်လုပ်သူတွေ ရှောင်လွှဲနိုင်စေဖို့ ကားတစ်စီးအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေကို ပြည်တွင်းမှာ ဖွံ့ဖြိုးထုတ်လုပ်နိုင်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။ 

တရုတ်ပြည်ရဲ့ အကြီးမားဆုံး ချစ်ပ်ထုတ်လုပ်သူ Semiconductor Manufacturing International Corp (SMIC) ကို အမေရိကန် အစိုးရက အမည်းစာရင်းသွင်းထားပါတယ်။ ခေတ်မီ အဆင့်မြင့် စက်ကိရိယာတွေကို အမေရိကန်မှ တင်ပို့ခွင့် ပိတိပင်ထားပါတယ်။


အခြားနိုင်ငံများမှ ကားထုတ်လုပ်သူတွေကလည်း ချစ်ပ် ထုတ်လုပ်ရေးကို လုပ်ကိုင်လျက် ရှိကြပါတယ်။  Volkswagen နဲ့ Tesla  တို့က ချစ်ပ် ထုတ်လုပ်ရေးကို စတင်လုပ်ဆောင်လျက် ရှိပါတယ်။ Toyota Motor ကတော့ ကိုယ်ပိုင်ချစ်ပ်တွေ စတင်ထုတ်လုပ်နေပါပြီ။

လက်ရှိအနေအထားမှာ တရုတ်ပြည်တွင်းထုတ် ချပ်စ်ဖြင့် ဖူလုံမှုက ချစ်ပ်အမျိုးစုံအတွက် ၂၀% သာ ရှိပြီး ၈၀% က ပြည်ပလုပ်ငန်းများထံမှ ဝယ်ယူသုံးစွဲနေကြတာ ဖြစ်ပါတယ်။ မော်တော်ယာဉ်ကဏ္ဍမှာ ပြည်တွင်းထုတ်ချစ်ပ်ဖြင့် ဖူလုံမှုက ၅% အောက်မှာပဲ ရှိနေပါတယ်။

၂၀၂၁ မှာ ကမ္ဘာချစ်ပ် မလုံလောက်မှုကြောင့် မော်တော်ယာဉ် ထုတ်လုပ်မှု ၂ သန်းကျော် လျှော့ထုတ်ခဲ့ကြရပြီး မရှိမဖြစ် လိုအပ်တဲ့ ချစ်ပ်တွေကို ထည့်ပေးပြီး မရှိမဖြစ် လိုအပ်တာ မဟုတ်တဲ့ ချစ်ပ်တွေကို ထည့်မပေးတော့ဘဲ ထုတ်လုပ်ပေးလိုက်တဲ့ ကားတွေလည်း ရှိပါတယ်။ 

Read 371 times