ရုရှားမှာ အလုပ်ရပ်ထားတဲ့ ပြည်ပစက်ရုံများကို ပြည်သူပိုင်သိမ်းမည်ဟုပြောကြား
ရုရှားအာဏာရပါတီမှ အဆင့်မြင့်ပါတီဝင်တစ်ဦးက ရုရှားမှ အလုပ်ရပ်ဆိုင်းထားတဲ့ ပြည်ပကုမ္ပဏီပိုင်စက်ရုံများကို ပြည်သူပိုင် သိမ်းဖို့ အဆိုပြုထားပါတယ်။
United Russia ဝဘ်ဆိုက်မှာ ကြေညာချက်တစ်ခု ဖော်ပြထားတာမှာ အာဏာရပါတီ အထွေထွေကောင်စီ အတွင်းရေးမှူး Andrei Turchak က အလုပ်ပိတ်ထားတာဟာ ရုရှားနိုင်ငံသားတွေ ဒုက္ခရောက်အောင် စစ်ပွဲဆင်နွှဲခြင်းလို့ ပြောကြားကြောင်း တင်ပြထားပါတယ်။
အလုပ်ပိတ်ထားကြောင်း ကြေညာကြတာမှာ ဖင်လန် ပုဂ္ဂလိကပိုင် စားသောက်ကုန် ကုမ္ပဏီများ ဖြစ်ကြတဲ့ Fazer, Valio နှင့် Paulig တို့ဟာ ယခုနောက်ဆုံး ထုတ်ပြန်ခဲ့ကြတဲ့ ကုမ္ပဏီများ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရုရှားမှ ထွက်ခွာသည့် ကုမ္ပဏီများ ကျန်ရစ်သည့် ပိုင်ဆိုင်မှုများကိုလည်း ပြည်သူပိုင်သိမ်းဖို့ အဆိုပြုထားပါတယ်လို့ Turchak က ပြောကြားပါတယ်။
ပြင်းထန်လွန်းတဲ့ အရေးယူဆောင်ရွက်ချက် ဖြစ်ပေမဲ့ ကျွန်ုပ်တို့ကို နောက်ကျောမှ ဓားဖြင့်ထိုးတာကို သည်းမခံနိုင်ကြောင်းနှင့် ပြည်သူလူထုကို ကာကွယ်ပေးရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။
ရုရှားကို စစ်တိုက်ခြင်း မဟုတ်သော်လည်း ကျွန်ုပ်တို့၏ နိုင်ငံသားများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း Turchak က ပြောကြားပါတယ်။
"စစ်ဥပဒေတွေနဲ့အညီ တင်းတင်းကျပ်ကျပ် လက်တုံ့ပြန်တဲ့ အစီအမံတွေကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” လို့ Turchak က ပြောကြားခဲ့ပါတယ်။
ရပ်ဆိုင်းထားတဲ့ ပြည်ပကုမ္ပဏီများမှာ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံများလည်း ပါဝင်ပါတယ်။
Volkswagen, Toyota, Ford နှင့် Hyundai တို့က စက်ရုံများကို ယာယီရပ်ဆိုင်းထားကြပါတယ်။ စက်ရုံအတွက်ပေးပို့တဲ့ ပစ္စည်းတွေ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲကြောင့် ရောက်မလာတော့လို့ အလုပ်ရပ်နားထားပါတယ်။