ရုရှားကားဈေးကွက် တရုတ်ကားများ ဈေးကွက် ဝေစု တိုး
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဂျာမနီအခြေစိုက် Volkswagen Group ၏ လက်အောက်ခံဖြစ်သော ချက်နိုင်ငံမှ ကားထုတ်လုပ်သူ Skoda Auto သည် ရုရှားမှာ ကားများ ထုတ်လုပ်ခဲ့ရာမှ ယခုအခါ ရုရှားမှ ထွက်ခွာရန် ရုရှားရှိ ၎င်း၏ ပိုင်ဆိုင်မှုများကို ရုရှားကုမ္ပဏီထံ ရောင်းချရန် စီစဉ်ဆောင်ရွက်နေသည်မှာ နောက်ဆုံးအဆင့်တွင် ရောက်ရှိနေပြီ ဖြစ်သည်။
အနောက်တိုင်း ကားထုတ်လုပ်သူများ အစုအပြုံလိုက် ထွက်ခွာသွားခြင်းကြောင့် ရုရှားမှာ ကားဝယ်စီးသူများအတွက် ရွေးချယ်စရာများ ကျဉ်းမြောင်းလာသည်။
ဈေးကွက်ထဲ အနောက်တိုင်းမှ Renault ၊ Nissan ၊ Mercedes အစရှိသည့် ကား brand များ မရှိတော့သဖြင့် လစ်ဟာနေသည်ကို တရုတ်ကားအမှတ်တံဆိပ်များ နေရာဝင်ယူကြသည်။
တရုတ်ကားများက ဈေးကောင်း ရကြသည့်အပြင် ဈေးကွက်ဝေစုကိုလည်း ရရှိကြသည်။
Haval ၊ Chery ၊ Geely အစရှိသည့် တရုတ် ကား brand များသည် ရုရှားကားအသစ်ဈေးကွက်တွင် ဈေးကွက်ဝေစု ၄၀% နီးပါးအထိ ရရှိကြသည်ဟု ဒေတာဆန်းစစ်ရေးလုပ်ငန်း Autostat နှင့် အတိုင်ပင်ခံလုပ်ငန်း PPK တို့က အချက်အလက် ထုတ်ပြန်သည်။
၂၀၂၂ ဇန်နဝါရီ-ဖေဖော်ဝါရီတွင် ရုရှားမှ ထွက်ခွာကြသည့် ဥရောပ၊ ဂျပန်နှင့် ကိုရီးယား ကားအမှတ်တံဆိပ်များ၏ ရောင်းအားသည် ၇၀% မှ ၂၂.၆% သို့ ကျဆင်းသွားသည်။
တရုတ်ကားအမှတ်တံဆိပ်များ၏ ဈေးကွက်ဝေစု ၁၀% မျှသာ ရှိခဲ့ရာမှ ယခုအခါ ၄၀% ဝန်းကျင်အထိ မြင့်တက်လာသည်။
ပြည်တွင်း ကားထုတ်လုပ်သူ Avtovaz ၏ Lada ကားအမှတ်တံဆိပ်သည် ရေပန်းအစားဆုံး ဖြစ်နေသည်။ ယခင်က Avtovaz တွင် Renault က ထိန်းချုပ်ထားသည့် ရှယ်ယာများ ပိုင်ဆိုင်သည်။ Lada သည် ယူကရိန်းစစ်ပွဲ မစခင်ကတည်းက ဈေးကွက်ဝေစု အများဆုံး ရထားသည်။
တရုတ်နိုင်ငံမှ Haval က ရုရှားတွင် ကားထုတ်လုပ်ရောင်းချသည်။
ဆိုဗိယက်ယူနီယံ ကွန်မြူနစ်ခေတ်က ရုရှားကား Moskvich ကို တရုတ်မှ JAC နှင့် ပူးပေါင်းလုပ်ကိုင်ပြီး ထုတ်လုပ်သည်။ အင်ဂျင် အစိတ်အပိုင်းများ၊ ဒီဇိုင်း၊ အင်ဂျင်နီယာအပိုင်းတို့ကို JAC က ပေးအပ်သည်။
Moskvich ရောင်းဈေးက Lada ထက် မြင့်သည်။ Moskvich model 3 ရောင်းဈေးမှာ ရူဘယ် ၂ သန်း ($26,195) ဖြစ်ပြီး ရုရှားမှာ အရောင်းရဆုံး ကားမော်ဒယ် Lada Granta ရောင်းဈေးမှာ ၆၈၀,၀၀ ရူဘယ် ဖြစ်သည်။
ထိုသို့ ဈေးကွက်ဝေစု မြင့်တက်သော်လည်း ရုရှားမှ ကားဝယ်စီးသူများသည် တရုတ်ကားများ၏ အရည်အသွေးကို စိတ်ချလက်ချ မဖြစ်ကြသေးဘဲ သံသယ ရှိကြဆဲ ဖြစ်သည်။ အနောက်တိုင်းမှ ကားများကို တရုတ်ကားများက အရည်အသွေးအရ မယှဉ်သာဟု ယူဆထားကြသည်။
စျေးကွက်ဝေစု တိုးမြင့်လာသည်နှင့်အမျှ တရုတ်ကားကုမ္ပဏီများသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် လိုအပ်ကြောင်း ကားလုပ်ငန်းကဏ္ဍ ကျွမ်းကျင်သူများက ပြောကြားကြသည်။
ရုရှားမှာ နေထိုင်သည့် အသက် ၇၄ နှစ် ရှိသူ အလက်ဇန်းဒါးက အနောက်တိုင်းကားကို ဝယ်ဖို့ မရနိုင်သဖြင့် တရုတ်ကားကိုသာ ဝယ်စီးရသည့်အခါ အနောက်တိုင်းမှ ဆွီဒင်နည်းပညာကို လွှမ်းခြုံထားတဲ့ တရုတ်ကားကို ရွေးချယ်ခဲ့ပါသည်။
"Geely ရဲ့ Tugella မှာ Volvo အင်ဂျင် ထိုင်ထားလို့ Tugella ကို ဝယ်စီးဖြစ်တယ်" ဟု သူက ပြောသည်။
"တရုတ်ကားတွေက အချိန်တန်ရင် ယုံကြည်စိတ်ချရမှု တိုးတက်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု သူက ပြောသည်။
ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ရုရှားမှ ကားသုံးသူများ ယုံမှတ်ထားသည်မှာ ခေတ်မမီတော့ဟု ပြောကြားသည်။
"သူတို့ရဲ့ ဒီဇိုင်းတချို့ကို ကျွန်တော်တို့ ရယ်မောခဲ့ဖူးပေမယ့် ပြည်တွင်းမှာ ထုတ်လုပ်တဲ့ တရုတ်ကားတစ်စီး ကျွန်တော် မောင်းကြည့်တယ်။ ကျွန်တော် ပြတ်ပြတ်သားသား ပြောမယ်။ ကျွန်တော် မောင်းတဲ့ကားက မဆိုးပါဘူး" ဟု ပြောကြားသည်။
၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ရုရှားမှာ စက်ရုံများ စတင်တည်ဆောက်၍ ကားများ ထုတ်လုပ်ပြီး ပြည်တွင်းကားထုတ်လုပ်သူများနှင့် စျေးကွက်ဝေစုအတွက် တိုက်ပွဲဝင်ခဲ့သော အနောက်တိုင်းကားထုတ်လုပ်သူ အများစုသည် ပြီးခဲ့သော နွေဦးရာသီတွင် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခဲ့ကြသည်။
"ကျွန်တော်တို့ ဥရောပ၊ ဂျပန်၊ အမေရိကန် ကားအမှတ်တံဆိပ်များကို အာရုံစိုက်ပြီး တစ်ဘဝလုံး နေထိုင်ခဲ့ကြရာက အထူးသဖြင့် တရုတ်ကားတွေ ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ဘဲ အခုတော့ တရုတ်ကားတွေက မယုံနိုင်စရာ မြန်မြန်ဆန်ဆန်ဖြင့် ဈေးကွက်ဝေစုတွေ ရကုန်ကြတယ္" ဟု Mercedes-Benz နှင့် Geely ကားအမှတ်တံဆိပ်များကို အထူးပြုလုပ်ကိုင်သည့် ကားအရောင်းလုပ်ငန်း Altair-Auto မှ အထွေထွေ ဒါရိုက်တာ Vladimir Shestak က ပြောကြားသည်။
အနောက်တိုင်း ကားလုပ်ငန်းများ ရုရှားမှ ထွက်ခွာကြသော်လည်း အချို့ကားအရောင်းလုပ်ငန်းများတွင် ကားလက်ကျန်များ ကျန်ရှိနေသေးသည်။ ပြည်ပမှ တင်သွင်းထားသည်များလည်း ရှိနေသည်။
ရုရှား ကားအသစ်ဈေးကွက်သည် ၂၀၂၂ တွင် ရောင်းအား ၅၈.၈% ကျဆင်းခဲ့သည်။ စစ်ပွဲကြောင့် ကားအသစ် ဝယ်ယူဖို့ လက်တွန့်နေကြသည်။ အသစ်မဝယ်သေးဘဲ တစ်ပတ်ရစ်ကားများ ဝယ်ကြသည်။
($1 = 76.3500 roubles)
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U