Scania ၏ ထရပ်ကားမောင်းပြိုင်းပွဲများအကြောင်း သိမှတ်စရာ


ဆွီဒင်နိုင်ငံ၏ အဓိက လုပ်ငန်းသုံးကားကြီး ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သော Scania AB သည် အရွယ်အစားကြီးမားလှသော ထရပ်ကားကြီးမာျးနှင့် လူစီးဘတ်စ်ကားများကို အဓိကထုတ်လုပ်ပါသည်။

ထို့အပြင် ရေယာဉ်များနှင့် ကားကြီးများအတွက် ဒီဇယ်အင်ဂျင်များကိုလည်း ထုတ်လုပ်ရောင်းချပါသည်။

ထရပ်နှင့် ဘတ်စ်ကားထုတ်လုပ်မှုတွင် နာမည်ကျော်ကြားသည့် Scania သည် ထရပ်ကားမောင်းနှင်ရာတွင် လမ်းလုံခြုံရေးအသိရှိစေရန်၊ ဆီစားသက်သာစွာ အသုံးပြုနိုင်ရန်နှင့် ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး ထိခိုက်မှုနည်းစေရန်အတွက် ယာဉ်မောင်းပြိုင်ပွဲမာျးကို ၂၀၀၃ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး လက်ရှိအချိန်အထိ နိုင်ငံပေါင်း ငါးဆယ်နီးပါးက ထရပ်ကားမောင်းသမားပေါင်း သုံးသိန်းခွဲကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးဖြစ်၍ ကမ္ဘာ့အကြီးဆုံး ထရပ်ကားမောင်းနှင်မှုနှင့် လေ့ကျင့်ရေးပွဲတော်အဖြစ် နာမည်ကျော် လူသိများပါသည်။

Scania သည် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းပြီး လမ်းအန္တရာယ် ကင်းရှင်းမှုနှင့် ဆီစားနှုန်းသက်သာမှု ရရှိစေလိုသော European Commission ၏ ၂၀၀၃ ခုနှစ် လမ်းညွှန်မှုအရ ထိုထရပ်ကားမောင်းပြိုင်ပွဲကြီးကို စတင်ကျင်းပခဲ့ရာမှ ပထမဆုံး Young European Turck Driver ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သူမှာ အီတလီနိုင်ငံက Michele Sandri ဆိုသူ ထရပ်ကားမောင်းသမားဖြစ်ပါသည်။

ထိုပြိုင်ပွဲများတွင် ပရော်ဖက်ရှင်နယ် ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားသည့် အသက် ၃၅ နှစ်အောက် ထရပ်ကားမောင်းသမား ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

၂၀၁၄ ခုနှစ်၏ Scania Young European Truck Competition ပြိုင်ပွဲကြီးကို ဂရိနိုင်ငံ၊ Paiania မြို့မှ MEC ပြပွဲရင်ပြင်တွင် ကျင်းပခဲ့ပြီး နိုင်ငံပေါင်းလေးဆယ်က ထရပ်ကားမောင်းသမားပေါင်း ရှစ်သောင်းခွဲကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
၂ နှစ်တစ်ကြိမ် ကျင်းပသော သြစတြေးလျ၏ 2016 Scania Truck Drive Competition တွင်လည်း ပြိုင်ပွဲဝင်ရာနှင့်ချီပါဝင်ယှဉ်ပြိုင်ခဲ့သလို ပြိုင်ပွဲဝင်မာျးထဲက ဆန်ခါတင်စာရင်းဝင်သူမာျးသည် လမ်းစည်းကမ်းဆိုင်ရာ  မေးခွန်းပေါင်း သုံးဆယ်လောက်ကို ရေးဖြေ ဖြေဆိုရပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းအပေါ် အမြင်ကိုလည်း မီဒီယာ အင်တာဗျူးဖြေဆိုရပါသည်။

အရှေ့တောင်အာရှ၏ 2016-2017 Scania ကားမောင်းပြိုင်ပွဲကြီးကိုတော့ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံများက ကားမောင်းသမားပေါင်း ၁၉ ယောက်ပါဝင်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်တုန်းကလည်း ထိုင်းနိုင်ငံကို Scania အမှတ်တံဆိပ် စတင်ရောက်ရှိခြင်း နှစ်သုံးဆယ်ပြည့် အထိမ်းအမှတ်အနေဖြင့် Scania Driver Competitions Thailand 2017 ကျင်းပခဲ့ပြီး ကားမောင်းသမားပေါင်း သုံးထောင်နီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

ထိုပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ၂ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပါသည်။

 

Read 561 times