၃ စက္ကန့် ခွာမောင်းပါ


ရှေ့ကားနဲ့ ဘယ်လောက်ဝေးဝေး ခွာမောင်းရမလဲ။
ဘာလို့ ခွာမောင်းခိုင်းရတာလဲ။
ရှေ့ကားကို ကပ်မလိုက်ဘဲ ခပ်ခွာခွာမောင်းတော့ ရှေ့မှာ တစ်ခုခု ဖြစ်ရင် တုံ့ပြန်ဆောင်ရွက်ဖို့အတွက် အချိန်ရဖို့အတွက် ရှေ့ကားကို ခွာမောင်းခိုင်းတာ ဖြစ်ပါတယ်။
ရှေ့ကားကို ကပ်လွန်းရင် အန္တရာယ် ရှိတယ်။ ရှေ့ကားက ရုတ်တရက် ဘရိတ်ဆောင့်အုပ်ပြီး ရပ်ချလိုက်ရင် နောက်ကားအဖို့ အချိန်မီ မရပ်နိုင်ရင် ဝင်တိုက်မိလိမ့်မယ်။ ဒီတော့ ကပ်မလိုက်တာကို အကျင့်လုပ်ထားပါ။ မြို့တွင်းလမ်းတွေမှာ ကားတွေ ကျပ်နေရင်တော့ တစ်ဘီးချင်း လှိမ့်နေကြရတာမို့ ကပ်လိုက်တာ အကြောင်း မဟုတ်ဘူးဆိုပေမဲလည်း ကားနောက်ပိုင်း နမ်းမိတာတွေ ဖြစ်ပွားလေ့ ရှိပါတယ်။ 

ခွာမောင်းတာတော့ ဟုတ်ပါပြီ။ ဘယ်လောက်ဝေးဝေး ခွာရမလဲ။ 
တစ်နာရီ ၄၀ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနေရင် ၃၅ မီတာ ခွာမောင်းဖို့ ယေဘုယျ သတ်မှတ်ချက် ရှိပါတယ်။ ၄၀ ကီလိုမီတာထက် ပိုမြန်နေရင် ပိုဝေးဝေးခွာမောင်းရမှာ ဖြစ်ပြီး ၄၀ ကီလိုမီတာထက် နှေးနေရင် ဆန္ဒရှိပါက ပိုနီးနီး ခွာမောင်းလို့ရတယ်။ 
အဲဒီ ၃၅ မီတာ အကွာအဝေးကို ဘယ်လို သိနိုင်မလဲ။ ဆင်းတိုင်းလို့လည်း မရ။


အဲဒီအတွက် ၂ စက္ကန့် စည်းမျဉ်း၊ ၃ စက္ကန့် စည်းမျဉ်း ဆိုတာတွေ ရှိပါတယ်။ 

အရိုးရှင်းဆုံးနည်းလမ်းဖြင့် ရှေ့ကားနဲ့ ဘေးကင်းစေတဲ့ အကွာအဝေး ထားပြီး မောင်းနှင်ဖို့ တိုင်းတာတဲ့အခါ အလျားကို ကားပေါ်က ဆင်းပြီး တိုင်းဖို့ဆိုတာ မဖြစ်နိုင်တော့ အချိန်နဲ့ပဲ တိုင်းတာကြပါတယ်။
အဲဒါကြောင့်၂ စက္ကန့် စည်းမျဉ်း၊ ၃ စက္ကန့် စည်းမျဉ်း လို့ ခေါ်ကြတာ ဖြစ်ပါတယ်။
အကောင်းဆုံးက ၃ စက္ကန့် စည်းမျဉ်း ဖြစ်လို့ ၃ စက္ကန့်စည်းမျဉ်းကို တင်ပြပေးပါမယ်။ လုပ်ပုံကိုင်ပုံတွေကတော့ ၂ စက္ကန့်နဲ့  ၃ စက္ကန့် အတူတူပါပဲ။

ရှေ့ကားက လမ်းဘေးမှ အမှတ်အသားပြုလို့ ရတဲ့အရာ တစ်ခုခုကို ဖြတ်သွားပြီးခဲ့အခါ စိတ်ထဲမှာ ၁ ၂ ၃ ဆိုပြီး ရေတွက်ပါ။ လက်ဝှေ့ပွဲမှာ ဒိုင်လူကြီး ရေတွက်သလိုမျိုး ဖြည်းဖြည်းမှန်မှန် ရေတွက်ပါ။ ကြာချိန် ၃ စက္ကန့်ကို ရေတွက်တာ ဖြစ်ပါတယ်။ 
သင်မောင်းလာတဲကားကလည်း အဲဒီလမ်းဘေး အမှတ်အသားကို ၃ လို့ ဆိုပြီးတဲ့နောက်မှ ရောက်တယ်ဆိုရင် ရှေ့ကားနဲ့ သင့်ကား ကြားမှာ ရှိတဲ့  အကွာအဝေးက  ဘေးကင်းတဲ့ အကွာအဝေး ဖြစ်ပါတယ်။ 

မိုင်နှုန်းအရ အချိန် ၃ စက္ကန့် အကွာအဝေးက 
တစ်နာရီ ကီလိုမီတာ ၄၀ နဲ့ မောင်းနေကြရင် ၅၄ မီတာ ဝေးကွာတယ်။
တစ်နာရီ ကီလိုမီတာ ၆၀ နဲ့ မောင်းနေကြရင် ၆၀ မီတာ ဝေးကွာပါတယ်။ 

၁ ၂ ၃ လို့ ရေတွက်တာကတော့ အတူတူပါပဲ။ မောင်းနေကြတဲ့ အမြန်နှုန်း ပိုမြန်ရင် ပိုဝေးသွားမယ်။ ပိုနှေးရင် ပိုနီးသွားမယ်။ အနှေးအမြန်အရ အကွာအဝေး အတိုးအလျှော့ လုပ်ပေးပြီးသား ဖြစ်နေစေတယ်။
တစ်ခု သတိပြုရမှာကတော့ ရှေ့ကားနောက်မှာ ပါလာရင်း နှစ်စီးကြား အကွာအဝေး အတိုးအလျှော့ များများစားစား မကစားနေစေဘဲ နှစ်စီး အမြန်နှုန်း အတူတူလောက် ဖြစ်အောင် ထိန်းမောင်းထားရင်း ၁ ၂ ၃ ကို ရေတွက် ရမှာ ဖြစ်ပါတယ်။ 

သာသာယာယာ ခြောက်ခြောက်သွေ့သွေ့ လမ်းဖြောင့်ဖြောင့်ဖြူးဖြူးပေါ် မောင်းနေကြချိန်မှာ ကျင့်သုံးရတဲ့ ၃ စက္ကန့် စည်းမျဉ်း ဖြစ်ပါတယ်။ လမ်းအခြေအနေအရ သုံးစက္ကန့်ကို ထပ်တိုးသင့်ရင် တိုးပေးရမှာ ဖြစ်ပါတယ်။ 

မိုးတွေရွာနေလို့ ရှေ့ကို ကောင်းကောင်း မမြင်ရတဲ့အခါ၊ လမ်းရေစိုပြီး ချော်နေတဲ့အခါ စတဲ့ အခြေအနေမျိုးတွေမှာ ကားကို အမြန်နှုန်း လျှော့မောင်းကြရပြီး ရှေ့ကားနဲ့လည်း အကွာအဝေးကို ပိုလှမ်းလှမ်း ခွာပေးကြတယ်။ 
မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ နွား၊ ကျွဲ စတာတွေ တွေ့ရင်လည်း အကွာအဝေး ပိုခွာပေးရမှာ ဖြစ်ပါတယ်။ 
 

Read 2724 times