တရုတ်ပြည်မှာ ထုတ်လုပ်တဲ့ ဂျပန်နည်းပညာသုံး လျှပ်စစ်ကုန်တင်ယာဉ် စမ်းသပ်မှု အောင်မြင်
တရုတ်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ထားသော လျှပ်စစ်ကုန်တင်ဗင်ကားများကို ဝယ်ယူသုံးစွဲခြင်းဖြင့် ဂျပန်ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ SBS Holdings ရဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကို ၃၀% အထိ လျှော့ချနိုင်ေကြာင်း ကုမ္ပဏီက အစမ်းသုံးကြည့်ပြီး တွက်ချက်အဖြေထုတ်ပေးခဲ့ပါတယ်။ အားသွင်းပြီး ကီလိုမီတာ ၂၀၀ ခန့် သွားလာနိုင်တဲ့ လျှပ်စစ်ဗင်ကားက လုပ်ငန်းလည်ပတ်မှုမှာထိရောက်မှုက ဓာတ်ဆီသုံးကားနည်းတူ ဖြစ်ပြီး ကုန်ကျစရိတ်က ဓာတ်ဆီကားထက် သိသိသာသာ သက်သာပါတယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။
SBS က အပိုဆာဒါး တစ်ခုမှမပါတဲ့ လျှပ်စစ်ကုန်တင်ဗင်ကားကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ပါတယ်။ ကုန်လှောင်ရုံမှ ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်တဲ့ လုပ်ငန်းခွင်အတွက် သင့်တော်ခြင်း ရှိမရှိ စမ်းသပ်အကဲဖြတ်ခဲ့ပါတယ်။ SBS မှ စမ်းသပ်ထားတဲ့ လျှပ်စစ်ဗင်က အလေးချိန် ၁ တန်အထိ သယ်ဆောင်နိုင်ပါတယ်။ စမ်းသပ်သုံးစွဲတဲ့ မြို့တွင်းပစ္စည်းပို့ ခရီးစဉ်အဖြစ် ရေကီလို ၅၀၀ ကို ကုန်အလေးချိန်အဖြစ်တင်ဆောင်ပြီး မောင်းနှင်ပါတယ်။ တစ်ရက်လျှင် စက်သတ်စက်နှိုး အကြိမ် ၇၀ လုပ်ပါတယ်။ အဲကွန်းဖွင့်ထားရင်း တောင်ကုန်းအတက်လမ်းကို တက်ကြည့်တာမျိုးအပါအဝင် အခြေအနေအမျိုးမျိုးဖြင့် စမ်းသပ်ကြည့်ပါတယ်။
ရရှိတဲ့ ရလဒ်တွေက ဂျပန်မှာ သုံးစွဲဖို့ အဆင်ပြေကြောင်း သိသာထင်ရှားပါတယ်။ ဘက်ထရီ အားတစ်ခါသွင်းပြီးရင် ကီလိုမီတာ ၂၀၀ ခန့် သွားနိုင်ပါတယ်။ တစ်နေ့တာ ပစ္စည်းလိုက်ပို့ဖို့အတွက် လုံလောက်တဲ့ ခရီးတာ ဖြစ်ပါတယ်။ ဘက်ထရီ အားတစ်ခါသွင်းထားပြီးရင် လုပ်ငန်းသဘောသဘာဝအရ ပါဆယ်အထုပ် ၁၀၀ ကျော်အထိ အိမ်တိုင်ရာရောက် တစ်နေရာပြီး နောက်တစ်နေရာ လိုက်လံပို့ပေးနိုင်ပါတယ်။ စက်သံမမြည် တိတ်ဆိတ်လို့ မြို့နေလူထုကို ဆူညံသံ မပေးပါဘူး။ "ပစ္စည်းတွေ ပေးပို့တဲ့ ဝန်ဆောင်မှုအတွက် စမ်းသပ် အသုံးပြုခဲ့တာ ဘာပြဿနာမှ မရှိခဲ့ပါ" လို့ SBS ဥက္ကဋ္ဌ Masahiko က ပြောကြားပါတယ်။
ကားဈေးနှုန်းက ယန်း ၃.၈ သန်း ($28,170) ဖြစ်တဲ့အတွက် ဈေးချိုပါတယ်။ ကားကို ဝယ်ယူတာအစ ပြုပြင်ထိန်းသိမ်းမှုစရိတ်နှင့် အားသွင်းစရိတ်များအဆုံး ငါးနှစ်တာကာလအတွင်း စုစုပေါင်းကုန်ကျစရိတ်က ဓာတ်ဆီသုံးယာဉ်တစ်စီး ကုန်ကျစရိတ်ထက် ၃၀% သက်သာကြောင်း SBS က ပြောကြားပါတယ်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် EV များအတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ပိုကြီးသောဘက်ထရီ လိုအပ်မှုနှင့် ပိုဝေးတဲ့ ခရီးတာ သွားနိုင်ရေး ဖြစ်ပါတယ်။ ဘက်ထရီပိုကြီးရင် ဈေးပိုကြီးတဲ့အပြင် ဘက်ထရီအလေးချိန် ပိုများလို့ တင်ဆောင်နိုင်တဲ့ ကုန်အလေးချိန် လျော့နည်းစေပါတယ်။ ဘက်ထရီကိစွရပ်ကို SBS က Folofly နှင့် ပူးပေါင်းဆောင်ရွက်ပါတယ်။ Folofly က ကျိုတိုအခြေစိုက် လုပ်ငန်းသုံးလျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းအသစ် ဖြစ်ပါတယ်။ Folofly မှာ လျှပ်စစ်ပြိုင်ကားအတွက် နည်းပညာနှင့် အတွေ့အကြုံ ရှိပါတယ်။
Folofly က လျှပ်စစ်ကားများမှာ သုံးစွဲကြတဲ့ လစ်သီယမ်အိုင်းယွန်း ဘက်ထရီ lithium-ion battery ကို မသုံးစွဲဘဲ လစ်သီယမ် အိုင်ယွန်းဖော့စဖိတ် lithium-iron-phosphate (LFP) ဘက်ထရီကို သုံးပါတယ်။ လစ်သီယမ် အိုင်းယွန်း ဘက်ထရီက ပိုပေါ့တယ်။ ဒါပေမဲ့ ဈေးကြီးတဲ့ ကိုဘော့နှင့် နီကယ် သတ္တုတို့ကို သုံးစွဲထားပါတယ်။ လစ်သီယမ် အိုင်ယွန်းဖော့စဖိတ်က ဈေးသက်သာတဲ့ iron သံသတ္တုကို သုံးစွဲပါတယ်။ မီးထလောင်ဖို့ ခဲယဉ်းပါတယ်။ တန်ဖိုးနည်း အီးဗီတွေမှာ အသုံးများလာနိုင်ပါတယ်။
LFP ဘက်ထရီရဲ့ အားနည်းချက်က စွမ်းအင်ကျစ်လစ် သိပ်သည်းမှု နည်းပါးပါတယ်။ ဒီတော့ ခရီးတာဝေးဝေးသွားဖို့ ဘက်ထရီထဲ အားအလုံအလောက် သိုမှီးပေးထားနိုင်စွမ်း မရှိပါဘူး။ Folofly မှာ ဘက်ထရီကြာကြာခံစေတဲ့ နည်းပညာ ရှိပါတယ်။ ဘက်ထရီမှ မော်တာဆီသို့ စီးဆင်းတဲ့ လျှပ်စီးပမာဏကို လိုသလောက် အတိအကျ ဖြစ်အောင် ထိန်းချုပ်ပေးတဲ့ နည်းပညာ ဖြစ်ပါတယ်။ အတိအကျ ထိန်းချုပ်ပေးထားလို့ လေလွင့်မှု မဖြစ်ပွားဘဲ ဘက်ထရီကို ပိုကြာကြာသုံးလို့ ရသွားစေပါတယ်။
ဂျပန်မှာ ပထမဆုံး လျှပ်စစ်ပြိုင်ကားကို တည်ဆောက်တာမှာ Folofly က ပါဝင်လုပ်ကိုင်ခဲ့စဉ်က လိုလျှင်ကြံဆ နည်းလမ်းရ ဆိုတဲ့အတိုင်း ရရှိခဲ့တဲ့ နည်းပညာဖြစ်ပါတယ်။ မော်တာကိုလည်း ပြိုင်ကားအတွက် စွမ်းဆောင်ရည် မြင့်မားပြီး ဘက်ထရီအား အစားသက်သာတဲ့ မော်တာကို တီထွင်ဖန်တီးခဲ့ပါတယ်။ SBS စမ်းသပ်တဲ့ ကုန်တင်ဗင်ကားမှာ လျှပ်စီးထိန်းချုပ်နည်းပညာကို သုံးစွဲပါတယ်။ လျှပ်စစ်ဗင်ကို တရုတ်ပြည်မှာ ထုတ်လုပ်တဲ့ဓာတ်ဆီအင်ဂျင်ဗင်ကားကို အခြေခံပြီး လျှပ်စစ်ဗင်အဖြစ် တရုတ်ပြည်မှာ ထုတ်လုပ်ခဲ့ပါတယ်။
anti-lock braking system အပါအဝင် ဂျပန်နိုင်ငံမှ ဘေးကင်းရေးစံနှင့်အညီ အတိအကျ လိုက်နာပြီး ထုတ်လုပ်ပေးထားပါတယ်။ လိုအပ်တာမှန်သမျှ ထည့်ပေးထားပြီး မလိုအပ်တာမှန်သမျှ ဖယ်ထားပါတယ်။ ဥပမာအားဖြင့် ယာဉ်တွင် ပါကင်ဘရိတ်မပါသောကြောင့် ဂီယာထိုးဖို့ "ပါကင်" "P" မပါပါ။ လေအေးပေးစက်မှာ ပန်ကာလေမှုတ်ပေးတာ အတိုးအလျော့ လုပ်ဆောင်ချက် ပါပေမဲ့ သာမိုစတက် မပါပါ။ ဆောင်းရာသီမှာ လေပူ ထုတ်ခိုင်းလို့ ရပေမဲ့ အပူအတိုးအလျော့ ချိန်ဖို့ လုပ်ဆောင်ချက် မပါပါ။
တရုတ်ပြည်မှ လုပ်ငန်းတစ်ခုထံ ကန်ထရိုက်ပေးပြီး ထုတ်လုပ်ပါတယ်။ ကုန်ကျစရိတ်ကို ယန်း ၄ သန်းအောက်ဖြင့် ထုတ်လုပ်ပါတယ်။ ဂျပန်မှာ ထုတ်လုပ်ရင် အနည်းဆုံး ယန်း ၁၀ သန်း ကုန်ကျပါလိမ့်မယ်။ SBS က စမ်းသပ်မှု ရလဒ်များအပေါ် အားရကျေနပ်တာကြောင့် လျှပ်စစ်ဗင်ကားများ ထုတ်လုပ်ပေးဖို့ Folofly ထံ အော်ဒါပေးအပ်ပါတယ်။ လက်ရှိသုံးစွဲနေတဲ့။ ဓာတ်ဆီအင်ဂျင် ကုန်တင်ဗင်များကို လျှပ်စစ်ကုန်တင်ဗင်များဖြင့် အစားထိုးမှာ ဖြစ်ပါတယ်။ စက်တင်ဘာလမှစ၍ Folofly ထံမှ လျှပ်စစ်ဗင်ကားများ စတင်ဝယ်ယူပါမယ်။ စီးရေ ၁၀,၀၀၀ အထိ ဝယ်ယူမှာ ဖြစ်ပါတယ်။ SBS က ကုန်စည်ပို့ဆောင်မှုအတွက် လျှပ်စစ်ကားအမြောက်အမြားကို သုံးစွဲတဲ့ ပထမဆုံး ဂျပန်ေလာ့ဂျစ္စတစ်ကုမ္ပဏီ ဖြစ်လာပါလိမ့်မယ်။
Telegram Channel ---> https://t.me/Guid4U
Source: Asia Nikkei
#MyanmarAutomobileGuide