ယာဉ်မတော်တဆမှု အသက်အန္တရာယ် ကင်းရှင်းရေးအချက်များတွင် လူများ သတိမမူ ဖြစ်တတ်တဲ့ အရာကတော့ ထိုင်ခုံခါးပတ်ပဲဖြစ်ပါတယ်။
ထိုင်ခုံခါးပတ်ဟာ ယာဉ်မတော်တဆမှုများတွင် အသက်သေဆုံးမှုနှုန်း၊ ဒါဏ်ရာပြင်းထန်စွာရရှိနူန်းများကို လျှော့ချပေးနိုင်တဲ့ အဓိကအချက်တစ်ခု ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာဆိုရင် ထိုင်ခုံခါးပတ်ဟာ ပြည်သူ ၁၀,၀၀၀ ကျော်ရဲ့ အသက်ကို နှစ်စဉ် ကယ်တင်ပေးနေတာဖြစ်ပါတယ်။
ဝမ်းနည်းစရာကောင်းတဲ့ အချက်ကတော့ ယနေ့ထိအောင် ယာဉ်မတော်တဆမှုများနှင့် နှစ်စဉ် လူပေါင်းများစွာ သေဆုံးနေတာပါပဲ။
ကားတစ်စီးဟာ အရှိန်တစ်ခုနှင့် မောင်းနေရာက တစ်ခုခုနှင့် တိုက်မိပါက ယာဉ်ထဲမှာပါလာတဲ့ လူကလဲ အဲဒီအရှိန်နှင့် ဆက်ရွေ့လျားပါတယ်။
ထိုင်ခုံခါးပတ်ပတ်မထားတဲ့ လူတွေက အဲဒီအရှိန်နှင့်ပဲ ကားလက်ကိုင်စတီယာရင်၊ ကားမှန်၊ ကားအတွင်းက ပစ္စည်းတွေနှင့် တိုက်မိခိုက်မိပါတယ်။
ထိုင်ခုံခါးပတ်ဟာ ယာဉ်မတော်တဆမှုများအတွက် အကောင်းဆုံး ကာကွယ်မှုတစ်ခုပါပဲ။ ယာဉ်တိုက်မှုကြောင့် ဖြစ်လာတဲ့ ထိခိုက်ခံစားရမယ့် အားအရှိန် အန္တရာယ်တွေရန်က လူ့ခန္ဓာကိုယ်ရဲ့ တင်ပါး၊ ပုခုံး၊ ရင်အုပ် စတဲ့ အစိပ်အပိုင်းတွေကို ထိန်းချုပ်ခြင်းနှင့် ကာကွယ်ပေးဖို့ ပုံစံထုတ်ထားတာဖြစ်ပါတယ်။
လူကို ထိုင်ခုံတွင် မြဲမြံစွာ ရှိစေခြင်းနှင့် မျက်နှာ၊ ခေါင်း၊ ရင်အုပ်တွေနှင့် ကားမှန်၊ ဒက်ရှ်ဘုတ်၊ ကားအတွင်းပိုင်းတစ်ခုခု သို့မဟုတ် ကားပေါ်ပါလာသူအချင်းချင်း ပြင်းထန်စွာ ထိခိုက်မိခြင်း မရှိအောင် ကာကွယ်ပေးပါတယ်။
ရှေ့ခုံတွင် ထိုင်သူ ၄၅% ကို အသက်ဆုံးရှုံးမှုက ကာကွယ်ပေးပြီး ၅၀% ကို ဒါဏ်ရာပြင်းထန်စွာ ရရှိခြင်းမှ ကာကွယ်ပေးပါတယ်။
နောက်ခုံတွင် ထိုင်သူ ၇၃% ကို အသက်ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ကားပေါ်ပါလာသူများကို ယာဉ်အပြင်ကို လွှင့်စင် ထွက်ကျမသွားအောင်လဲ ထိန်းချုပ်ပေးပါတယ်။
ကားမတော်တဆမှုတွင် ယာဉ်အပြင်ကို ထွက်ကျသွားသူ ၇၇% ဟာ အသက်ဆုံးရှုံးမှု ဖြစ်ပါတယ်။
တစ်နာရီကို မိုင်၃၀နူန်းနှင့် မောင်းလာတဲ့ ကားတစ်စီးဟာ တစ်စုံတစ်ခုနှင့် တိုက်မိလို့ ရပ်တန့်သွားတယ် ဆိုပေမယ့် ကားပေါ်ပါလာတဲ့ လူက တစ်နာရီကို မိုင်၃၀နူန်းနှင့် အရှေ့ကို ဆက်လက်ရွေ့ပါတယ်။
အဲဒီအရှိန်ဟာ လူတစ်ယောက် ၃ထပ်တိုက် တစ်တိုက်ပေါ်က မြေပြင်ပေါ်ကို ပြုတ်ကျတဲ့ အရှိန်နဲ့ တူညီပါတယ်။ ထိုင်ခုံခါးပတ် ပတ်မထားတဲ့ လူဟာ ၃ထပ်တိုက် တစ်တိုက်ပေါ်က ပြုတ်ကျသတဲ့သို့ ထိခိုက်ဒါဏ်ရာရနိုင်တယ်ဆိုတဲ့ သဘောပါ။
ထိုင်ခုံခါးပတ် ပတ်သင့်တဲ့ အချက် ၄ ချက်
(၁) ထိုင်ခုံခါးပတ်ဟာ ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ သင့်ကို အသက်ဆုံးရှုံးမည့်ဘေးအန္တရာယ်မှ ကာကွယ်ပေးပါတယ်။
(၂) ထိုင်ခုံခါးပတ်ဟာ ယာဉ်မတော်တဆမှု ဖြစ်စဉ်မှာ သင့်ကို ဒါဏ်ရာပြင်းထန်စွာ ရမည့် ဘေးအန္တရာယ်မှ ကာကွယ်ပေးပါတယ်။
(၃) ထိုင်ခုံခါးပတ်သာ ပတ်ထားခဲ့ကြရင် ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ်သေဆုံးနေကြတဲ့ လူထောင်ပေါင်းများစွာဟာ အခုအချိန်ထိ သက်ရှိထင်ရှား ရှိနေကြမှာ ဖြစ်ပါတယ်။
(၄) ထိုင်ခုံခါးပတ် ပတ်တာ လွယ်လွယ်လေးပါ။ ၃စက္ကန့်သာ ကြာပါတယ်။
ခရီးမသွားမီ ထိုင်ခုံခါးပတ်ကို စစ်ဆေးသင့်ပါတယ်။ ထိုင်ခုံခါးပတ်ဟာ ဆွေးမြည့်နေတာမျိုး၊ ချုပ်ရိုးတွေ ပြုတ်ထွက်နေတာမျိုး၊ ခါးပတ်ပြားက ပြတ်နေတာ၊ ပေါက်ပြဲနေတာမျိုးတွေ ရှိနိုင်ပါတယ်။ သက်တမ်းရင့်တဲ့ မော်တော်ယာဉ်များ ဖြစ်ပါက ပိုမိုဂရုတစိုက် စစ်ဆေးရပါမယ်။
ကားအသက်ကယ်လေအိတ်များဟာ အရှေ့က ဝင်တိုက်မှသာ ပွင့်တာမို့ မိမိကားကို ဘေးမှ ဝင်တိုက်တာ၊ ကားလှိမ့်သွားတာမျိုးမှာ ထိုင်ခုံခါးပတ်ကသာ ယာဉ်ပေါ်ပါသော လူများရဲ့ အသက်ကို ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
အကောင်းဆုံးကတော့ ကားထဲဝင်ထိုင်လိုက်တာနှင့် ဘာတစ်ခုမှ မလုပ်သေးခင် ထိုင်ခုံခါးပတ်ကို တန်းပြီး ကောက်တပ်တဲ့ အလေ့အကျင့်ရအောင် လုပ်ထားသင့်တယ်လို့ ယာဉ်မတော်တဆမှု ဘေးအန္တရာယ်ကင်းရှင်းရေး ပညာရှင်တွေက အကြံဉာဏ်ပေးကြပါတယ်။